Environment

ကမ္ဘာပေါ်က တန်ဖိုးအရှိဆုံး ပန်းများ

လက်ရှိ ကမ္ဘာတလွှားမှာ အလှစိုက်အနေနဲ့ရော ပန်းအိုးသုံးအဖြစ်ရော သုံးနေတဲ့ ပန်းမျိုးစုံ ရှိတဲ့ထဲက တန်ဖိုး အမြင့် ဈေးအကြီးဆုံး ဝယ်နေရတဲ့ ပန်းတွေရဲ့အကြောင်းကို ဖော်ပြချင်ပါတယ်။ ပြည်တွင်းက ရာသီဥတု၊ မြေအနေအထားတွေနဲ့ အဆင်ပြေမယ်ဆိုရင် ပန်းစိုက် ဝါသနာပါသူတွေအနေနဲ့ ကိုယ်တိုင် အပျော်တမ်းရော စီးပွားဖြစ်ပါ စိုက်ပျိုးချင်ရင် သိထားရအောင် နည်းနည်းလောက် ပြောပြချင်ပါတယ်။

(၁၀) Lisianthus

ပန်းရဲ့ အမည်အရင်းက Eustoma ဖြစ်ပေမယ့် လိုက်စီယမ်သပ် အနေနဲ့ပဲ လူသိများပါတယ်။ အမေရိကန်တောင်ပိုင်း၊ မက္ကဆီကို၊ ကာရေဘီယံဒေသတွေနဲ့ တောင်အမေရိကလို အပူပိုင်းဒေသတွေမှာ ပေါက်ရောက် ရှင်သန်ပါတယ်။ ရောင်စုံပွင့်ပါတယ်။ ခရမ်းနုရောင်၊ အဖြူ၊ ဗေဒါရောင်နဲ့ အပြာနုရောင်လေးတွေ ဖြစ်ပါတယ်။ ပန်းတစီးကို ၁၀ ကိုင်းပါပြီး ၃၅ ဒေါ်လာလောက် ဈေးရှိပါတယ်။ တကိုင်းချင်းဆိုရင် ၂ ဒေါ်လာကနေ ၄ ဒေါ်လာ အတွင်းလောက်ထိအောင် ရှိပါတယ်။

(၉) LILY of the Valley

ဥရောပနဲ့ အာရှရဲ့ အအေးပိုင်းဒေသတွေမှာ ပေါက်ရောက် ဖြစ်ထွန်းပါတယ်။ ပန်းက လှသလောက် အဆိပ်ပင်အမျိုးအစားအဖြစ် သတ်မှတ်ပြီး အပင်ကနေ ပွင့်လာတဲ့ ပန်းမျိုး ဖြစ်ပါတယ်။ အလှထိုးပန်း အဖြစ်တော့ လူကြိုက်များပါတယ်။ တစီးကို ၁၄၃ ဒေါ်လာလောက် ပုံမှန် ဈေးကြီးတတ်ပေမယ့် တခါတလေ ရှားပါးချိန်မှာ အမြင့်ဆုံး ဒေါ်လာ ၃၅၀ လောက်ထိအောင် ဈေးတက်လေ့ရှိပါတယ်။

(၈) Hydragea

အာရှနဲ့ အမေရိက အရှေ့ပိုင်းနဲ့ တောင်ပိုင်းတွေမှာ အများဆုံး တွေ့ရတဲ့ ပန်းမျိုး ဖြစ်ပါတယ်။ မျိုးစိတ်ပေါင်း ၇၀ ကနေ ၇၅ မျိုးလောက်ထိအောင် မျိုးကွဲတွေ ရှိပါတယ်။ ဒါပေမယ့် ပန်းတိုင်းကတော့ ဈေးမြင့်ပါတယ်။ အများစုက အဖြူရောင် ပန်းအဖြစ် ပွင့်ပေမယ့် အပြာ၊ ပန်းရောင်၊ ခရမ်းနုရောင်နဲ့ ခရမ်းရင့်ရောင်တွေအဖြစ်ပါ တွေ့ရပါတယ်။ ပန်း တကိုင်းကို အရောင်ပေါ် မူတည်ပြီးတော့ ၂ ဒေါ်လာ၊ ၄.၅ ဒေါ်လာကနေ ၇ ဒေါ်လာထိ ဈေးရှိပါတယ်။

