ငါးမန်းတွေဟာ ပင်လယ်အတွင်း ဂေဟစနစ်ကို ကောင်းမွန်အောင် ထိန်းညှိပေးနိုင်တဲ့ သတ္တဝါတွေဖြစ်ပါတယ်။ မသိနားမလည်သူတွေက ငါးမန်းတွေကို သတ်ဖြတ်မှုကြောင့် မျိုးတုန်းမယ့် အနေအထားတွေကို ရောက်လာပါတော့မယ့်။ မြန်မာ့ ရေပိုင်နက်ထဲမှာ ရှိတဲ့ ငါးမန်းတွေကို တံငါတွေ ဖမ်းပြီး သတ်ဖြတ် ရောင်းချနေခြင်းက မြန်မာ့ပင်လယ်ပြင်ကို အရုပ်ဆိုးအကျည်းတန်စေတာ အမှန်ပါပဲ။
ငါးမန်းတွေက ဘာကြောင့် အရေးပါတာလဲ
အပေါ်မှာ ပြောခဲ့သလိုပါပဲ။ ငါးမန်းတွေဟာ ဂေဟစနစ်ကို ထိန်းညှိပေးနိုင်တဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးတဲ့ သတ္တဝါလို့လည်း တင်စားပြောဆိုနိုင်ပါတယ်။ ပင်လယ်တွင်းမှာ နေထိုင်တဲ့ အခြားရေနေသတ္တဝါတွေအတွက် သဟဇာတ ဖြစ်အောင်ပြုလုပ်ပေးသူတွေဖြစ်ပြီး ရေနေသတ္တဝါအားလုံးရဲ့ ဖြစ်တည်မှုနဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ်။
OCEARCH အဖွဲ့ရဲ့ တည်ထောင်သူဖြစ်တဲ့ Chris Fischer ကတော့ “ရိုးရိုးလေးပဲ ပြောရမယ်ဆိုရင် ငါးမန်းဆိုတာ ပင်လယ်တွင်းမျှခြေကို ထိန်းသိမ်းပေးသူတွေပဲ။ ငါးမန်းတွေကို သတ်တာဟာ ပင်လယ်ကို သတ်ပစ်တာနဲ့ တူူတူပဲ”လို့ ပြောပါတယ်။
ငါးမန်း အရေအတွက် ဘာကြောင့် လျော့နည်းလာရလဲ
၂၀၁၃ ခုနှစ်မှာ ပြုလုပ်တဲ့ သုသေသနတွေအရ လူသားတွေ သတ်ဖြတ်မှုကြောင့် သေဆုံးရတဲ့ ငါးမန်း အရေအတွက်ဟာ တနှစ်ကို အကောင်ရေ သန်း ၁၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ ငါးမန်းတောင် ဟင်းချိုဟာ ဈေးကောင်းရတဲ့အတွက် ငါးမန်းတွေကို သတ်ဖြတ်ခြင်း ဖြစ်ပါတယ်။
တင်းကြပ်တဲ့ ဥပဒေတွေ မရှိတာကြောင့် ချီလီနိုင်ငံရဲ့ အနောက်ကမ်းရိုးတန်း တလျှောက်မှာ ငါးမန်းဖမ်းဆီးမှု အများဆုံး ဖြစ်ပွားလျက် ရှိတယ်လို့ Chris Fischer က ဆိုပါတယ်။ ငါးမန်းတွေဟာ အဖမ်းမခံရရင်တောင်မှ မျိုးပွားဖို့အတွက် အသက် ၁၀ နှစ်ကနေ နှစ် ၂၀ လောက်ထိ ကြာတတ်တာဖြစ်လို့ အခုလို နှုန်းထားအတိုင်းဆက်ပြီး သတ်ဖြတ်နေမယ်ဆိုရင် ငါးမန်း မျိုးတုန်းနိုင်ချေ ရှိတယ်လို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ငါးမန်းတွေ မရှိတော့ရင် ဘာတွေ ဖြစ်လာနိုင်လဲ
ပင်လယ်ထဲမှာ ငါးမန်းတွေ မရှိတော့ရင် Jellyfish တွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ကမ်းလွန်ပင်လယ်ပြင်တလျှောက် ပြည်ကြီးငါးပေါက်ဖွားနှုန်း တဟုန်ထိုး မြင့်မားလာနိုင်ပါတယ်။ ဒီလို ပြည်ကြီးငါးတွေရဲ့ ငါးစားသုံးမှုဟာ လူတွေ ဖမ်းနေတဲ့ ငါးအရေအတွက်နဲ့ ညီမျှတာကြောင့် လူတွေအတွက် ငါးရှားလာပါလိမ့်မယ်။
၂၀၁၀ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ငါးမန်းအရေအတွက် ရှားပါးမှုကြောင့် ပင်လယ်ရဲ့ ဂေဟစနစ် ဖောက်ပြန်ခြင်း ဆင့်ကဲဖြစ်စဉ်တွေကို ကြုံခဲ့ရပါသေးတယ်။ Jellyfish တွေ များပြားလာမှုကြောင့် ပင်လယ်တွင်းမှာရှိတဲ့ ရေမှော်ပင်တွေ အလွန်အကျွံ စားသုံးနိုင်ချေရှိပြီး အခြား ရေနေသတ္တဝါတွေရဲ့ နေအိမ်နဲ့ စားစရာတွေကို ဆုံးရှုံးနိုင်ပါတယ်။
Ref. Reader’s Digest
You may also like these stories:
နေ့တိုင်း သစ်ပင်စိုက်ပြီး နှစ်ပေါင်း ၄၀ အကြာမှာ တောအုပ်အဖြစ် ဖန်တီးနိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
သားရဲတိရစ္ဆာန်တွေ တိုက်ခိုက်လာတဲ့အခါ ဘယ်လို ရင်ဆိုင်မလဲ