မြန်မာနိုင်ငံမှာ တွေ့ရတဲ့ ကျေးငှက်ပေါင်း (မျိုးတူမျိုးကွဲ) ၁၂၀၀ ကျော် အနက်က ၂၀၀ ကျော်ဟာ ဆောင်းရာသီမှာ ရောက်လာကြတဲ့ ဧည့်သည် ဆောင်းခိုငှက်တွေ ဖြစ်ကြပါတယ်။ ရာသီအလိုက် ပြောင်းရွှေ့ကျက်စားကြတဲ့ ဆောင်းခိုငှက် တွေဟာ သူတို့နေထိုင်ရာ ကမ္ဘာ့မြောက်ပိုင်းဒေသ အေးခဲချိန်တွေမှာ တောင်ပိုင်းဒေသတွေဆီ ကီလိုမီတာ ၂၆,၀၀၀ (မိုင်ပေါင်း ၁၆၀၀၀ ကျော်) အကွာအဝေး အထိ နှစ်စဉ်ပျံသန်း ပြောင်းရွှေ့နေထိုင်ကြပါတယ်။
ကမ္ဘာတဝန်းမှာ ဆောင်းခိုငှက်တွေ ပျံသန်းကြတဲ့လမ်းကြောင်း ၉ ခုရှိတဲ့ အနက်က မြန်မာနိုင်ငံကို လမ်းကြောင်း ၂ ခုက နေပျံသန်းဝင်ရောက် ကြတယ်လို့ သိရပါတယ်။ အဲဒီလမ်းကြောင်း ၂ ခုကတော့ Central Asian Flyway လို့ခေါ်တဲ့ ဗဟိုအာရှ လမ်းကြောင်းနဲ့ East Asia/Australasia Flyway လို့ခေါ်တဲ့ အရှေ့အာရှ၊ ဩစတြေးလျ၊ ပစိဖိတ် အနောက်တောင်ပိုင်း ကျွန်းနိုင်ငံများ ပါဝင်တဲ့လမ်းကြောင်း တွေပဲဖြစ်ပါတယ်။
အဲဒီ လမ်းကြောင်း ၂ ခုဟာ ကမ္ဘာ့တောင်ပိုင်းကို ဦးတည်ပျံသန်းရာမှာ အတိုဆုံး လမ်းကြောင်းတွေ ဖြစ်ကြပြီး အဲဒီ လမ်းကြောင်းကနေ ငှက်မျိုးစိတ်ပေါင်း ၃၀၀ ကျော်ဟာ နိုင်ငံပေါင်း ၃၀ ကျော်ကို ကျော်ဖြတ်ပျံသန်း လာကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ဝင်ရောက်လာကြတဲ့ ဆောင်းခိုငှက်တွေဟာ ရေတိမ်ဒေသတွေမှာ အများဆုံးနေထိုင်ကြပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်၊ မိုးယွန်းကြီးအင်း၊ မိန်းမလှကျွန်း၊ အင်းတော်ကြီးနဲ့ အင်းလေးကန်စတဲ့ ဒေသတွေမှာ အကောင်ရေ အများအပြား ကျက်စားတတ်ကြပါတယ်။
စင်ရော်ခေါင်းမည်း (BROWN-HEAD GULL)
လူတွေနဲ့ အင်မတန်ရင်းနှီးတဲ့ ငှက်တွေထဲမှာ စင်ရော်ငှက်က ရှေ့ဆုံးက ပါလိမ့်မယ် ထင်ပါတယ်။ ကမ်းရိုးတန်းနဲ့ မြစ်တွေမှာ တွေ့ရတတ် သလို အင်းတော်ကြီးလို အင်းလေးကန်လို ရေအိုင်ကျယ်ကြီးတွေမှာလည်း တော်တော်များများ တွေ့ရတတ်ပါတယ်။ စင်ရော်အုပ်စုဝင် ငှက်မျိုးစိတ် ၁၈ မျိုးရှိတဲ့ အထဲက ၄ မျိုးဟာ မြန်မာ့ဌာနေငှက် တွေဖြစ်ပါတယ်။
အဲဒီ ၁၈ မျိုးထဲကမှ လူသိများ ထင်ရှားတဲ့ ၂ မျိုးကတော့ စင်ရော်ခေါင်းမည်း ( BROWN-HEAD GULL) နဲ့ စင်ရော်မြစ်တွေး ( RIVER TERN) တို့ပါပဲ။ စင်ရော်ငှက်တွေဟာ အုပ်စုဖွဲ့ ပျံသန်း နေထိုင်တတ်ကြပြီး ရေပေါ်မှာ နားနေတဲ့ နေရာမှာ အထူးကျွမ်းကျင်ကြ ပါတယ်။ ရာသီဥတုကို လိုက်ပြီး အမွေးအတောင်တွေရဲ့ အရောင်အသွေးတွေ ပြောင်းလဲတတ်ကြ သလို ဖိုနဲ့ မ ဆင်တူကြတဲ့ ငှက်မျိုး ဖြစ်ပါတယ်။
