အိန္ဒိယနိုင်ငံက ကျေးရွာ အများအပြားဟာ မိုးခေါင်တဲ့အတွက်ကြောင့် ရေရှားပါးတဲ့ ပြဿနာကို ရင်ဆိုင်နေရပါတယ်။ ရေကားပေါင်း ၄၀ လောက်ဟာ ရက်သတ္တပတ်လုံး ရေရှားပါးတဲ့ ရွာတွေကို နေ့စဉ် ရေပို့ပေးနေရတယ်လို့ သိရပါတယ်။
ရေရှားတဲ့ရွာကို ရေကား တကား ရောက်လာတာနဲ့ ရွာသားတွေဟာ ကိုယ့်အိမ်မှာရှိတဲ့ ရေပုံးတွေ၊ ရေအိုးတွေ ယူလာပြီး ရေကားရှိရာကို ရောက်လာကြပါတယ်။ အများစုကတော့ အမျိုးသမီးတွေပါ။ ရေကားရပ်ပြီးလို့ ၂ နာရီလောက် ကြာတဲ့အခါမှာတော့ ၁၂,၀၀၀ လီတာ (၃,၁၇၀ ဂါလံ) ပါဝင်တဲ့ ရေကားကြီးလည်း ရေတွေ တစက်မှ မကျန်တော့ပါဘူး။ ရေဘေးဒုက္ခကို ခံစားနေရတဲ့ ရွာသူ၊ ရွာသား အသီးသီးကလည်း ရေအိုးတွေ ကိုယ်စီ ရွက်ပြီး ကိုယ့်အိမ်ဆီ ပြန်သွားကြပါတယ်။
Gajanand Dukre ဆိုသူကတော့ ရေဘေးဒုက္ခ ကြုံနေရတဲ့ ကျေးရွာတွေကို ရေကား မောင်းပို့နေရသူ တယောက်ပါ။ သူတို့အဖွဲ့မှာဆိုရင် ရေကားမောင်းသူ ယာဉ်မောင်း ၃၇ ယောက် ရှိပြီး ခြောက်သွေ့တဲ့ အိန္ဒိယအနောက်ပိုင်းပြည်နယ်၊ Maharasshtra ဒေသက Shahapur ကျေးရွာတဝိုက်ကို မတ်လကနေ ရေကားမောင်းလာပေးခဲ့တာ အခု ဇွန်လထိ တိုင်အောင်ပါပဲ။
“ရေရှားပါးတဲ့ ကျေးရွာတွေအတွက် ကျနော်တို့က နေ့စဉ် အချိန်ပို အလုပ်ဆင်းနေရပါတယ်” လို့ အသက် ၄၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ Dukre က ပြောပါတယ်။ သူတာဝန်ကျတဲ့ ကျေးရွာ ဧရိယာ တဝိုက်ကိုလည်း တနေ့ ၄ ကြိမ် ကားမောင်းပေးရပါတယ်။ သူနေ့စဉ် ကားမောင်းပြီး ရေဖြန့်ဖြူးနေရတဲ့ ကျေးရွာတွေက အိန္ဒိယနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ မွမ်ဘိုင်းမြို့ကနေဆို ၁၀၀ ကီလိုမီတာ (မိုင် ၆၀) ဝေးပါတယ်။ မိုင် ၆၀ ဝေးတဲ့ အရပ်တခုကို နေ့စဉ် ၄ ခေါက်လောက် ကားမောင်းနေရပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ခြောက်သွေ့တဲ့ အရပ်ဒေသတွေမှာ မိုးခေါင်တာကို ကြုံနေရတာက မတ်လကတည်းက ဖြစ်ပြီး အခု ဇွန်လထိ တိုင်အောင် မိုးခေါင်နေဆဲလို့ သိရပါတယ်။ ရေကားမောင်းသူတွေ အနေနဲ့ကလည်း တပတ်မှာ ၇ ရက်လုံးလုံး နေ့စဉ်လိုလို ရေကား မောင်းနေရပါတယ်။ ဒီနှစ် နွေရာသီရဲ့ သာမန် မဟုတ်တဲ့ အပူချိန်ကို အာရှဒေသ တော်တော်များများမှာ ဆိုးဆိုးဝါးဝါး ခံစားခဲ့ရပါတယ်။ အိန္ဒိယနိုင်ငံရဲ့ Rajasthan ပြည်နယ်မှာဆိုရင် အပူချိန်က ၅၀ ဒီဂရီ စင်တီဂရိတ်ထက် ကျော်လွန်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ တဝက်လောက်မှာ လူသန်းပေါင်း ၅၀၀ မက နေထိုင်ကြပြီး အဲဒီဒေသတွေကလည်း မုတ်သုန်မိုး မရွာတဲ့အတွက်ကြောင့် မိုးခေါင်၊ ရေရှားတဲ့ ပြဿနာကို ကြုံတွေ့နေရတယ်လို့ အိန္ဒိယနိုင်ငံရဲ့ မိုးလေဝသဌာနက ပြောပါတယ်။
