ဥရောပတိုက် တလွှားမှာ ကြုံတွေ့နေရတဲ့ အပူလှိုင်း ကျရောက်တဲ့ နိုင်ငံတွေထဲမှာ ပြင်သစ်နိုင်ငံလည်း အပြင်းအထန် ခံစားနေရပါတယ်။ အမြင့်ဆုံးအပူချိန်အဖြစ် ဇွန်လ ၂၈ ရက်နေ့က တိုင်းတာခဲ့တဲ့ ၄၅ ဒဿမ ၉ ဒီဂရီဆဲလ်စီးယပ်ဟာ အဆိုးရွားဆုံး ဖြစ်ခဲ့တယ်လို့ ပြင်သစ် မိုးလေဝသဌာနက ကြေညာခဲ့ပါတယ်။
ပြင်သစ်နိုင်ငံ တောင်ပိုင်းက မြို့တွေမှာ ၂၀၀၃ ခုနှစ်က ပူခဲ့တဲ့ အပူချိန်ထက် ၁ ဒဿမ ၈ ဒီဂရီ ပိုမြင့်လာပြီး ၄၅ ဒီဂရီ အမြင့်ဆုံးကို ရောက်ခဲ့တာပါ။ အပူလှိုင်းကြောင့် ပြင်သစ်ကျောင်းပေါင်း ၄ ထောင်ကျော်ကို ပိတ်ပေးခဲ့ရပြီး အများပြည်သူ လာရောက် အပန်းဖြေနိုင်တဲ့ ရေကူးကန် ဖွင့်ချိန်တွေကိုပါ ထပ်တိုးပေးခဲ့ရပါတယ်။
အစိုးရကလည်း ၂၀၀၃ ခုနှစ်က ကြုံတွေ့ခဲ့ရဖူးတဲ့ အပူလှိုင်း ပြဿနာလို လူအသေအပျောက် မများအောင် ကာကွယ် စောင့်ရှောက်ရေး နည်းလမ်းတွေကို ကူညီဖော်ဆောင်ပေးနေပါတယ်။
မြို့တော်ပါရီမှာ အပူလှိုင်း ကာကွယ်ရေး အရေးပေါ် အစီအစဉ်တွေကို အရင်ပတ်က စတင် အကောင်အထည်ဖော်ခဲ့ပြီး စည်ပင်သာယာပိုင် အဆောက်အဦတွေမှာ အပူရှောင်စခန်းတွေ ဖွင့်လှစ်ပေးခဲ့ပါတယ်။ လမ်းတွေပေါ်မှာလည်း အပူရှိန် သက်သာအောင် ရေပန်းတွေ တပ်ဆင်ပေးထားပါတယ်။
ရာသီဥတုပညာရှင်တွေက နောင်အနာဂတ်မှာ အခုလို အပူရှိန်လွန် အပူလှိုင်း ဖြတ်တာမျိုးတွေဟာ မကြာခဏ တွေ့ကြုံလာနိုင်တယ်လို့ ခန့်မှန်းနေကြပါပြီ။ ပြင်သစ် မိုးလေဝသဌာနကလည်း ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် လာမယ့် ၂၀၅၀ ခုနှစ်မှာ အခုလို အပူလှိုင်း ပြဿနာမျိုးဟာ ဒီထက် နှစ်ဆလောက် ပိုဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။
ပြင်သစ်အပြင် ဂျာမနီ၊ ပိုလန်နဲ့ ချက်သမ္မတနိုင်ငံတွေမှာလည်း ဇွန်လရဲ့ အပူချိန် အမြင့်ဆုံးရက်တွေကို ကြုံတွေ့ ခံစားနေကြရပါတယ်။ ဂျာမနီနိုင်ငံ မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ ပိုလန်နယ်စပ်က Coschen ဒေသမှာဆိုရင် အမြင့်ဆုံးအပူချိန် ၃၈ ဒဿမ ၆ ဒီဂရီ ဆဲယ်လ်စီးယပ် အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ၁၉၄၇ ခုနှစ် နောက်ပိုင်း အမြင့်ဆုံး အပူချိန်လည်းဖြစ်ပါတယ်။
စပိန်နိုင်ငံမှာလည်း အပူချိန် လွန်ကဲမှုကြောင့် နိုင်ငံအနောက်မြောက်ပိုင်းမှာရှိတဲ့ Tarragona မြို့မှာ ဧက ၁ သောင်း ၅ ထောင်ကျော် တောမီး လောင်ကျွမ်းနေတာကို ငြိမ်းသတ်နေရပါတယ်။ ဥရောပတလွှားမှာ မကြုံစဖူး အပူချိန်တွေကြောင့် နေအိမ်တွေနဲ့ အများပြည်သူသုံး ယာဉ်တွေမှာ အခုလို အပူချိန် မြင့်မားတာကို သက်သာစေမယ့် နည်းလမ်းတွေ မရှိတာကြောင့် အခက်ကြုံနေရပါတယ်။
“အပူချိန်တွေ ဒီထက် မြင့်လာမယ်ဆိုရင် ကျနော်တို့ အားလုံး အပူဒဏ်ခံနိုင်မယ့် နည်းလမ်းတွေ သုံးပြီး လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင် နေထိုင်သင့်ပြီ”လို့ ပြင်သစ် ကျန်းမာရေးဝန်ကြီးက ဆိုပါတယ်။
Ref: CNN
You may also like these stories:
ကမ္ဘာပေါ်က အအေးဆုံး နေရာ ၁၀ ခု
ကျန်းမာရေးအတွက် အကောင်းဆုံး အခန်းအပူချိန်များ
လ အလိုက် လည်ပတ်ဖို့ အကောင်းဆုံးမြို့များ
ကမ္ဘာတဝန်း စံချိန်တင် ရာသီဥတု ဆိုးရွား