စင်ကာပူနိုင်ငံရဲ့ Palua Semakau ကျွန်းဟာ စင်ကာပူတောင်ဘက်မှာရှိပြီး ၈ ကီလိုမီတာအဝေးမှာ ရှိပါတယ်။ ဒီကျွန်းဟာ ဖို့မြေတွေနဲ့ တည်ဆောက်ထားတဲ့ ကျွန်းတကျွန်းပါ။ မြေတွေကို ဘယ်ကရတာလဲ ဆိုတော့ အမှိုက်တွေဆီကရတာလို့ ပြောရပါလိမ့်မယ်။
၁၉၉၉ ခုနှစ်က စပြီး အမှိုက်တွေကို မီးရှို့လို့ရတဲ့ပြာတွေနဲ့ စတင်တည်ဆောက်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ တန် ချိန်ပေါင်း ၁၇၁၀၀၀ တန် ဖို့နိုင်ခဲ့ပါတယ်။ Palua Semakau နဲ့ Palua Sakeng အကြားက ပင်လယ်ရေပြင်ပေါ်မှာ ဖို့မြေ ၃၅၀ ဟက်တာ ကျယ်တဲ့ ဒီနေရာလေးမှာ ၇ ကီလိုမီတာရှည်တဲ့ တာရိုးလမ်းလည်း ဖောက်ထားပါသေးတယ်။
စင်ကာပူဟာ သေးငယ်တဲ့ကျွန်းနိုင်ငံဖြစ်ပြီး လူဦးရေပေါင်းက ၅ ဒဿမ ၇ သန်း ရှိပါတယ်။ စင်ကာပူ နိုင်ငံသားတွေဟာ စွန့်ပစ်အမှိုက်တွေကို လျှော့ချဖို့ကြိုးစားနေတဲ့ အစိုးရစီမံကိန်းမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။
အခုလို အမှိုက်မီးရှို့လို့ ရတဲ့ပြာတွေနဲ့ ဖို့ထားတဲ့ကျွန်းတကျွန်း တည်ဆောက်ဖို့ အစိုးရက ကြိုးစားလာတဲ့အခါမှာ စင်ကာပူနိုင်ငံသားတွေကလည်း ကိုယ့်အိမ်တွင်းအမှိုက်တွေကို အစိုးရကသတ်မှတ်ပေးထားတဲ့နေရာတွေမှာ သွားရောက် စွန့်ပစ်ကြပါတယ်။
ဒီလိုနေ့စဉ် စွန့်ပစ်တဲ့ အမှိုက်တွေက တနေ့ကို တန်ပေါင်းများစွ ာရှိပါတယ်။ အခုလို အစိုးရဦးစားပေး အစီအစဉ်တရပ် အနေနဲ့ ဆောင်ရွက်ရတာက နိုင်ငံသားတွေ အဆင်ပြေပြေ နေနိုင်ကြဖို့ဖြစ်သလို ခရီးသွားဧည့်သည်တွေ လာရောက်လေ့လာဖို့လည်း ဖြစ်ပါတယ်။
အစိုးရ ဦးတည်တာကတော့ အမှိုက်ကင်းမဲ့ဇုန်တွေ အတွက် ဖြစ်သလို စွန့်ပစ်အမှိုက်တွေကို ဘယ်နေရာမှာ ပြန်အသုံးချရမလဲ ဆိုတာပါပဲ။ စင်ကာပူအစိုးရဟာ တန်ဖိုး မရှိတဲ့ စွန့်ပစ်အမှိုက်တွေဆီကရတဲ့ တန်ထောင်ချီတဲ့ပြာတွေကို ပင်လယ်ထဲ နေ့တိုင်းသွားသွန်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာတော့ လုပ်ငန်းပထမပိုင်းပြီးခဲ့ပြီး စင်ကာပူ ဒေါ်လာ သန်းပေါင်း ၆၁၀ ကျော် ကုန်ကျခဲ့ပါတယ်။
ထပ်တိုးချဲ့တဲ့အစီအစဉ်ကိုတော့ ၂၀၁၄ ခုနှစ်မှာ ပြန်လည် စတင်ခဲ့ပြီး ၂၀၁၅ ခုနှစ် နှစ်လည်ပိုင်းလောက်မှာ အပြီးသတ်နိုင်ခဲ့ပါတယ်။ ကုန်ကျငွေကတော့ စင်ကာပူဒေါ်လာ ၃၆ သန်း ကုန်ကျခဲ့ပါတယ်။ နောက်ဆုံးပိုင်းကတော့ Palua Semakau နဲ့ Palua Sakeng ၇ ကီလိုမီတာရှည်တဲ့ တာရိုး တည်ဆောက်ဖို့ပါ။
၁၉၉၉ ခုနှစ်ကတည်းက စွန့်ပစ်အမှိုက်တွေကို Palua Semakau ပို့ဆောင်ခဲ့တာဖြစ်ပြီး အကြမ်းဖျဏ်တွက်ချက်ထားမှုအရကတော့ ၂၀၄၅ ခုနှစ်လောက်အထိ အမှိုက်တွေသွား ပစ်နေရဦးမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီစီမံကိန်းနဲ့အတူ နောက်ထပ်တခုကတော့ Tusa Marine သယ်ယူရေးစခန်းပါ။ ဒါကလည်း စွန့်ပစ်အမှိုက်တွေနဲ့ တည်ဆောက်နေတာ ဖြစ်ပါတယ်။
Ref :jtechsolar & gaiadiscovery