လူသားတွေနေထိုင်ရာ ကမ္ဘာကြီးဟာ လက်ရှိအချိန်မှာ သမိုင်းတလျှောက် အကြီးမားဆုံး ရေထု ညစ်ညမ်းမှုနဲ့ ကြုံတွေ့နေရတယ်လို့ စစ်တမ်းကောက်ယူချက်တွေအရ သိရပြီး ညစ်ညမ်းမှုကိုဖြစ်စေတဲ့ အဓိက ပြဿနာကတော့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံသား တဦးဖြစ်တဲ့ Ramveer Tanwar ကတော့ သူ့ပတ်ဝန်းကျင်ရဲ့ ရေထုညစ်ညမ်းမှု ပြဿနာကို မျက်ကွယ် မပြုဘဲ လှုပ်ရှားမှုတခု ပြုလုပ်ဖို့ ကိုယ်တိုင် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ Ramveer ဟာ အသက် ၂၆ နှစ်အရွယ် ရှိပြီဖြစ်ပြီး သူ့ရွာနဲ့ ရွာသူ ရွာသားတွေကို ကူညီဖို့အတွက် အလုပ်တခုကို လုပ်ကိုင်ခဲ့ပါတယ်။
Ramveer တို့ ကလေးဘဝက သူ့သူငယ်ချင်းတွေ ကစားတဲ့နေရာ အနီးအနားမှာ ရေကန်ကြီး တကန် ရှိပြီး တချို့သော သူငယ်ချင်းတွေကတော့ အဲဒီရေကန်ကြီးထဲမှာပဲ နစ်မြုပ် ပျောက်ဆုံးခဲ့ကြပါတယ်။ တရွာလုံးရဲ့ အမှိုက်တွေဟာ အဲဒီရေကန်ကြီးထဲမှာ ပြည့်နှက်နေပြီး အချိန်ကြာလာတာနဲ့အမျှ ညစ်ညမ်းမှုဟာ မြင့်တက်လာတာတာကြောင့် ရေအရင်းအမြစ်ဟာ ပျောက်ဆုံးလုနီးပါးကို ဖြစ်လာတာပါ။
ပထမဆုံးအနေနဲ့ Ramveer ဟာ ကလေးတွေကို ရေအရင်းအမြစ်နဲ့ ရေထုညစ်ညမ်းမှု အကြောင်း အသိပညာ ဗဟုသုတတွေ မျှဝေပေးပြီး သူတို့ရဲ့ မိဘတွေကို ပြန်လည်ပြောပြပေးဖို့လည်း အားထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ အစီအစဉ်ဟာ အကောင်အထည် ပေါ်မလာတဲ့အပြင် ရွာမှာနေထိုင်သူ တော်တော်များများကလည်း သူတို့ သောက်သုံးရေ ပြတ်လပ်တော့မယ်ဆိုတာကို အယုံအကြည် ကင်းမဲ့ခဲ့ကြပါတယ်။
ဒါကြောင့်ပဲ Ramveer ဟာ သူကိုယ်တိုင် ရေထုညစ်ညမ်းမှုကို ဖြေရှင်းဖို့ အကောင်အထည်ဖော်ခဲ့ပြီး တအိမ်ဝင် တအိမ်ထွက်နဲ့ ရပ်ရွာနေလူထုကို စည်းရုံးရေး စတင် လုပ်ဆောင်ခဲ့ပါတယ်။ ကျောင်းသားတွေနဲ့ သူတို့ရဲ့ မိဘတွေကို ရွာရဲ့ သီးသန့်နေရာတခုမှာ တနင်္ဂနွေနေ့တိုင်း စုဝေးစေပြီး ရေထုညစ်ညမ်းမှုနဲ့ ညစ်ညမ်းမှုကနေတဆင့် ဖြစ်ပွားတတ်တဲ့ ဆိုးကျိုးတွေကို မျှဝေပေးတဲ့အခါမှာတော့ ပထမအကြိမ်က ငြင်းဆိုခဲ့တဲ့သူတွေကပဲ သူတို့နေထိုင်ရာ ရွာလေးဟာ ရေအရင်းအမြစ်ဆုံးရှုံးရတော့မယ့် ပြဿနာနဲ့ ရင်ဆိုင်နေရကြောင်းကို သိရှိလာခဲ့ကြပါတယ်။
၂၀၁၅ ခုနှစ်မှာ Ramveer ဟာ သူကိုယ်တိုင်အပြင် ကျောင်းသားနဲ့ ကျောင်းသားမိဘတွေ ပါဝင်တဲ့ အဖွဲ့တဖွဲ့ကို ဖွဲ့စည်းပြီး ရေကန်ထဲက အမှိုက်တွေကို စတင်ရှင်းလင်းရေး ပြုလုပ်ခဲ့ပါတယ်။ Ramveer နဲ့ သူ့အဖွဲ့ဟာ ရေကန်ကို သန့်ရှင်းရေး ပြုလုပ်ရုံတင် မဟုတ်ဘဲ ကန်ရဲ့ ဘေးပတ်ပတ်လည်မှာပါ သစ်ပင်တွေကို စိုက်ပျိုးခဲ့ကြပါတယ်။ အခုလို အားသွန်ခွန်စိုက်ပြုလုပ်ရခြင်းရဲ့ အကျိုးဆက်အနေနဲ့ လူတွေ စွန့်ပစ်ထားတဲ့ ရေကန်ကြီးဟာ လက်ရှိအချိန်မှာ အရင်ကနဲ့ ခြားနားစွာ ပြန်လည် အသက်ဝင်လာပါတယ်။
Ref : brightside.me