Environment

မြန်မာ့ရေမြေထဲက ချစ်စရာ ငှက်ကလေးတွေ (၂)

Want create site? Find Free WordPress Themes and plugins.

မြန်မာ့ရေမြေထဲမှာ ကျက်စားနေထိုင်ကြတဲ့ ငှက်တွေကို ၁၉၈၄ ခုနှစ် နောက်ပိုင်းမှာ သစ်တောဦးစီးဌာနနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနက ပညာရှင်ဝန်ထမ်းတွေနဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ကွင်းဆင်း လေ့လာခဲ့ကြရာမှာ ရှေးယခင်က မတွေ့ခဲ့ဖူးတဲ့ ငှက်မျိုးစိတ်အသစ်တွေကို ထပ်မံ ဖော်ထုတ် မှတ်တမ်းတင်နိုင်ခဲ့ကြတယ် လို့ သိရပါတယ်။

၂၀ဝ၁ ခုနှစ်ကုန်အထိ မြန်မာနိုင်င ံတဝန်းလုံးမှာ တွေ့ရှိရတဲ့ ငှက်မျိုးစိတ်ပေါင်းဟာ ၁၀၃၅ မျိုး ဖြစ်ပြီး အဲဒီအထဲက ၇၅၆ မျိုးဟာ မြန်မာနိုင်ငံတွင်းမှာ အမြဲနေထိုင် ကျက်စားကြတဲ့ ဌာနေငှက်တွေ ဖြစ်ကြပြီး ကျန် ၂၇၉ မျိုးက ဆောင်းခိုငှက်တွေ ဖြစ်ကြပါတယ်။

မြန်မာနိုင်ငံရဲ့ နေရာဒေသ အမျိုးမျိုးမှာ ငှက်အမျိုးပေါင်း ၁၀ဝ၀ ကျော် နေထိုင်ကျက်စား နေကြတာမို့ နိုင်ငံအရွယ်အစားနဲ့ ငှက်အမျိုးအစားကို အချိုးချကြည့်လိုက်ရင် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ငှက်အမျိုးအစားအားဖြင့် အကြွယ်ဝဆုံး နိုင်ငံတခုလို့ ဆိုရမှာ ဖြစ်ပါတယ်။

အဲဒီလို ကြွယ်ဝခဲ့တဲ့ ငှက်မျိုးစိတ်တွေဟာ အစားအစာ ရရှိမှု၊ ရာသီဥတု အခြေအနေနဲ့ ပြောင်းလဲပျက်ယွင်းလာတဲ့ ဂေဟဗေဒစနစ် တွေကြောင့် တနေ့တခြား လျော့နည်း လာနေကြပြီး တချို့သော ငှက်တွေဟာ မျိုးသုဉ်းပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့ နီးနီးကပ်ကပ် ရင်ဆိုင်နေကြရပါတယ်။

ကြိုးကြာ (CRANES)

ကြိုးကြာငှက်ဟာ လူသိများ သလောက် အတွေ့ရနည်းတဲ့ ငှက်တမျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကြိးကြာမျိုးရင်းဝင် ငှက်မျိုးစိတ် ၃ မျိုး ရှိပြီး တမျိုးက ဌာနေငှက် ဖြစ်ပါတယ်။ ကိုယ်လုံးကိုယ်ထည်ကြီးမားပြီး အရပ်အမြင့် ၅ ပေ ဝန်းကျင်ရှိတဲ့ ငှက်ကြီးမျိုး ဖြစ်ပါတယ်။ ရွှံ့နွံထူထပ်တဲ့ နေရာဒေသတွေမှာ အနေများပြီး အများအားဖြင့် ဖိုမစုံတွဲ တွေ့ရတတ်ပါတယ်။ သူတို့အသံဟာ အင်မတန် သာယာ နာပျော်ဖွယ် ရှိတာကြောင့် သာယာတဲ့ အသံမျိုး ဆိုရင် ကြိုးကြာသံနဲ့ တင်စားတတ်ကြပါတယ်။

ကြိုးကြာငှက်တွေဟာ တကောင်နဲ့ တကောင်သိပ်ကို ချစ်ခင်ကြပြီး နားအတူ၊ ပျံအတူ၊ အစာစားရင်လည်း အတူတူ စားသောက် တတ်ကြပါတယ်။ တကောင်အသတ်ခံရတဲ့ အခါ ကျန်တဲ့ တကောင်ပါ ရင်ကွဲနာကျပြီး သေတဲ့ အထိ သံယောဇဉ်ကြီးကြတဲ့ ငှက်မျိုး လို့လည်း ဆိုရိုးရှိကြပါတယ်။

