ကမ္ဘောဒီးယားနိုင်ငံဟာ အနောက်နိုင်ငံတချို့ရဲ့ ကုမ္ပဏီတွေကနေ သူတို့ရဲ့ ကမ်းခြေ ဆိပ်ကမ်းတွေဆီ တင်ပို့လာတဲ့ စွန့်ပစ်ပစ္စည်းတွေကို လက်မခံဘဲ ငြင်းပယ်တဲ့ အာရှနိုင်ငံ တနိုင်ငံ ဖြစ်လာပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့မှာပဲ အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့ကနေ ရောက်လာတဲ့ အမှိုက်တန်ချိန် ၁,၆၀၀ ကို မူရင်းလာရာ နိုင်ငံတွေဆီ ပြန်ပို့မယ်လို့ ကမ္ဘောဒီးယားနိုင်ငံ အရာရှိတွေက ကြေညာခဲ့ပါတယ်။
စွန့်ပစ် ပလတ်စတစ် ကွန်တိန်နာ ၈၃ လုံးခန့်ကို ကမ္ဘောဒီးယားနိုင်ငံ အနောက်တောင်ပိုင်း၊ Sihanoukville ဆိပ်ကမ်းမှာ ဇူလိုင်လ ၁၆ ရက်နေ့က တွေ့ရှိခဲ့တယ်လို့ ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Neth Pheaktra က ပြောကြားခဲ့ပါတယ်။ အကောက်ခွန်နဲ့ ယစ်မျိုးအရာရှိတွေက ဖွင့်ထားခဲ့တဲ့ အဲ့ဒီ ကွန်တိန်နာတွေကိုတော့ “ပြန်လည် အသုံးပြုနိုင်သော ထုတ်ကုန်ပစ္စည်းများ” လို့ တံဆိပ်ကပ်ထားပြီး စွန့်ပစ်ပလတ်စတစ်ဆိုတဲ့ အမှတ်အသားမျိုး ဖော်ပြတာမျိုး မရှိဘူးလို့လည်း ဆိုပါတယ်။
အကောက်ခွန်ဝန်ကြီးဌာနကတော့ အဲ့ဒီ ကွန်တိန်နာတွေဟာ ကမ္ဘောဒီးယားနိုင်ငံကို ဘယ်လို ရောက်လာတယ်ဆိုတာနဲ့ အဲ့ဒီတင်သွင်းမှုနောက်ကွယ်မှာ ဘယ်ကုမ္ပဏီတွေနဲ့ ဘယ်အဖွဲ့တွေ ရှိတယ်ဆိုတာကို စုံစမ်းစစ်ဆေးနေပြီလို့လည်း ဆိုပါတယ်။ တကယ်လို့သာ ရှာဖွေဖော်ထုတ် နိုင်မယ်ဆိုရင်တော့ ဒဏ်တပ်ခံရပြီး တရားစွဲဆိုခံရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ပြည်ထောင်စုအစိုးရကတော့ အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့ဆီ အဲ့ဒီအမှိုက်တွေကို ပြန်ပို့ဖို့ လုပ်ငန်းစဉ်ကို စတင်နေပြီလို့လည်း ဆိုပါတယ်။
ပြောခွင့်ရပုဂ္ဂိုလ် Pheaktra က “ကမ္ဘောဒီးယားနိုင်ငံဟာ နိုင်ငံခြားတိုင်းပြည်တွေက သူတို့ရဲ့ ရက်လွန် အမှိုက်တွေကို လာစွန့်ပုံလို့ရတဲ့ အမှိုက်ပုံကြီး မဟုတ်ပါဘူး။ ပြီးတော့ အစိုးရကလည်း ဒီနိုင်ငံမှာ ပြန်လည် သန့်စင်ဖို့ ဆိုပြီး ဘယ်လိုမျိုး ပလတ်စတစ်နဲ့ ချောဆီ တင်သွင်းမှုကို မဆို လက်ခံမှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။
ဒါဟာ လျှပ်စစ်စွန့်ပစ်ပစ္စည်းတွေ၊ ပလတ်စတစ် ပစ္စည်းတွေနဲ့ အခြားအမှိုက်တွေကို အနောက်နိုင်ငံအများစုကနေ အရှေ့တောင်အာရှဆီ တင်ပို့လာတဲ့ ကမ္ဘာနဲ့ ချီနေတဲ့ အမှိုက် အကျပ်အတည်းကြီးထဲက နောက်ဆုံး ဖြစ်ရပ်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာတော့ တရုတ်နိုင်ငံဟာ သူတို့ရဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းစေဖို့ ကနဦး လုပ်ဆောင်ချက် တခုအနေနဲ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်း တင်သွင်းမှုကို တားမြစ်လိုက်ပါတယ်။
အဲ့ဒီလိုမျိုး လုပ်ဆောင်ချက်ကြောင့်ပဲ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေး ကွင်းဆက်ကနေတဆင့် ဂယက်တွေဖြစ်ခဲ့ပြီး အလယ်လတ်တန်းစား ထုတ်လုပ်သူတွေဟာ မလေးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံလိုမျိုး သူတို့ရဲ့ အမှိုက်တွေကို လက်ခံမယ့် နေရာအသစ်တွေကို ရှာဖွေလာကြပါတယ်။
