လက်ရှိ ကမ္ဘာကြီးရဲ့ သဘာဝပတ်ဝန်းကျင်ဟာ အဆက်မပြတ် ပြောင်းလဲလာနေတယ်ဆိုတာ ဘယ်သူမှ ငြင်းလိမ့်မယ် မထင်ပါဘူး။ သဘာဝပတ်ဝန်းကျင်က အရှိန်တခုနဲ့ ပြောင်းလဲနေပေမယ့် ပြောင်းလဲနေတဲ့ သဘာဝပတ်ဝန်းကျင်ရဲ့ အရှိန်ကို အတိုင်းအတာ တခုအထိ လျှော့ချလို့ရနိုင်တဲ့ နည်းလမ်းတွေကိုတော့ စာရေးသူတို့ လူသားတွေ လျစ်လျှူရှုထားကြတုန်းပါပဲ။
လူတွေ အသက်ရှင်နေစဉ် အတွင်းမှာ ကြုံတွေ့နေရတဲ့ ကမ္ဘာကြီး ပူနွေးလာမှုဟာ ငြင်းစရာ မရှိတော့တဲ့ အနေအထား တခုပါ။ သဘာဝ ဘေးအန္တရာယ်တွေထဲမှာ ကမ္ဘာကြီး ပူနွေးလာမှုကလည်း ကျိန်းသေတဲ့ အစိတ်အပိုင်း တပိုင်း ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ပြောင်းလဲလာတာကို ထိုင်ပြီး စိုးရိမ်သောက ရောက်နေတာကလည်း အဖြေတခုတော့ မဟုတ်ပါဘူး။
ကမ္ဘာတဝှမ်းလုံးက လူသားတွေဟာ အရင်က မကြုံခဲ့ရဖူးတဲ့ ရာသီဥတု အခြေအနေတွေကို နေ့စဉ်နေ့တိုင်း ရင်ဆိုင်နေရပါတယ်။ ၂၀၁၉ ခုနှစ်ရဲ့ အပူချိန်ဟာ အိန္ဒိယလို နိုင်ငံကိုတောင် ၅၀ ဒီဂရီ စင်တီဂရိတ်ထက် ပိုမို မြင့်မားခဲ့ပြီး အိန္ဒိယကျေးရွာ အများအပြားမှာလည်း မိုးခေါင်ရေရှား ပြဿနာကို ကြုံတွေ့နေရပါတယ်။
သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုဖြစ်စဉ်ဟာ တချို့ဒေသတွေရဲ့ ဂေဟစနစ်ကို အနည်းငယ်သာ ထိခိုက်ကောင်း ထိခိုက်နိုင်မှာဖြစ်ပေမယ့် စာရေးသူတို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင်တော့ မြင်နေကျ ရှုခင်းတွေဟာ အရင်လို မဟုတ်တော့တာတော့ အသေအချာပါပဲ။
သဘာဝပတ်ဝန်းကျင်ကို အရေးမစိုက်တာကြောင့် ကြုံတွေ့ရနိုင်တဲ့ အရာတွေကတော့ သဘာဝ ဘေးအန္တရာယ်နဲ့ ဘေးအန္တရာယ်ကြောင့် ကြုံတွေ့ရတဲ့ အဖြစ်အပျက်ဆိုးတွေပါ။ ဒါကြောင့်လည်း လက်ရှိ ကြုံတွေ့နေရတဲ့ သဘာဝပတ်ဝန်းကျင် ပြောင်းလဲလာမှုကို အလေးအနက် ထားသင့်ပါပြီ။ အချိန်ကြာလာတာနဲ့အမျှ သဘာဝပတ်ဝန်းကျင်ဟာ အဆိုးဘက်ကို ဦးတည် ပြောင်းလဲလာပါတယ်။
လူသားတွေနေထိုင်တဲ့ ကမ္ဘာကြီးဟာ နှစ်သန်းပေါင်းများစွာ ကြာမြင့်ခဲ့ပေမယ့် လူတွေရဲ့ မဆင်မခြင် ပြုမူမှုတွေက ရာစုနှစ်လောက်သာ ရှိပါတယ်။ ရာစုနှစ် အနည်းငယ်အတွင်း လူတွေကြောင့် လေထုညစ်ညမ်းမှုတင်မက ရေထုနဲ့ မြေထုလည်း ညစ်ညမ်းခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက တည်ရှိလာခဲ့တဲ့ ကမ္ဘာကြီးဟာ ရာစုနှစ် အနည်းငယ် အတွင်းမှာပဲ ပြောင်းလဲသွားခဲ့ပါတယ်။ စက်ရုံ၊ အလုပ်ရုံတွေကထွက်တဲ့ မီးခိုးငွေ့တွေနဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေက ထွက်တဲ့ မီးခိုးငွေ့တွေကလည်း ကမ္ဘာကြီး ညစ်ညမ်းလာရခြင်းတွေထဲက အကြောင်းတချက်အနေနဲ့ ပါဝင်ပါတယ်။