အစားအစာအနေနဲ့ ပိုးမွှားတွေ၊ ခရု၊ မြွေနဲ့ အသီးအရွက်တွေကို စားသုံးကြပါတယ်။ ရာသီအလိုက် အစာရေစာ ပေါများတဲ့ နေရာ ဒေသတွေကို ပြောင်းရွှေ့သွားလာ ကျက်စားတတ်ကြပြီး၊ အများအားဖြင့် အုပ်စုဖွဲ့ ပျံသန်းတတ်ကြပါတယ်။ မြေပြင်(သို့မဟုတ်) ရေတိမ်တွင် သစ်ရွက်များ၊ ကိုင်းရိုး ကျုရိုး ကောက်ရိုးများဖြင့် အသိုက် ဆောက်လုပ်တတ်ကြပြီး မိုးရာသီမှာ သားပေါက်တတ်ကြ ပါတယ်။ ကြိုးကြာငှက်တွေထဲက ကြိုးကြာခေါင်းနီ ငှက်တမျိုးဟာ မကြာခင်မှာ မျိုးသုဉ်းတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရ ပါတယ်။

ငဟစ်၊ ငဟစ်မွဲ (GREY HERON)

ကြိုးကြာငှက်နဲ့ ဆင်တူပြီး အရွယ်အစား အားဖြင့် ကြိုးကြာထက် အနည်းငယ်သေးတဲ့ ခြေတံရှည်၊ လည်ပင်းရှည်၊ နှုတ်သီးရှည် ငှက်မျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ငဟစ်မျိုးရင်းဝင် ငှက်မျိုးစိတ်ပေါင်း ၂၁ မျိုး ရှိပြီး ၁၄ မျိုးကတော့ ဌာနေငှက်တွေ ဖြစ်ကြ ပါတယ်။ မီးခိုးရောင်ဖျော့ဖျော့ ခန္ဓာကိုယ်နဲ့ အဖြူရောင် လည်တိုင်ပေါ်မှာ အနက်ရောင် အကျားများ ရှိတဲ့ ငှက်ကြီးမျိုး ဖြစ်ပြီး ကိုယ်အလျား ၄၀ လက်မဝန်းကျင် ရှိပါတယ်။

ရွံ့ညွှန်တော၊ ဒီရေတောနဲ့ လယ်ကွင်းတွေမှာ အတွေ့ရများပြီး ရေကန်၊ မြစ်ချောင်းနဲ့ လတာပြင်တွေမှာလည်း တွေ့ရတတ် ပါတယ်။ တကောင်တည်း နေတတ်တဲ့ ငှက်မျိုးဖြစ်ပေမယ့် တခါတလေမှာတော့ အကောင် ၂၀ ဝန်းကျင်အထိ အုပ်စုလိုက်လည်း မြင်ရတတ်ပါတယ်။

ဆည်းဆာအချိန်တွေမှာ ကျက်စားတတ်တဲ့ ငှက်မျိုးဖြစ်ပြီး ပုန်းလျှိုးကွယ်လျှိုး နေတတ်တဲ့ သဘာဝ ရှိပါတယ်။ အစားအစာ အနေနဲ့ ငါးသားပေါက်၊ ဂဏန်း၊ ဖားနဲ့ ပိုးမွှားတွေကို စားသောက်ကြပါတယ်။ မြန်မာနိုင်ငံ အနောက်ဘက်ပိုင်းကလွဲလို့ ကျန်ဒေသတွေမှာ တွေ့ရတတ်ပြီး မတ်လကနေ စက်တင်ဘာလအတွင်းမှာ သားပေါက်ပါတယ်။

ယောက်ဖခွေးခေါ် (ANDIAN CUCKOO)

ဥသြမျိုးရင်းဝင် ငှက်တမျိုး ဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ မျိုးစိတ်အားဖြင့် ၂၃ မျိုးရှိကာ ၁၈ မျိုးမှာ ဌာနေငှက်များ ဖြစ်ပါတယ်။ အညိုရောင် ကိုယ်ထည်ရှိပြီး ဦးခေါင်းနဲ့ လည်တိုင်က မီးခိုးရောင်ဖြစ်ကာ ရင်ဘတ်တခုလုံးတွင် အဖြူနဲ့ အနက်ကျားများ ရှိပါတယ်။ လှပတဲ့ မျက်လုံးဝိုင်းကလေးများကို ပိုင်ဆိုင်ထားပြီး သာယာနာပျော်ဖွယ် အသံနဲ့ တေးဆိုတတ်တဲ့ ချစ်စရာ ငှက်ကလေး ဖြစ်ပါတယ်။ ကိုယ်အလျား ၁၃ လက်မခန့် ရှိပြီး အရွက်စိပ်စိပ် သစ်ပင်အမြင့်တွေ ပေါ်မှာ ပုန်းကွယ်နေတတ်တဲ့ သဘာဝရှိပါတယ်။

အသိုက် မဆောက်တတ်တဲ့ ငှက်မျိုးတွေထဲက တမျိုး ဖြစ်ပြီး တခြားသော ငှက်တွေရဲ့ အသိုက်တွေမှာ လိုက်ပြီး ဥ ဥတတ် ပါတယ်။ ပိုးမွှားများနဲ့ အကောင်ငယ်လေးများကို စားသောက်တတ်ပြီး ဇန်နဝါရီလကနေ ဇွန်လတွင်းမှာ သားပေါက်တတ်ကြတဲ့ ဌာနေငှက်မျိုး ဖြစ်ပါတယ်။

