စစ်ကိုင်းပြတ်ရွေ့ကြောနှင့် ပတ်သက်၍ မြန်မာနိုင်ငံ မြေငလျင်ကော်မတီ၊ မြေတိုင်းဦးစီးဌာနနှင့် စင်ကာပူ အခြေစိုက် ကမ္ဘာမြေ စောင့်ကြည့် လေ့လာရေးတို့ ပူးပေါင်းပြီး လာမည့် ယခုလမှ စတင်ကာ နှစ်ပတ်ကြာ ပူးပေါင်းလေ့လာ မည်ဖြစ် သည်။
အင်အားကြီး ငလျင်များ လှုပ်ခတ်ခဲ့ဖူးပြီ သမိုင်းကြောင်းရှိသည့် စစ်ကိုင်းပြတ်ရွေ့ကြော(အင်းဝအပိုင်း) အား နှစ်ပေါင်း ၂၀၀ နီးပါး ငြိမ်သက်နေရာ ပြန်လည်လှုပ်နိုင်မည့် အလားအလာရှိ မရှိကို လေ့လာမည် ဖြစ်ကြောင်း မြေငလျင်ကော်မတီမှ ဒုဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က ဧရာဝတီသို့ပြောသည်။
“ဘယ်လောက်နှုန်းနဲ့ တနှစ်ကို ရွေ့နေလဲ၊ ဘယ်တော့လောက် လှုပ်နိုင်မလဲ၊ လှုပ်ခဲ့မယ်ဆိုရင် ပြင်းအား ဘယ်လောက်နဲ့ လှုပ်နိုင်သလဲ။ ဘယ်လိုနေရာကနေ လှုပ်နိုင်သလဲ ဘယ်လောက်ကီလိုမီတာ အနက်က နေ လှုပ်နိုင်သလဲ ဆိုတဲ့ သတင်း အချက်အလက်တွေကို ရှာဖွေလေ့လာတဲ့ သဘောပါ”ဟု ၎င်းက ဆိုသည်။
မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ်မှ နေပြည်တော်အထိ ရှိသည့် စစ်ကိုင်းပြတ်ရွေ့ကြော (အင်းဝအပိုင်း)တလျှောက် တွင် ပြတ်ရွေ့ကြောကြီးများ၏ လှုပ်ရှားမှုအခြေအနေနှင့် အတိတ်ကာလက ငလျင်အခြေအနေများကိုပါ လေ့လာမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
စစ်ကိုင်းပြတ်ရွေ့ကြော(အင်းဝအပိုင်း)သည် ၁၈၃၉ ခုနှစ် ပြင်းအား ၇.၅ အထက်ရှိသည့် အင်းဝငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး နောက်ပိုင်း နှစ်ပေါင်းရာချီ ငြိမ်သက်နေခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ မြောက်ပိုင်း ပူတာအိုမှ စစ်ကိုင်း ၊ မန္တလေး ၊ တောင်ငူ ၊ ပျဉ်းမနား၊ ပဲခူး ၊ ရန်ကုန် စသည့်မြို့များ အနီးမှ ဖြတ်သန်းကာ သုံးခွမြို့နယ်ထဲမှ နေ၍ အက်ဒမန်ပင်လယ်အတွင်းသို့ ဝင်ရောက် သွားသော ကီလိုမီတာ ၁၀၀၀ ရှည်လျားသည့် စစ်ကိုင်းပြတ်ရွေ့ကြောသည် နှစ်ပေါင်း ၁၀၀ ဝန်းကျင်တွင် ငလျင်ကြီးများ လှုပ်ခတ်လေ့ရှိကြောင်း သမိုင်းမှတ်တမ်းများ အရသိရသည်။
၁၉၃၀ ခုနှစ်က လှုပ်ခတ်ခဲ့သည် ပဲခူးငလျင်၊ ၁၉၅၆ ခုနှစ်က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က စစ်ကိုင်းနှင့် ရွှေဘိုခရိုင်တို့ကို ဗဟိုပြုခဲ့သည့် အင်အား ၆.၈ ရစ်ချတ်တာ စကေးရှိ ငလျင်တို့ဖြစ်သည်။