နိုက်ထရိတ်နဲ့ ပလတ်စတစ်တွေဟာ သက်ရှိလူသားတွေက ထုတ်လုပ်လိုက်တဲ့ အဆိပ်တွေ ဖြစ်တဲ့အတွက် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းလာမှုအတွက် လူတွေက တာဝန်ပြန်ယူရပါလိမ့်မယ်။ ရေနံ ယိုဖိတ်မှုတွေကြောင့် ရေထု ညစ်ညမ်းလာရသလို လူတွေအသုံးပြုတဲ့ ဓာတ်ငွေ့အမျိုးမျိုးကလည်း လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။ စက်ရုံတွေက စွန့်ပစ်တဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့ လူတွေရဲ့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းကလည်း မြေဆီလွှာ ဆုံးရှုံးမှုတွေကို ဖြစ်စေခဲ့ပါတယ်။
ကမ္ဘာကြီး ပူနွေးလာမှုကလည်း ရာသီဥတု ပြောင်းလဲမှုနဲ့ ဆက်စပ်နေပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုက ပင်လယ်သမုဒ္ဒရာတွေနဲ့ ကမ္ဘာ့ မြေမျက်နှာပြင်ရဲ့ အပူချိန်ကို မြှင့်တက်စေသလို ပင်လယ်ရေ မျက်နှာပြင်ကိုလည်း မြင့်လာစေပါတယ်။
သဘာဝပတ်ဝန်းကျင်ကို ပြောင်းလဲလာစေတဲ့ အချက်တွေမှာ နောက်ထပ် အချက်တချက်ကတော့ လူဦးရေထူထပ်မှုပါ။ လူဦးရေထူထပ်လာတာကြောင့် ရေ ၊ လောင်စာဆီနဲ့ စားသောက်ကုန် အရင်းအမြစ်တွေကို အများအပြား ဖြုန်းတီးပစ်နေသလိုပါပဲ။
လူဦးရေ အဆမတန် များပြားလာတဲ့အတွက်ကြောင့် လူတွေ အလျင်မှီအောင် စားသောက်နိုင်ဖို့အတွက် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဓာတုပစ္စည်းတွေကို အလွန်အကျွံအသုံးပြုလာရပါတယ်။ ပိုးသတ်ဆေး အများအပြားကို သုံးစွဲလာခြင်းကလည်း လူတွေကို ဘေးဥပါဒ် ဖြစ်စေသလို သဘာဝ ပတ်ဝန်းကျင်ကိုလည်း ပျက်စီးစေပါတယ်။
နောက်ထပ် အကြောင်းတွေကတော့ သဘာဝ သယံဇာတ အရင်းအမြစ်တွေ ဆုံးရှုံးလာမှုနဲ့ ဇီဝ မျိုးစိတ်တွေ ပျောက်ကွယ်သွားရမှုပါ။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ရှိခဲ့တဲ့ ဇီဝမျိုးစိတ်တွေဟာ အခုဆိုရင်တော့ လုံးဝကို ပျောက်ကွယ်သွားခဲ့ရပါပြီ။ ဒါကြောင့်လည်း နိုင်ငံအများအပြားက ဇီဝမျိုးကွဲတွေကို ထိန်းသိမ်းနိုင်ဖို့ ဆောင်ရွက်လာကြပါတယ်။
