နိုင်ငံ အနှံ့အပြား တောရော မြို့ပေါ်မှာပါ မြင်နေကျ ငှက်တမျိုး ဖြစ်တဲ့ ကျီးကန်းတွေရဲ့ အမွေးအတောင်တွေက မည်းမည်းနက်၊ အသံတွေက မသာမယာ ဖြစ်နေတာကြောင့် သူတို့ကို လူတွေက နှစ်သက်မှု အင်မတန်နည်းပါးပါတယ်။ ဗျိုင်းတွေမှာတော့ ဖြူဆွတ်တဲ့ အမွေးတွေရဲ့ အောက်မှာ မည်းနက်တဲ့ အသားတွေ တွေ့ရပြီး ကျီးကန်းတွေမှာတော့ မည်းနက်နေတဲ့ အမွေးတွေရဲ့ အောက်မှာ ဖြူဆွတ်နေတဲ့ အသားကို တွေ့ရပါတယ်။
ကျီးကန်းမှာ တောကျီးကန်းနဲ့ မြို့ကျီးကန်း ဆိုပြီး ၂ မျိုးရှိပါတယ်။ တောကျီးကန်းက ကိုယ်ထည် ပိုကြီးပြီး ယေဘုယျ အားဖြင့်တော့ ရင်အုပ်နဲ့ လည်ပင်းနားတွင် မွဲခြောက်ခြောက် အမွေးတွေ ရှိတတ်ပါတယ်။
အခု ပြောပြချင်တာက ကျီးကန်းတွေရဲ့ စရိုက်သဘာဝနဲ့ အသိုက်အဝန်းအပေါ် ချစ်ခြင်းမေတ္တာ ဘယ်လိုထားတယ် ဆိုတဲ့ အကြောင်းပါ။ ကျီးကန်းတွေဟာ မျက်စိလျင်ပြီး အလစ်သုတ် လုယက်တတ်ပါတယ်။ သူတို့ဟာ စားကြွင်းစားကျန်၊ တီကောင်၊ ကြွက်ငယ်နဲ့ အသေကောင်တွေကို ရှာဖွေ စားသောက်တတ်ကြပါတယ်။
သူတို့ အုပ်စုဖွဲ့ နေထိုင်တဲ့ နေရာကို တခြား အန္တရာယ်ရှိမယ့် စွန်၊ ဇီးကွက်၊ သိန်းငှက် စတဲ့ အကောင်တွေ ရောက်လာရင်လည်း အုပ်စုလိုက် ဝိုင်းဝန်းထိုးဆိတ် မောင်းထုတ် လေ့ရှိတယ်။ ကျီးတကောင် သေရင်တော့ အားလုံးက ဝိုင်းအာကြလေ့ ရှိတယ်။ သူတို့ရဲ့ အသိုက်ကို အပင်မြင့်တွေမှာ ပြုလုပ်လေ့ ရှိပါတယ်။
သို့ပေမယ့် သူတို့ဟာ အသိုက်ဆောက်ဖို့ ကျွမ်းကျင်သူတွေ မဟုတ်ဘဲ သစ်ကိုင်းခြောက်တွေ၊ တုတ်ချောင်းတွေ၊ ကိုင်းမြက်ပင်တွေနဲ့ အသိုက်ဆောက်တတ် ကြတယ်။ မြို့ပြတွေမှာတော့ တခါတရံ သံချေးတက်နေတဲ့ သံနန်းကြိုးတွေ၊ ပလပ်စတစ် အကျႌချိတ် အကျိုးတွေနဲ့ သူတို့ရဲ့ အသိုက်ကို ဆောက်တတ်ကြတယ်။
ကျီးကန်းတွေရဲ့ ဥက ကြက်ဥလို ရှည်မျောပြီး အခွံက မာကျောတဲ့ အပြင် အနီပြောက် အညိုပြောက်များ ပါရှိပါတယ်။ သို့ပေမယ့် ကြက်ဥထက် သေးငယ်ပါတယ်။
တောကျီးကန်း အသံက ပိုပြီး သြရှရှ နိုင်ပြီး၊ မြို့ကျီးကန်းတွေရဲ့ အသံက အားလုံးကြားနေကျ အသံအတိုင်း ဖြစ်ပါတယ်။ ကျီးကန်းကို မြန်မာနိုင်ငံနဲ့ အာရှတိုက် အရှေ့ပိုင်း နိုင်ငံတွေမှာ အများဆုံးတွေ့ရပြီး တခါတရံမှာတော့ ဆွတ်ဆွတ်ဖြူနေတဲ့ ကျီးကန်းတချို့ကိုလည်း တွေ့ရတတ်ပါတယ်။
သူတို့ရဲ့ မျိုးပွားပုံကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကျီးကန်းမက ၃ နှစ်သားမှာ အရွယ်ရောက်ပြီး၊ ကျီးကန်းအဖို ကတော့ ၅ နှစ်သားမှ အရွယ်ရောက်ပါတယ်။ ကျီးကန်းအမနဲ့ အဖိုတို့ဟာ အသိုက်ကို အတူတကွ တည်ဆောက်ကြပြီး ဥကို ၃ လုံးကနေ ၉ လုံးထိ ဥတတ်ပါတယ်။ အသိုက်ထဲမှာ ရက် ၂၀ မှ ၄၀ ထိ နေရလေ့တယ်။
ကျီးကန်းတွေဟာ ဘဝ တသက်တာလုံး ကြင်ဖော်နဲ့သာ တူတွဲ နေထိုင်ကြသလို ယခင်နှစ်က ပေါက်ခဲ့တဲ့ ကျီးသားငယ်တွေ ကလည်း အသိုက်ကို ဝိုင်းဝန်း စောင့်ရှောက်ပေးတတ်ပါတယ်။ ဥက ပေါက်ခါစ အသိုက်နေ ကျီးပေါက်လေးတွေကို အစာ ကျွေးရာမှာ ကူညီကြပါ သတဲ့။
တချို့ကျီးကန်းတွေက နှစ်ပေါင်း၂၀ အထိ နေနိုင်ကြပြီး၊ တောတွင်းဘဝမှာ အသက်အရှည်ဆုံး ဖြစ်တဲ့ အမေရိကန် ကျီးကန်းက နှစ် ၃၀ နီးပါး ရှည်ပါတယ်။ မှတ်တမ်းတင်များအရ လှောင်ချိုင့်နဲ့ မွေးမြူထားတဲ့ အသက်အကြီးဆုံး ကျီးကန်းက အသက် ၅၉ မှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
Ref: – လှသမိန် ၏ ဗဟုသုတစွယ်စုံ၊ မြန်မာ့စွယ်စုံကျမ်းနှင့် www.abc.net.au