တကမ္ဘာလုံး အတိုင်းအတာနဲ့ ကြုံတွေ့နေရတဲ့ လေထုညစ်ညမ်းမှု ပြဿနာကို လန်ဒန်မှာတော့ သစ်ပင် ၂၇၅ ပင်နဲ့ညီမျှတဲ့ ဒေါင်လိုက် ဥယျာဉ်ငယ်တွေ ထားရှိပြီး ဖြေရှင်းနေပြီ ဖြစ်ပါတယ်။ ဒီဥယျာဉ်ငယ်တွေဟာ ပတ်ဝန်းကျင်က မီးခိုးငွေ့တွေ၊ စက်ခိုးစက်ငွေ့တွေကြောင့် ဖြစ်တဲ့ လေထုညစ်ညမ်းမှုကို လျှော့ချပေးနိုင်တဲ့အပြင် လတ်ဆတ် သန့်ရှင်းတဲ့ လေကောင်းလေသန့်တွေကိုလည်း ပြန်လည် ထုတ်လုပ်ပေးနိုင်ပါတယ်။
ဒီဒေါင်လိုက် ဥယျာဉ်ငယ်မှာဆိုရင် ၄ မီတာအမြင့်ရှိပြီး လေထုကို သန့်စင်ပေးနိုင်တဲ့ အပင်ငယ်ပေါင်း ၁,၆၈၂ ပင်ခန့် ပါဝင်ပါတယ်။ ဒေါင်လိုက် ဥယျာဉ်မှာရှိတဲ့ ဒီအပင်ငယ်တွေဟာ ပတ်ဝန်းကျင် လေထုထဲက ရောဂါပိုးမွှား ဘက်တီးရီးယားတွေကို လျော့နည်းစေနိုင်တဲ့အပြင် စက်တပ်ယာဉ်တွေက ထွက်တဲ့ မီးခိုးငွေ့တွေကိုပါ စုပ်ယူနိုင်ပါတယ်။
ဂျာမနီနိုင်ငံ၊ Dresden မြို့အခြေစိုက် Green City Solutions ဆိုတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြံပေး ကုမ္ပဏီကနေ ထုတ်လုပ်လိုက်တဲ့ ဒီဒေါင်လိုက် ဥယျာဉ်ငယ်တွေကို လန်ဒန် အပါအဝင် ဘာလင်၊ ပဲရစ်၊ အမ်စတာဒမ်နဲ့ အော်စလိုမြို့တွေမှာပါ တပ်ဆင်ထားပြီး ဖြစ်ပါတယ်။
“လေထုညစ်ညမ်းမှုဟာ တကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ အကြီးစား ပြဿနာ တခုလည်း ဖြစ်ပါတယ်။ ဒီအခြေအနေကို ဖြေရှင်းနိုင်ဖို့အတွက် လက်ရှိမှာတော့ ဒီဒေါင်လိုက် ဥယျာဉ်ငယ်တွေက တဖက် တလမ်းကနေ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်” လို့ Green City Solutions ရဲ့ CEO ဖြစ်သူ Dénes Honus က ပြောပါတယ်။
လေထုကို ညစ်ညမ်းစေတဲ့ အခိုးအငွေ့တွေဟာ သာမန် မျက်စိနဲ့ မမြင်နိုင်ပေမယ့် လူ့ခန္ဓာကိုယ်တွင်းက အဆုတ်နဲ့ သွေးကြောတွေအထိ ဝင်ရောက် ပျံ့နှံ့နိုင်တာကြောင့် ရေရှည်မှာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။
အခု တီထွင် ဖန်တီးလိုက်တဲ့ ဒေါင်လိုက် ဥယျာဉ်ငယ်တွေဟာ သစ်ပင်တွေ အမြောက်အများ စိုက်ပျိုးဖို့ လိုအပ်တဲ့ မြေနေရာ အကျယ်အဝန်းကို သက်သာစေနိုင်တဲ့အပြင် ထိန်းသိမ်း စောင့်ရှောက်ဖို့လည်း မလိုအပ်တဲ့အတွက် အနာဂတ်ကာလမှာ အသုံးတည့်တဲ့ အဆင့်မြင့်ပစ္စည်းတခု ဖြစ်လာနိုင်ဖွယ် ရှိတယ်လို့လည်း ဆိုကြပါတယ်။
Ref. moon-child.net
You may also like these stories:
လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်နှစ်တိုင်း လူ ၇ သန်းနီးပါး သေဆုံးနေရ
ပြောင်းလဲလာတဲ့ သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လို ထိန်းသိမ်း စောင့်ရှောက်မလဲ
ကမ္ဘာကြီးပူနွေးလာမှုကို သတိရှိရှိ ရင်ဆိုင်ဖြေရှင်းနေတဲ့ ထိပ်တန်း ၃ နိုင်ငံ
တရုတ်နိုင်ငံမှာ ဆောက်လုပ်နေတဲ့ ကမ္ဘာ့ပထမဆုံး သစ်တောမြို့တော်