ဥသြ (ASIAN KOEL)

နွေဦးရာသီရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဥသြငှက်ကလေးများကို အများအားဖြင့် အသံကိုသာ ကြားဖူးကြသော်လည်း မြင်တွေ့ဖူးသူ နည်းပါးကြလိမ့်မယ် ထင်ပါတယ်။ ဥသြငှက်တွေဟာ အနေအထိုင် လျှို့ဝှက်တတ်ကြပြီး အပင်မြင့်မြင့်တွေပေါ်က သစ်ရွက်ထူထူတွေကြားမှာ ပုန်းကွယ်နားခိုတတ်ကြပါတယ်။ အဖိုများဟာ အနက်ရောင်တောက်တောက် ဖြစ်ပြီး အမများကတော့ အဝါရောင်အရင့်နဲ့ အပြောက်အကျားများ ပါတဲ့ အညိုရင့်ရင့် အရောင်မျိုး ရှိကြပါတယ်။ နီရဲစူးတောက်တဲ့ မျက်လုံးများကို ပိုင်ဆိုင်ထားပြီး သာယာတဲ့ အသံနဲ့ “ဥ… သြ….၊ ဥ… သြ..” လို့ ခပ်ကျယ်ကျယ်လေး အသံပေးတတ်ကြပါတယ်။

ကိုယ်အလျား ၁၇ လက်မခန့် ရှိပြီး ပေ ၄၀ဝ၀ အထိမြင့်တဲ့ သစ်တော၊ ချုံတော၊ ဥယျာဉ်နဲ့ စိုက်ပျိုးမြေတွေမှာ တွေ့ရတတ်ပါ တယ်။ သူတို့ရဲ့ သာယာတဲ့ ခေါ်သံကို ဖေဖော်ဝါရီလလောက်မှာ အစောဆုံး ကြားရတတ်ပြီး မိုးရာသီဝင်ခါနီး အချိန်အထိ ကြားရနိုင်ပါတယ်။

ယောက်ဖခွေးခေါ်ငှက်တွေလိုပဲ အသိုက်မဆောက်တတ်တဲ့ ငှက်တမျိုး ဖြစ်ပြီး အများအားဖြင့် ကျီးတွေရဲ့အသိုက်တွေဆီမှာ ဥ ဥတတ်ကြ ပါတယ်။ သစ်ပင်ပေါ်က ပိုးမွှားကောင်လေးများကို စားသောက်တတ်ပြီး မြေပြင်ကို ဆင်းလေ့မရှိတဲ့ ထူးခြားတဲ့ အမူအကျင့်ရှိတဲ့ ငှက်မျိုး ဖြစ်ပါတယ်။ မြို့ကျီးကန်းများနဲ့ တချိန်တည်း အတူတကွ သားပေါက်တတ်ကြတဲ့ ဌာနေငှက် တမျိုး ဖြစ်ပါတယ်။

တောင်ပီစူး (ခ) ဘီးတောင်ပို (COMMON HOPPOE)

အင်မတန်လှပတဲ့ ငှက်ကလေး တောင်ပီစူးကို တနည်းအားဖြင့် ဘီးတောင်ပိုလို့လဲ ခေါ်တတ်ကြပါတယ်။ အညာဒေ တချို့မှာတော့ သျှောင်ပေစူး လို့လလည်း ခေါ်တတ်သေးပါတယ်။ ကိုယ်အလျား ၁၂ လက်မခန့် ရှိပြီး ဦးခေါင်းပေါ်မှာတော့ လှပထင်ရှားတဲ့ အမောက်ကျားကျားလေးကို ပိုင်ဆိုင်ထားပါတယ်။ ရင်အုပ်နဲ့ လည်တိုင်ဟာ အညိုရောင် ဖြစ်ပြီး ပျံသန်းချိန်တွေမှာ အင်မတန်လှပတဲ့ အတောင်ကျားကျားကလေးတွေကို သိသိသာသာ တွေ့မြင်နိုင်ပါတယ်။

ချွန်ပြီးရှည်လျားတဲ့ နှုတ်သီးလေးများ ရှိပြီး အများအားဖြင့် မြေပြင်ပေါ်တွင်သာ ကျက်စားလေ့ ရှိပါတယ်။ တကောင်တည်း သို့မဟုတ် အုပ်စုလိုက် နေထိုင်တတ်ပြီး ထူထဲတဲ့ မြက်ခင်းတွေကို အထူး နှစ်သက်ကြပါတယ်။ သစ်ရွက်တွေကို လှန်လှောကာ ပိုးကောင်၊ ခူနဲ့ ပုရွက်ဆိတ်တွေကို ရှာဖွေစားသောက်တတ်တဲ့ သဘာဝရှိပြီး နွေရာသီ သားပေါက်တတ်တဲ့ ဌာနေငှက် တမျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ အများဆုံး တွေ့ရတတ်ပြီး နောက်ပိုင်းမှာ အတွေ့ရနည်းလာတဲ့ ရှားပါးငှက်တမျိုး ဖြစ်ပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading