Environment

မက္ကဆီကိုနိုင်ငံမှာ ရာသီဥတု ပူနွေးလာမှုကြောင့် ပထမဆုံးအကြိမ် နွေရာသီမှာ မိုးသီးရွာသွန်းခဲ့

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုကြောင့် မက္ကဆီကိုနိုင်ငံ ဒေသတခုမှာ မိုးသီးရွာသွန်းမှု ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရပြီး ရေခဲထုထည် ၂ မီတာလောက် ဖုံးလွှမ်းခဲ့ပါတယ်။ ပုံမှန် အပူချိန် ပျှမ်းမျှ ၃၁ ဒီဂရီဆဲလ်စီးယပ် ရှိတဲ့ နွေလယ်ခေါင်ကြီးမှာ ရေခဲတွေ ဖုံးလွှမ်းနေတာဟာ ကမ္ဘာ့ရာသီဥတု ပူနွေးလာခြင်းရဲ့ ရှေ့ပြေးလက္ခဏာတွေလို့ ရာသီဥတု ပညာရှင်တွေက သတိပေးလိုက်ပါတယ်။

လူထိခိုက် သေဆုံးမှု မရှိပေမယ့် ၂ ယောက်တော့ ရုတ်တရက် ကိုယ်အပူရှိန် ကျဆင်းတဲ့ ဝေဒနာကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ “အခုလို အဖြစ်ပျက်မျိုး ကျနော့် တသက်မှာ တခါမှ မမြင်ဖူးဘူး။ ရာသီဥတုပြောင်းလဲလာတယ်ဆိုတာ တကယ်ပဲလားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖို့ လိုလာပြီ” လို့ မြို့တော်ဝန် Enrique က ပြောပါတယ်။

ကမ္ဘာကြီး ပူနွေးလာတဲ့ အကြောင်းရင်းအဖြစ် နေရာတော်တော်များများမှာ ပုံမှန် မဟုတ်တဲ့ မိုးသီး ရွာကျမှုဖြစ်စဉ်ကို စုံစမ်းနေကြပါပြီ။ ပြင်းထန်တဲ့ တချို့နေရာတွေမှာဆိုရင် မိုးသီးအရွယ်အစား ကြီးမားတာကြောင့် သေဆုံးတဲ့ထိ ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ ဥပမာ – ၂၀၀၂ ခုနှစ်က တရုတ်နိုင်ငံမှာ မိုးသီးရွာသွန်းမှုကြောင့် လူ ၂၅ ဦး သေဆုံးခဲ့သလို အဆောက်အဦနဲ့ ကားတွေ ထိခိုက်ပျက်စီးခဲ့ရပါတယ်။

မက္ကဆီကိုနိုင်ငံ အနောက်ပိုင်း မြို့လေး ဖြစ်တဲ့ Guadalajara မှာ ဇွန်လ ၃၀ ရက်နေ့ မနက်ပိုင်းက ထူးဆန်းစွာ မြေပြင်မှာ ရေခဲတွေ ဖုံးလွှမ်းနေတာကြောင့် ဒေသခံတွေ အံ့သြသင့်ခဲ့ရသလို လမ်းမတွေ၊ နေအိမ်ခြံဝန်းတွေနဲ့ ကားတွေပါ ဖုံးအုပ်သွားခဲ့တာပါ။

တချို့နေရာတွေမှာဆိုရင် ၅ ပေလောက်ထိ ရေခဲထုတွေ ဖုံးလွှမ်းခဲ့တယ်လို့ သိရပါတယ်။ မြို့တော် မက္ကဆီကိုစီး တီးနဲ့ မိုင် ၃၅၀ ကျော်ကွာဝေးတဲ့ တောင်ပေါ်မြို့လေးမှာ ပုံမှန် မဟုတ်တဲ့ မိုးသီးရွာသွန်းမှုကြောင့် အိမ်ခြေ ၂၀၀ ကျော်လောက် ပျက်စီးခဲ့သလို ကားအစီး ၅၀ လောက် ထိခိုက်ခဲ့ပေမယ့် လူသေဆုံးမှုတော့ မရှိခဲ့ပါဘူး။

မိုးသီးရွာသွန်းတာဟာ ပူနွေးလာမှုကြောင့်ဖြစ်ပြီး အပူချိန်မြင့်လာလေ လေထုထဲ ရေငွေ့ဖွဲ့မှု ပိုများသွားပြီး မြေပြင်ပေါ်ကို မိုးအဖြစ် ဒါမှမဟုတ် မိုးသီး ဒါမှမဟုတ် နှင်းအဖြစ် ရွာချလာပါတယ်။ “နောက်ပိုင်း လေထုထဲငွေ့ရည်ဖွဲ့မှု ပိုများလာလေ ပြင်းထန်တဲ့ မုန်တိုင်းတွေ ပိုဖြစ်လာနိုင်တယ်” လို့ ဗြိတိန်နိုင်ငံ ရီဒင်းတက္ကသိုလ်က ရာသီဥတုသု တေသီ Amulya က ဆိုပါတယ်။

ဒါပေမဲ့လည်း မက္ကဆီနိုင်ငံက Guadalajara မှာ ဖြစ်ပေါ်ခဲ့တဲ့ မိုးသီးရွာချမှု အကြောင်းရင်းကိုတော့ အတိအကျ မပြောနိုင်သေးဘဲ ခန့်မှန်းခြေတွေသာ ပေးနိုင်ခဲ့ပါတယ်။ Pennsylvania တက္ကသိုလ်က Matthew ကလည်း “ကျနော်တို့ ဒီမိုးသီးရွာသွန်းမှုက ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက် လားဆိုတာ မသေချာသေးပါဘူး။ အသေး စိတ်သိရအောင် တခြားပညာရှင်တွေနဲ့ပါ ပူးပေါင်းပြီး အဖြေရှာသွားမှာပါ”လို့ ဆိုပါတယ်။

Ref: New Scientist

You May Also Like This Story:

ဥရောပ တလွှားမှာ အဆိုးရွားဆုံး ရင်ဆိုင်နေရတဲ့ အပူလှိုင်း ပြဿနာ

Did you find apk for android? You can find new Free Android Games and apps.
Loading