(၇) Gloriosa Lily

တောင်အာဖရိကနဲ့ အာရှရဲ့ မျိုးရင်းတခုပါ။ တကိုင်းမှာ တပွင့်ပဲ ပွင့်တဲ့ ပန်းပွင့်ကြီးတန်းဝင်ပါ။ သိသာကွဲပြားတဲ့ ပန်းပွင့်သဏ္ဍာန်၊ ပွင့်ချပ်နဲ့ ပွင့်ချပ် အဖျားကနေ အရင်းပိုင်းထိအောင် အရောင် ပြောင်းလဲ(ဖျော့)သွားခြင်းတွေနဲ့ နာမည်ကြီးပါတယ်။ တပွင့်ကို ၅ ဒေါ်လာကနေ ၁၀ ဒေါ်လာအတွင်း ရှိပါတယ်။

(၆) 17th century Tulip Bulb

ပန်းတစ်စည်းကို ၉ ဒေါ်လာလောက်နဲ့ ဝယ်နိုင်ပါတယ်။ ပန်းတစည်းမှာ ပန်းပွင့် ၈ ပွင့်၊ ၁၆ ပွင့်နဲ့ တချို့လည်း အဆိုပါ အပွင့်ရေထက် ပိုပြီး စုစည်းရောင်းချလေ့ရှိပါတယ်။ ၁၇ ရာစုအတွင်းက မှတ်တမ်းတွေအရဆိုရင် Tulip Mania မျိုး ပန်းတွေကို တစည်း ဒေါ်လာ ၅၇၀၀ လောက်နဲ့ ရောင်းချခဲ့တာတွေ့ရလို့ ရွှေထက် တန်ဖိုးရှိခဲ့ပါတယ်။ အခု Bulb ကတော့ Mania ရဲ့ မျိုးစိတ်တခုဖြစ်ပြီး ဈေးနည်းနည်း ချိုပါသေးတယ်။

(၅) Saffron Crocus

ပန်းပွင့်က ခရမ်းနုရောင်ပဲ ဖြစ်ပါတယ်။ ဝတ်မှုန်ဖိုက အဝါရောင်ဖြစ်ပြီး ဝတ်မှုန်ကူးကိုင်းတွေက အနီရောင်နဲ့ လှပပါတယ်။ သူ့ကို အလှစိုက် အပင်အဖြစ် ထားရှိပြီး အပင်မှာပဲ အလှထားတာ များကြပေမယ့် စီးပွားဖြစ် စိုက်ပျိုးသူတွေကတော့ အပင်လိုက် မရောင်းဘဲ ပန်းပွင့်ကိုပဲဖြတ်ပြီး ရောင်းချကြပါတယ်။ အလေးချိန်နဲ့ ဆိုရင် စက်ဖရွန်ပန်းတစ်ပေါက်ကို ဒေါ်လာ ၁၅ဝဝ လောက် ကျသင့်နိုင်ပါတယ်။ ပန်းအပွင့်နဲ့ ရေတွက်မယ်ဆိုရင် ၁ဝ ပွင့်ကို တန်ဖိုး ၆ ဒေါ်လာနဲ့ အထက်ရှိမှာပါ။

(၄) Gold of Kinabalu Orchid

သူ့ရဲ့ ပန်းပွင့်ပုံစံနဲ့ အရောင်ကွဲပြား လှပမှုတွေကြောင့် ရှားပါးပြီး ဈေးမြင့်ပါတယ်။ မလေးရှားနိုင်ငံက ကင်နာဘာလူ အမျိုးသားပန်းခြံမှာပဲ ဒီ ပန်းကို တွေ့နိုင်၊ ရနိုင်ပါတယ်။ Rothschild အဖြစ်လည်း တချို့လူသိများပေမယ့် အဆိုပါ ပန်းက ကင်နာဘာလူရဲ့ မျိုးစိတ်တခုဖြစ်နိုင်ပြီး သူက ပန်းပွင့်ပိုကြီးပါတယ်။ မှောင်ခိုဈေးကွက်မှာ ကင်နာဘာလူ ပန်းတစ်ကိုင်းကို ဒေါ်လာ ၅၀၀၀ လောက်ထိအောင် ဈေးရှိပါတယ်။