ရင်ဘတ်ပိုင်း အဖြူရောင် အတောင်နဲ့ ကျောဘက် မီးခိုရောင် ဖြစ်ပြီး နှုတ်သီးနဲ့ ခြေထောက်အနီရောင် ရှိကာ ကိုယ်အလျား ၁၈ လက်မခန့် ရှိပါတယ်။ နွေရာသီမှာ အနက်ရောင်ရှိတဲ့ ဦးခေါင်းဟာ ဆောင်းရာသီ ရောက်လာတဲ့အခါ တဖြေးဖြေး အဖြူရောင်ဘက်ကို ပြောင်းလဲလာပါတယ်။
အစားအစာ အဖြစ်နဲ့ ဝမ်းတွင်းသားနဲ့ ငါးတွေကို အထူးနှစ်သက်တတ်ကြပါတယ် ။ စက်တင်ဘာလကနေ မေလအတွင်း သာ တွေ့ရနိုင်တဲ့ ဆာင်းခိုငှက်တမျိုးဖြစ်ပါတယ်။
မြီးညှောင့်ငှက် (White Wagtail)
အမြီးကို အမြဲတမ်း နှိမ့်လိုက်၊ မြှင့်လိုက် ကစားနေတတ်တဲ့ မြီးညှောင့်ငှက် ကလေးတွေကို ဆောင်းရာသီဝင်စမှာ စပြီး တွေ့ရတတ် ပါတယ်။ မြီးညှောင့်ငှက်တွေဟာ ရာသီဥတုကို လိုက်ပြီး အရောင်ပြောင်းလဲ တတ်ကြပါတယ်။
မြန်မာနိုင်ငံမှာ မြီးညှောင့်ငှက် ၆ မျိုးခန့်ရှိပြီး အားလုံးဟာ ဆောင်းခိုငှက်တွေ ဖြစ်ကြပါတယ်။ သီချင်းသံ အေးအေးလေး သီတတ်ပြီး ပျံသန်းနေစဉ်မှာတောင် တေးသီနေတတ်တဲ့ ငှက်မျိုး ဖြစ်ပါတယ်။ အောက်ပိုင်းက အဖြူရောင်ရိြှပီး တောင်ပံရင်း အမွေးတွေ ပေါ်မှာ အဖြူရောင် အကွက်လေးတွေ ရှိတဲ့ အဖြူအမည်း ငှက်မျိုး ဖြစ်ပါတယ်။ ကိုယ်အလျား ၇ လက်မ ဝန်းကျင်လောက် ရှိပြီး ရေအိုင်၊ စမ်းချောင်းအနီးနဲ့ ရေတိမ်ဒေသတွေမှာ တွေ့ရတတ်ပါတယ်။
အုပ်သင်းဖွဲ့သွားလာတတ်ပြီး မြက်တောနဲ့စိုက်ပျိုးခင်းတွေမှာ နေထိုင်တတ်ပါတယ်။ မြီးညှောင့်ငှက်ကို ဥရောပတိုက်၊ အာဖရိကတိုက် အနောက်မြောက်ဒေသနဲ့ အာရှတိုက် မြောက်ပိုင်းတွေမှာ အနံ့အပြားတွေ့ရပြီး ရာသီအလိုက် နေရာ ပြောင်းရွှေ့ ကျက်စားတတ်တဲ့ ငှက်မျိုး ဖြစ်ပါတယ်။
ငှက်တဇပ် (Brown Shrike)
တဂျစ်ဂျစ်မြည်သံနဲ့ စဉ်ဆက်မပြတ် သံစုံတေးသီ တတ်တဲ့ ငှက်တဇပ် (ခေါ်) ဝါးရုံကြက်ငှက် ကလေးများဟာ ဆိုက်ဗေးရီးယား အရှေ့ပိုင်း၊ မွန်ဂိုလီးယား၊ မန်ချူးရီးယားနဲ့ တရုတ်ပြည်ဘက်တွေ ဆီကနေ ဆောင်းဦးရာသီမှာ မြန်မာပြည် ဘက်ဆီ ပျံသန်း ပြောင်းရွှေ့လာကြပါတယ်။ မြန်မာပြည် အရှေ့မြောက်ပိုင်းကလွဲလို့ ကျန်နေရာ တော်တော်များများမှာ နေထိုင်သွားလာ ကျက်စားတတ်ကြ ပါတယ်။
ကွင်းပြင်တွေ၊ ဥယျာဉ်၊ တောစပ်နဲ့ ချုံပုတ်တွေမှာ အနေများပါတယ်။ အဖြူရောင် မျက်ခုံးကြောင်းနဲ့ မျက်လုံးတလျှောက် အပြန့်ကျယ်တဲ့ အနက်ရောင်ရစ်ကလေးရှိပြီး နေကာမျက်မှန်လေး တတ်ထားသလို ပုံစံရှိပါတယ်။