အခုလိုမျိုး အမှိုက်တင်သွင်းတဲ့ လုပ်ငန်းကြောင့် လိုင်စင်မဲ့ ပလတ်စတစ် ပြန်လည် သန့်စင်တဲ့ တရားမဝင် လုပ်ငန်းတွေကို ဖြစ်ထွန်းလာစေခဲ့ပါတယ်။ အခုနှစ် အစောပိုင်း မလေးရှားနိုင်ငံမှာတော့ အစိုးရရဲ့ ဖြိုခွင်းမှုတွေအတွင်းမှာ ညစ်ညမ်းရေတွေ နဲ့ အဆိပ်သင့် ဓာတ်ငွေ့တွေ ထုတ်လွှတ်မှုကြောင့် ဒေသခံ လူမှုအသိုက်အဝန်းတွေကို ထိခိုက်မှု ဖြစ်စေတဲ့ လိုင်စင်မဲ့ ပြန်လည် သန့်စင်စက်ရုံ အနည်းဆုံး ၁၄၈ ခုလောက်ကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
အဲ့ဒါကို တုံ့ပြန်တဲ့အနေနဲ့ အစိုးရတွေကလည်း အမှိုက်တွေ ဝင်ရောက်လာမှုကို တားမြစ်ပိတ်ပင်ပြီး ဖြိုခွင်းဖို့ ကြိုးစားလုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ အခုနှစ် အစောပိုင်းမှာတော့ ဖိလစ်ပိုင်နဲ့ ကနေဒါနိုင်ငံတို့ဟာဆိုရင် တင်သွင်း အမှိုက်ကိစ္စနဲ့ ပတ်သက်ပြီး သံတမန်ရေး အကျပ်အတည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ကနေဒါနိုင်ငံဆိုင်ရာ သူ့ရဲ့ သံအမတ်ကို ပြန်ခေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလမှာတော့ အမှိုက်တန်ချိန် ၂၄၅၀ တန်ကို ပြန်ယူပါ့မယ်လို့ ကနေဒါနိုင်ငံက သဘောတူခဲ့ရပါတယ်။
ပြီးခဲ့တဲ့ မေလမှာပဲ မလေးရှားနိုင်ငံဟာလည်း ပလတ်စတစ် တန်ချိန် ၄၅၀ ကို သူတို့ရဲ့ မူရင်းလာရာ နိုင်ငံတွေဖြစ်တဲ့ ယူကေ၊ ကနေဒါ၊ အမေရိကန်၊ ဂျပန်နဲ့ နယ်သာလန်နိုင်ငံတို့ဆီ ပြန်ပို့ခဲ့ပါတယ်။ အခုလိုမျိုး နိုင်ငံတချို့က သူတို့ရဲ့ စွန့်ပစ်ပစ္စည်းကိစ္စနဲ့ ပတ်သက်လို့ ဖြေရှင်းရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းချက်တွေကိုလည်း ပြုလုပ်လာခဲ့ပါတယ်။
မေလထဲမှာပဲ နိုင်ငံပေါင်း ၁၈၇ နိုင်ငံရဲ့ အစိုးရတွေဟာ နယ်စပ်အချင်းချင်းကြားမှာ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေ ရွေ့လျားမှုတွေကို ထိန်းချုပ်ဖို့ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်း သဘောတူညီချက်ဖြစ်တဲ့ Basel Convention မှာ ပလတ်စတစ်ကို ထည့်သွင်းခဲ့ပါတယ်။ အဲ့ဒီလုပ်ဆောင်ချက်ဟာ ကမ္ဘာလုံးဆိုင်ရာ စွန့်ပစ် ပလတ်စတစ် စီမံခန့်ခွဲမှုစနစ်မှာ တာဝန်ယူမှု ရှိစေဖို့နဲ့ မညီမျှမှုတွေကို ပြန်လည်ဖြေရှင်းဖို့ စတင်တဲ့ ခြေလှမ်းဖြစ်တယ်လို့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့က ပြောဆိုခဲ့ပါတယ်။
အခုလိုမျိုး အရှေ့တောင်အာရှ နိုင်ငံတချို့ဆီ အနောက်တိုင်းက ဖွံ့ဖြိုးပြီးနိုင်ငံတချို့ဆီကနေ စွန့်ပစ်ပလတ်စတစ်တွေ တန်နဲ့ချီပြီး ရောက်ရှိလာကြတဲ့အထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်ဆိုတဲ့ သတင်းကိုတော့အခုထိ တရားဝင် ကြားသိရတာမျိုးတော့ မရှိသေးပါဘူး။ လောလောဆယ်မှာတော့ တရုတ်နဲ့ သဘောတူညီချက် အသစ်တခုအောက်မှာ ပြန်လည် သန့်စင်ထားတဲ့ ပလတ်စတစ် အစေ့တွေကို မြန်မာနိုင်ငံကနေ တင်ပို့ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။
Ref. CNN