(၃) Shenzhen Nongke Orchid

ရှန်ဇန်းနန်ကီ စိုက်ပျိုးရေးဆိုင်ရာ လေ့လာရေး လုပ်ငန်းစုကနေ လက်တွေ့ စမ်းသပ်ခန်းမှာ မျိုးစပ်ပြီး ဖန်တီးထားတဲ့ ပန်းမျိုး ဖြစ်ပါတယ်။ လေ့လာသူတွေက အခု ပန်းပင်နဲ့ အပွင့်ရဖို့ ၈ နှစ်ကြာအောင် စိုက်ခဲ့ရတယ်လို့ သိရပါတယ်။ ၂၀၀၅ ခုနှစ်က လေလံပွဲမှာ အခု ပန်းတပွင့်ကို လေလံတင် ရောင်းချခဲ့ပြီး တရုတ်ယွမ်ငွေ ၁.၆၈ သန်းနဲ့ ရောင်းချခဲ့ရပါတယ်။ ဒေါ်လာ ၂၀၂၀၀၀ တန်ဖိုးရှိတာ ဖြစ်ပြီး ဘယ်သူများ ဒီလို တန်ဖိုးမြင့်မယ့်ပန်းကို ဖန်တီးဖို့ စိတ်ကူးရှိနိုင်မှာပါလဲ။

(၂) Juliet Rose

၂၀၀၆ ခုနှစ်အတွင်းက ကျင်းပခဲ့တဲ့ ချဲယ်ဆီးလ်ပန်းပြပွဲမှာ ပါဝင်ပြသခဲ့တဲ့ ပန်းမျိုးသစ်ပါ။ ပန်းရဲ့ရနံ့ကြောင့်ရော ဆန်းသစ်တဲ့ နှင်းဆီပန်းပွင့် ပုံစံကြောင့် တကမ္ဘာလုံးမှာ ချက်ချင်းဆိုသလို နာမည်ကြီးသွားပါတယ်။ စတာလင်ပေါင် ၃ သန်းနဲ့ ရောင်းချခဲ့ရတယ်လို့ သိရလို့ ဒေါ်လာ ၁၅.၈ သန်းလောက်ထိအောင် တန်ဖိုးရှိတာလည်း ဖြစ်ပါတယ်။ မီလျံနာ ဖြစ်နေရုံနဲ့ မဟုတ်ပဲ ဒေါ်လာ ၁၆ သန်းလောက်ရှိမှ ဒီ ပန်းကို သင် ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

(၁) Kadupul flower

ပန်းအိုးသုံး ပန်းမျိုး မဟုတ်ဘဲ အလှစိုက်ပန်းပင်မှာပဲ မွေးမြူကာ အလှကြည့်ရမယ့်ပန်းပါ။ ပန်းက နုနယ်လွန်းလို့ ဖြတ်ရောင်းဖို့ မဖြစ်နိုင်ပါဘူး။ ပြီးတော့ ညမွှေးပန်း စာရင်းဝင်အဖြစ် သတ်မှတ်နိုင်မှာဖြစ်ပြီး ညဖက်မှာပဲ ပွင့်ကာသက်တမ်း လည်းတိုလို့ ဝယ်သူ့လက်ထဲ ထည့်ရောင်းဖို့အချိန်တောင် ရလိုက်မှာမဟုတ်ပါဘူး။ သူ့ကို Priceless Flower အဖြစ် လူသိများပြီး တန်ဖိုးဘယ်လောက်ဆိုတာ အခုထိ ဈေးဖြတ်ထားခြင်း မရှိသေးပါဘူး။

www.wonderslist.com တွင် ဖော်ပြထားတဲ့ Top 10 most expensive flowers in the world ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Loading