တရုတ်နိုင်ငံရှိ Sturgeon ခေါ် ဧရာမငါးကြီးမျိုး ၆ထောင်ကျော် မျိုးသုဉ်းမည့် အန္တရာယ် ကျရောက် လာသဖြင့် ဟူဘေး ပြည်နယ်ရှိ တံတားတည်ဆောက်ရေး စီမံကိန်းတခုကို တရုတ်အစိုးရက ရပ်ဆိုင်း ခဲ့ရကြောင်း China Dilly သတင်းစာက ရေးသားသည်။
ကွမ်ကျိုး(ကန်တုံ)မြို့တွင် တည်ဆောက်လျက်ရှိသော အဆိုပါတံတားစီမံကိန်းသည် အမျိုးသား သဘာဝထိန်းသိမ်းရေးကို ထိခိုက်စေကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့က တွေ့ရှိခဲ့သည်ဟု ဆိုသည်။
ယင်းငါးမျိုးစိတ်သည် ကွမ်ကျိုးမြို့ မွေးမြူရေးကန်တခုတွင် ထိန်းသိမ်းစောင့်ရှောက် ထားခြင်းဖြစ်ပြီး ယင်းငါးမျိုးများ သေဆုံးရခြင်းမှာ တံတားစီမံကိန်းမှ ထွက်ပေါ်လာသည့် တုန်ခါမှု၊ ဆူညံမှုနှင့် ရေအရင်းအမြစ်များပြောင်းလဲမှုတို့ကြောင့် ဖြစ်ကြောင်း စုံစမ်းစစ်ဆေးချက် ထွက်ပေါ်လာခဲ့သည်။
တရုတ် စတာဂျင် ငါးမျိုးစိတ်သည် ယန်စီမြစ်ကြောင်းတလျှောက် ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ ငါး အလွန်အကျွံ ဖမ်းဆီးခြင်း နှင့် ရေအားလျှပ်စစ် စက်ရုံအတွက် ဆည်တမံများ အဆမတန်တည် ဆောက်ခြင်းတို့ကြောင့် မျိုးသုဉ်းလုဆဲဆဲ ဖြစ်ပြီး ဘေးအန္တရာယ် ကျရောက်နေရသည်။
ယန်စီမြစ်တလျှောက် ဖွံ့ဖြိုးမှုလုပ်ငန်းများ လွန်ကဲလာခြင်းသည် ယန်စီမြစ်နေ လင်းပိုင်ကောင်ရေကို ဆိုးဝါးစွာကျဆင်း စေပြီး ယန်စီရေသူမဟု တင်စားခေါ်ဝေါ်သော ဘိုင်ဂျင်းလင်းပိုင်လည်း မျိုးတုံးမည့် အန္တရာယ်ကြီးမားလာစေခဲ့သည်။
တရုတ်နိုင်ငံတွင် မူလရှင်သန် နေခဲ့သော တိရစ္ဆာန်နှင့် သစ်ပင်ပန်းမန် မျိုးစိတ် စုစုပေါင်း ၁၀၈၅ မျိုးမှာ ခြိမ်းခြောက်ခံ နေရသော အနီရောင် သတိပေး အဆင့်စာရင်းဝင် နေကြောင်း နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမဂ္ဂက ထုတ်ပြန်ထားသည်။
တရုတ်NGO အဖွဲ့တဖွဲက ယမန်နှစ်က ထုတ်ပြန်သော အစီရင်ခံစာတစောင်အရ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အထိ ထိန်းသိမ်း စောင့်ရှောက်ထားသော သဘာဝမျိုးစိတ် ၇၃၈ မျိုးမှာ အရေအတွက် ကျဆင်းလာနေပြီး အထက်ပါ သတ်မှတ် ကာလအတွင်း ၁၀၂ မျိုးသာ တိုးတက်မှုရှိခဲ့ကြောင်း သိရသည်။