ကိုယ်အလျား ၇ လက်မခွဲ ဝန်းကျင် ရှိပြီး တုတ်ခိုင်တဲ့နှုတ်သီးလေးတွေကို ပိုင်ဆိုင်ထားပါတယ်။ သံစုံ အသံပေးပြီး အဝေးက ရောက်ရောက်လာတတ်တဲ့ အဲဒီငှက်လေးတေါကို တချို့ဒေသတွေမှာတော့ ကောက်လျင်ငှက်လို့လည်း ခေါ်ကြပါသေးတယ်၊ အကောင်သေးသလောက် အဝေးကြီး ပျံပြီး ဆောင်းနဲ့နွေ ရာသီ ၂ စလုံးမှာ မြန်မာပြည်မှာ လာနေကြတဲ့ ဧည့်သည်ငှက်ကလေးတွေ ဖြစ်ပါတယ်။
ပျံလွှား/မိုးဆွေငှက် (Barn Swallow )
မြန်မာနိုင်ငံမှာ ပျံလွှား မျိုးရင်းဝင် မျိုးစိတ် ၁၁ မျိုး ရှိပြီး ၅ မျိုးကတော့ ဆောင်းခိုငှက်လေးတွေ ဖြစ်ကြပါတယ်။ မိုးဆွေငှက် လို့လည်း ခေါ်တဲ့ ပျံလွှားငှက်ကလေးတွေဟာ အမြီးနှစ်ခွ ရှိပြီး ရင်ဘတ်အောက်ပိုင်း အဖြူရောင်၊ လည်တိုင်နဲ့ နဖူး အညိုရောင်၊ ကျောပြင်နဲ့ အတောင်ပံတွေမှာ ပြာလဲ့လဲ့ အရောင်လေးတွေ ရှိတတ်ကြပါတယ်။
ကိုယ်အလျား ၆ လက်မခန့်သာ ရှိပြီး အရွယ်အစား သေးငယ်သလောက် အံ့သြလောက်အောင် ပျံသန်းနိုင်ကြတဲ့ ငှက်ကလေးတွေပဲ ဖြစ်ပါတယ်။ မြို့တွေ ရွာတွေနဲ့ ကွင်းပြင်တွေ ရေစပ်တွေမှာ အတွေ့ရများပြီး ပြောင်းရွှေ့နေထိုင် တတ်ကြ ပါတယ်။ သဲသောင်ကမ်းစပ် ဟင်းလင်းပြင်ကြီးတွေပေါ်မှာ အုပ်စုလိုက် အိပ်တန်းတက်ကြတယ်။
မြန်မာပြည်ကို ဆောင်းခိုဖို့ လာကြတဲ့ အထဲမှာ ငှက်ပျိုလေးတွေက အရင်ဆုံး ရောက်ကြပြီး ငှက်ကြီးတွေက နောက်ကျမှ ရောက်လာတတ်ကြတဲ့ အတွက် တနှစ်ပတ်လုံး နီးပါး မြန်မာပြည်ထဲမှာ တွေ့ရတတ်တဲ့ ဆောင်းခိုငှက်မျိုး ဖြစ်ပါတယ်။
Thick-Billed Warbller (မြန်မာအမည်မရှိ)
ရင်အောက်ပိုင်း အဝါနုရောင် ဖျော့ဖျော့ရှိပြီး ဝါညိုရောင် ရှိတဲ့ ငှက်မျိုး ဖြစ်ပါတယ်။ ကိုယ်အလျား ၇ လက်မလောက်သာ ရှိတဲ့ ငှက်ကလေးမျိုး ဖြစ်ပြီး ကျူပင်နဲ့ စိမ့်မြေတွေအနီးမှာ ရှိတဲ့ ဆူးခြုံနဲ့ တူးမြောင်းတွေ လယ်တောတွေမှာ တွေ့ရတတ် ပါတယ်။ ချုံပုတ်တွေ ဆူးခြုံတောတွေနဲ့ စမ်းချောင်းငယ်လေးတွေမှာ ကျက်စားလေ့ရှိကြပါတယ်။
ပုန်းလျှိုးကွယ်လျှိုး နေတတ်ကြပြီး အန္တရာယ်ကြုံလာတဲ့ အခါ ထူထပ်တဲ့ ခြုံပုတ်တွေထဲမှာ ဝင်ရောက်ပုန်းခိုနေတတ်ကြတဲ့ ဆောင်းခို ဧည့်သည် ငှက်ကလေးမျိုးပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီလိုမျိုးရင်းဝင် မျိုးစိတ်ပေါင်း ၆၀ လောက်တွေ့ရပြီး ၂၈ မျိုးက ဆောင်းခိုငှက်တွေပဲ ဖြစ်ပါတယ်။ ။