ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြိုရှိ ငဝန်မြစ်ရေကြီးမှုကြောင့် မြို့စွန်ရှိ အမှတ် ၁၂ နှင့် အမှတ် ၁၄ နယ်မြေများ အတွင်းရှိ ရပ်ကွက်များမှ ဒေသခံ ၁၀၀၀ ကျော်မှာ ရေဘေးဒုက္ခသည်စခန်းများသို့ ပြောင်းရွှေ့ခိုလှုံနေရကြောင်း သတင်းရရှိသည်။
အမှတ် ၁၂ နယ်မြေမှ ရေကြည်ဦးရပ်ကွက်၊ အမှတ် ၁၄ နယ်မြေ ဥမ္မာဒန္တီနှင့် ပန်းဆက်ရပ်ကွက် များရှိ နေအိမ် များ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့သည့်အတွက် ရေကြည်ဦးဘုရားဝန်းရှိ တန်ဆောင်းများ နှင့် အမှတ် ၁၄ ရပ်ကွက် ဓမ္မာရုံများတွင် သြဂုတ်လ ၁၃ ရက်နေ့မှစတင်၍ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ခဲ့ကြခြင်းဖြစ်သည်။
“ဒီတခေါက်ရေကြီးတာက မိုးများလို့ မဟုတ်ဘူး။ ငဝန်မြစ်ရေတိုးလို့ ဖြစ်တာ။ ရေတွေက တရပ်ကွက် လုံးနီးပါး အနိမ့်ပိုင်းအိမ်တွေအကုန်လုံး တက်မြုပ်ကုန်တော့ အိမ်မှာဘယ်လိုမှ နေလို့မရကြတော့တာနဲ့ ၁၃ ရက်နေ့က စပြီး ကယ်ဆယ်ရေးစခန်းဖွင့်လိုက်တာ။ အစောပိုင်းတော့ လူ ၅၀ လောက်ပဲရှိပေမယ့် ရေကပိုများလာတော့ အခုဆို ရေကြည်ဦးဘုရား ကယ်ဆယ်ရေးစခန်းတစ်ခုတည်းတင် လူဦးရေ ၈၀၀ ကျော်သွားပြီ”ဟု ပုသိမ်မြို့၊ အမှတ် ၁၂ နယ်မြေ အုပ်ချုပ်ရေးမှူး ဦးကိုကိုနိုင်က ဧရာဝတီကို ပြောသည်။
ရေကြီးဦးဘုရားတန်ဆောင်း၌ ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု ၂၀၄ စုမှ လူဦးရေ ၈၈၁ ဦး ခိုလှုံနေပြီး အမှတ် ၁၄ နယ်မြေ ဓမ္မာရုံတွင် လူဦးရေ ၁၂၉ ဦး၊ စုစုပေါင်း ၁၀၁၀ ဦး ခိုလှုံနေကြောင်း နယ်မြေအုပ်ချုပ်ရေးရုံးများထံမှ သိရသည်။
အဆိုပါ ကယ်ဆယ်ရေးစခန်းများသို့ သြဂုတ်လ ၁၆ ရက်နေ့က ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် လူမှုရေး ဝန်ကြီး ဒေါက်တာလှမြတ်သွေး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူထွေးနှင့် ဌာန ဆိုင်ရာများ ကွင်းဆင်းကြည့်ရှုကာ ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ် ၃၁ အိတ် ကူညီ ထောက်ပံ့ခဲ့ပြီး ဧရာဝတီ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနကလည်း ၄ ရက်စာ ဆန်ရိက္ခာ ထောက်ပံ့ ကူညီခဲ့ကြောင်း ညွှန်ကြားရေးမှူး ဦးသန်းစိုးက ပြောသည်။
ရေဘေးသင့်ပြည်သူများအတွက် ထမင်းထုပ်များကို မနောဖြူ ဆရာတော် ဦးစန္ဒာသီရီ ဦးဆောင်သည့် ဧရာဝတီတိုင်းဒေသကြီး လူမှုကယ်ဆယ်ရေး အဖွဲ့နှင့် ပုသိမ်မြို့ရှိ မနောဖြူဘက်စုံပရဟိတအဖွဲ့မှ ချက်ပြုတ်ကာ နေ့လည်စာနှင့် ညနေစာများအဖြစ် တနေ့လျှင် ၂ ကြိမ် ဝေငှပေးနေကြောင်း သိရသည်။