သစ်ပင်တွေဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး အောက်ဆီဂျင်ကို ပြန်ထုတ်ပေးတယ်ဆိုတာ လူတိုင်းသိတဲ့ အကြောင်းအရာ ဖြစ်ပေမယ့် လက်ရှိ ကမ္ဘာကြီးဟာ တောတောင်ပြုန်းတီးမှုနဲ့ ကြုံတွေ့နေရပါတယ်။ ဒါကြောင့်လည်း တရုတ်နိုင်ငံလို နိုင်ငံက ကမ္ဘာ့ပထမဆုံး သစ်တော မြို့တော်လို စီမံကိန်းတွေကို ရည်ရွယ်ချက်ရှိရှိ အကောင်အထည် ဖော်လာကြပါတယ်။
လက်ရှိ အချိန်မှာဆိုရင် ကမ္ဘာမြေကြီးကို ဖုံးလွှမ်းထားတဲ့ သစ်တော ဧရိယာ ၃၀ ရာခိုင်နှုန်းသာ ကျန်ရှိတော့ပေမယ့် နှစ်စဉ်လိုလို သစ်တော သစ်ပင်တွေ ပိုပို ဆုံးရှုံးလာပါတယ်။ သစ်တောသစ်ပင်တွေ နည်းပါးလာတာက သမုဒ္ဒရာရေတွေကို အက်ဆစ်ဓာတ် ပိုမိုလွန်ကဲစေပါတယ်။ သမုဒ္ဒရာရေတွေမှာ အက်ဆစ်ဓာတ် လွန်ကဲလာတာက ကာဗွန်အောက်ဆိုဒ် ပိုမိုများပြားလာတယ်ဆိုတဲ့ အချက်ကို သက်သေခံနေပါတယ်။
သဘာဝပတ်ဝန်းကျင် ပြောင်းလဲလာမှုက သက်ရှိသတ္တဝါတွေ အားလုံးရဲ့ အသက်အန္တရာယ်ကို တိုက်ရိုက်ခြိမ်းခြောက်နေပါတယ်။ သန့်ရှင်းတဲ့ ရေ၊ စံနှုန်းမီတဲ့ ရေချိုတွေကို တဖြည်းဖြည်း ဆုံးရှုံးလာတဲ့အတွက် လူသားတွေဟာ ကျန်းမာရေး ခြိမ်းခြောက်မှုတွေကို နေ့စဉ်လိုလို ရင်ဆိုင်နေကြရပါတယ်။
နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်လာနေတဲ့ သဘာဝပတ်ဝန်းကျင်ကို လူတွေက အသိစိတ်ရှိရှိနဲ့ ဦးဆောင် ဦးရွက်ပြုကြပါမှ ကမ္ဘာကြီးကို ကယ်တင်နိုင်ပါလိမ့်မယ်။ လူအများစုကတော့ လက်ရှိ ဖြစ်ပျက်နေတဲ့ သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲနေတာကို အာရုံ မစိုက်နိုင်ကြသလို နောက်လာမယ့် မျိုးဆက်တွေရဲ့လက်ထဲ ကမ္ဘာကြီးကို ဘယ်လို ထားခဲ့ကြမလဲဆိုတာကို စဉ်းစားမိသူ နည်းနေပါသေးတယ်။ ။
Ref. www.conserve-energy-future.com
You may also like these stories:
ကမ္ဘာကြီးပူနွေးလာမှုကို သတိရှိရှိ ရင်ဆိုင်ဖြေရှင်းနေတဲ့ ထိပ်တန်း ၃ နိုင်ငံ
ပင်လယ်ရေအောက် နစ်မြုပ်သွားနိုင်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မြို့ကြီးများ
မက္ကဆီကိုနိုင်ငံမှာ ရာသီဥတု ပူနွေးလာမှုကြောင့် ပထမဆုံးအကြိမ် နွေရာသီမှာ မိုးသီးရွာသွန်းခဲ့
ရာသီဥတုဖောက်ပြန်မှုကြောင့် ပင်ဂွင်းငှက်တို့နယ်မြေ ပျောက်ကွယ်မယ့်အခြေအနေနဲ့ ရင်ဆိုင်နေရ