Shakar Pada ကျေးရွာမှာ ဆိုရင်လည်း ရေရရှိမှု ပမာဏက စိုးရိမ်လောက်ဖွယ် အခြေအနေကို ရောက်နေပါတယ်။ သူတို့တွေရဲ့ မျှော်လင့်ချက်ကတော့ ရေကားတွေပါ။ Dukre လို ရေကား မောင်းသူတွေကို နေ့စဉ်လိုလို မျှော်နေရပါတယ်။ “ရွာမှာရှိတဲ့ ရေတွင်းတွေမှာ ရေခမ်းကုန်ကြတဲ့အတွက် ရေကားလာမယ့် အချိန်ကိုပဲ နေ့စဉ်လိုလို မျှော်နေရတယ်”လို့ ရွာသားတွေက ပြောပါတယ်။
မုတ်သုန် ဝင်လာမှသာ စိုက်ပျိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်နိုင်မှာဖြစ်ပြီး ဆန်နဲ့ ဟင်းသီးဟင်းရွက်တွေကို မြို့က ဈေးတွေမှာ သွားရောက် ရောင်းချနိုင်မှာဖြစ်ပေမယ့် အခုအချိန်ထိ မိုးမရွာသေးတဲ့အတွက် စိုက်ပျိုးရေးသမားတွေလည်း ဒုက္ခ ရောက်နေကြပါတယ်။
ရေကားမောင်းတဲ့ Dukre တို့ အုပ်စုအတွက်လည်း ဒီအလုပ်ကို လုပ်နေရတာ သက်တော့ မသက်သာလှပါဘူး။ သူတို့တွေဟာလည်း အိမ်ပြန် မအိပ်နိုင်တာ ကြာခဲ့ပါပြီ။ မနက် မိုးလင်းလာတာနဲ့ ရေကားမောင်းဖို့ အတွက် သူတို့ကားတွေကို မြစ်ဘေးမှာ ရပ်ပြီး ကားပေါ်မှာသာ အိပ်ကြရပါတယ်။
မနက် ၃ နာရီ ထိုးတာနဲ့ Dukre တို့တွေ အိပ်ရာက ထကြပြီး ရေကားတွေကို ရေဖြည့်ရပါတယ်။ အဲဒီနောက်မှာတော့ ည ၇ နာရီခွဲအထိ တိုင်အောင် ရေဘေးဒုက္ခ ကြုံနေရတဲ့ ကျေးရွာတွေဆီ ရေကားမောင်းပြီး ရေပို့ကြရပါတယ်။
“အခုလုပ်နေရတဲ့ အလုပ်က ပင်ပန်းပါတယ်။ ပင်ပန်းပေမယ့်လည်း ဒုက္ခရောက်နေသူတွေကို ကူညီရတာဖြစ်တဲ့အတွက် ကျနော့် နှလုံးသားထဲမှာတော့ ကောင်းမွန်မြင့်မြတ်တဲ့ အလုပ်တခုကို လုပ်နေရတာပဲလို့ ခံစားရတယ်”လို့ Dukre က ပြောပါတယ်။
Bangkok Post သတင်းဌာန တွင် ရေးသား ဖော်ပြထားသော ( Water tankers prove a lifeline for India’s parched villages ) သတင်း ဆောင်းပါးအား ဆီလျော်အောင် ဘာသာ ပြန်ဆိုထားသည်။
You may also like these stories:
ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို ကာကွယ်ဖို့ သစ်ပင် သန်း ၁ ထောင်ခန့် စိုက်ပျိုးမယ့် နယူးဇီလန်နိုင်ငံ
မိုးခေါင်ခြင်းကြောင့် ထိုင်းနိုင်ငံက ရေလှောင်ကန်တခုမှာ ငါးများ သေဆုံး
ပလတ်စတစ် အမှိုက် တန် ၃ ထောင်ကျော်ကို မလေးရှားနိုင်ငံမှ မူလနိုင်ငံများသို့ ပြန်ပို့ရန် စီစဉ်နေ