၁၉ ရာစုနှစ်တွေတုန်းကတော့ ဟော်လန်နိုင်ငံဟာ လမ်းဘေးခွေး အရေအတွက် ထူထပ်လွန်းတာကြောင့် လမ်းဘေးခွေး အပေါများဆုံး နိုင်ငံတနိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အိမ်တိုင်းမှာ အနည်းဆုံး ခွေးတကောင်စီရှိကြတဲ့ ဟော်လန်နိုင်ငံမှာ ခွေးရူးပြန်ရောဂါ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့ပြီး အဲဒီနှစ်မှာတော့ ခွေးပိုင်ရှင်တွေဟာ ကြောက်ကြောက်လန့်လန့်နဲ့ မိမိရဲ့အိမ်မွေးခွေးတွေကို စွန့်ပစ်ခဲ့ကြပါတယ်။
အဲဒီလို စွန့်ပစ်ခဲ့တာကြောင့် ဟော်လန်နိုင်ငံဟာ အဲဒီအချိန်ကာလမှာ လေလွင့်ခွေး အကောင်ရေ ပိုမိုမြင့်တက်လာတဲ့ အခြေအနေကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒီလိုအခြေအနေတွေ ရင်ဆိုင်ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ ဟော်လန်နိုင်ငံဟာ ကမ္ဘာ့ပထမဆုံး လမ်းဘေးခွေး ကင်းစင်နိုင်ငံ ဖြစ်နေပါပြီ။
များပြားလှတဲ့ လေလွင့်ခွေး အကောင်ရေပေါင်းများစွာကို အဆိပ်ကျွေး သတ်ဖြတ်ခြင်း နည်းလမ်းအစား ခွေးတွေကို သားကြောဖြတ်ခြင်း၊ သင်းကွပ်ခြင်းနဲ့ ရောဂါပိုးမွှား ကင်းစင်ဖို့ ပိုးသတ်ပေးခြင်း စတာတွေကို စတင် လုပ်ဆောင်ခဲ့ပါတယ်။ ဒါတွေကို ပြုလုပ်ဖို့ ဟော်လန်အစိုးရက အဖွဲ့အစည်းတခုကို တရားဝင်ဖွဲ့စည်းခဲ့ပြီး ကုန်ကျစရိတ် အားလုံးကိုလည်း အစိုးရဘက်က တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
ခွေးတွေကို သားကြောဖြတ်တဲ့ လုပ်ငန်းစဉ်ဟာ ထိထိရောက်ရောက် ရှိခဲ့တာကြောင့် ခွေး ၇၀ ရာခိုင်နှုန်းခန့်ကို သားကြောဖြတ်နိုင်ခဲ့ပြီး လမ်းဘေးခွေး အကောင်ရေ တိုးပွားလာခြင်းကို ရပ်တန့်နိုင်ဖို့ ဥပဒေ တရပ်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
ခွေးမွေးချင်တဲ့ ခွေးပိုင်ရှင်တွေအနေနဲ့ မိမိတို့ရဲ့အိမ်မွေးခွေးတွေကို လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးဖို့၊ ညှဉ်းပန်းနှိပ်စက်မှုတွေ မပြုလုပ်ဖို့ ဥပဒေ ထုတ်ပြန်ခဲ့ပြီး ဒီဥပဒေကို မလိုက်နာသူ ခွေးပိုင်ရှင်တွေအနေနဲ့ ထောင် ၃ နှစ်နဲ့ ဒဏ်ငွေ ဒေါ်လာ ၁၆,၀၀၀ ကျော်ကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။
ဒီဥပဒေအပြင် ခွေးပစ္စည်းရောင်းချတဲ့ ခွေးပစ္စည်းဆိုင်တွေကိုလည်း အခွန်တိုးချဲ့ ကောက်ခံခဲ့တာကြောင့် ခွေးမွေးချင်သူတွေ အနေနဲ့ ခွေးတွေကို တကယ် တာဝန်ယူ စောင့်ရှောက်နိုင်မှသာ မွေးမြူလာကြပါတော့တတယ်။
လမ်းဘေးခွေးတွေကို စောင့်ရှောက်ထားနိုင်မယ့် ခွေးဂေဟာတွေကို စနစ်တကျ လုပ်ဆောင်ခဲ့ပြီး လမ်းဘေးခွေးတွေကို မွေးစားမယ့် ခွေးပိုင်ရှင်တွေ ရှာပေးခြင်း၊ ခွေးတွေကို ကာကွယ်ပြီး ထိန်းသိမ်းစောင့်ရှောက်မယ့် ရဲဌာနတခုကို ဖွဲ့စည်းပေးခြင်း စတဲ့ လုပ်ဆောင်မှုတွေကြောင့် ၂၀၁၆ ခုနှစ်ကနေစလို့ ဟော်လန်နိုင်ငံဟာ ကမ္ဘာ့ပထမဆုံး လမ်းဘေးလေလွင့်ခွေး ကင်းစင်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာခဲ့ပါတယ်။
Ref. www.brightside.me
You may also like these stories:
“လမ်းဘေးခွေးတွေကို အဆိပ်ကျွေးသတ်တာမျိုး သဘော မတူဘူး”လို့ ထက်ထက်ထွန်း ပြော
နိုင်ငံတကာမှာ လမ်းဘေးခွေးတွေကို ဘယ်လို ထိန်းသိမ်းကြသလဲ