အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်ထဲက ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ရှားပါးဦးချိုတခုပါ ကြံ့အကောင်ရေ ၂၀၀၀ ကျော် နေထိုင်ရာ Kaziranga အမျိုးသားဥယျာဉ်မှာ ရေကြီးမှုကြောင့် တိရစ္ဆာန်ကောင်ရေ ရာကျော် သေဆုံးခဲ့ရပါတယ်။
ဇူလိုင် ၁၉ ရက်၊ သောကြာနေ့က ကြံ့ ၃ ကောင်အပါအဝင် တိရစ္ဆာန် အသေကောင် ၂၇ ကောင်ကျော်ကို ထပ် တွေ့ခဲ့တာကြောင့် စုစုပေါင်း ၁၁၀ ရှိသွားပြီ ဖြစ်ပါတယ်။ သေဆုံးတဲ့ထဲမှာ ကြံ့ကောင်ပေါက်စ ၉ ကောင် အပါအဝင် စုစုပေါင်း ၁၀ ကောင် သေဆုံးခဲ့ရပါတယ်။
အမျိုးသားဥယျာဉ် တခုလုံးနီးပါး ရေလွှမ်းမိုးမှုကြောင့် သမင်ကောင်ရေ ၇၇ ကောင် ရေနစ်သေဆုံးခဲ့ရသလို ရုတ်တရက် ရေကြီးလာမှုကြောင့် အရှိန်နဲ့ မောင်းပြေးလာတဲ့ မော်တော်ကား တိုက်မှုကြောင့်လည်း သေဆုံးခဲ့ရတာပါ။ အိန္ဒိယနွယ်ဖွား သမင်ကောင်ကြီးတကောင်လည်း ကားနဲ့တိုက်မိလို့ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ပန်းခြံအတွင်းပိုင်း တော်တော် များများနေရာတွေမှာ ရေအမြင့် ၄ ပေခန့် ရုတ်ခြည်း မြင့်တက်လာမှုကြောင့် ဆင် ၁ ကောင်၊ ကျွဲ ၁ ကောင်၊ သမင်ကောင်ကြီး ၇ ကောင်၊ တောဝက် ၆ ကောင်၊ Swamp သမင် ၅ ကောင်၊ ဖြူ ကောင် ၂ ကောင်တို့ ရေနစ် သေဆုံးခဲ့ရပါတယ်။
“ရေကျသွားရင်တော့ တိရစ္ဆာန် အသေကောင်တွေ ပိုတွေ့လာရမယ် ထင်ပါတယ်။ ရေအရမ်းကြီးနေတုန်းက ဝင်လို့ မရတဲ့နေရာတွေမှာ အခုတဖြည်းဖြည်း ရေပြန်ကျနေပါပြီ။ သေဆုံးရတဲ့ တိရစ္ဆာန်အများစုကတော့ ရေကြီးလို့ ထွက်မပြေးနိုင်တော့ဘဲ ရေနစ်သေကြတာပါ။ အများစုက အကောင်ပေါက်လေးတွေ ဖြစ်တယ်” လို့ Kaziranga အမျိုးသားဥယျာဉ် တောအုပ် Rohini က ဆိုပါတယ်။
“ကျားမ တကောင်ကတော့ ရေကြီးတဲ့ ဥယျာဉ်ထဲကနေ လွတ်လာလို့ မီတာ ၁၀၀ လောက်ပဲဝေးတဲ့ ဘေးကင်းတဲ့ တောထဲပို့ထားရတယ်။ ရေပြန်ကျတာနဲ့ Kaziranga အမျိုးသားဥယျာဉ်ထဲ ပြန်လွှတ်ပေးမှာပါ“လို့ Rohini က ဆိုပါတယ်။
ဥယျာဉ်ထဲမှာနေတဲ့ ကြံ့ကောင်ရေ ၂,၄၀၀ ကလည်း ရေကြီးမှုကနေ လွတ်မြောက်ရာကို ရွေ့ပြောင်းနေကြပေ မယ့် လသားအရွယ် အကောင်ပေါက်လေးတွေ အတွက်တော့ စိုးရိမ်နေရဆဲပါ။ လွတ်ခဲ့တဲ့ တပတ်လောက်က ရုတ်တရက် ရေကြီးလာမှုကြောင့် ၉၀ ရာခိုင်နှုန်းသော တိရစ္ဆာန်တွေဟာ မိုင်တော်တော်များများ ရေစီးနဲ့အတူ မျောပါသွားပြီး ရေဘေးကင်းလွတ်ရာ တောင်ကုန်းအမြင့်တွေပေါ်ကို ထွက်ပြေးခဲ့ကြရပါတယ်။
ဥယျာဉ်တွင်းမှာ သစ်တော်ဌာနဝန်ထမ်းတွေကလည်း ထွက်မပြေးနိုင်ခဲ့တဲ့ တိရစ္ဆာန်တွေကို အမြန်ဆုံးကယ်တင် နိုင်အောင် ကြိုးစားခဲ့ပေမယ့်လည်း ရေကြီးမှုကြောင့် ဇူလိုင် ၂၁ ထိ တိရစ္ဆာန် ၁၄၀ ကျော် သေဆုံးခဲ့ပြီလို့ ကြေညာထားပါတယ်။
Ref. Times of India
You may also like these stories:
အာသံ ရေဘေး ဒုက္ခသည်များအတွက် မင်းသားကြီး အမီတာဘဂျမ်း ရူပီး ၅၁ သိန်း လှူဒါန်း
အပူလှိုင်းဖြတ်တာတွေ ရပ်တန့်ဖို့ ဖား နှစ်ကောင်ကို လက်ထပ်ပေးခဲ့တဲ့ အိန္ဒိယနိုင်ငံ
နေ့တိုင်း သစ်ပင်စိုက်ပြီး နှစ်ပေါင်း ၄၀ အကြာမှာ တောအုပ်အဖြစ် ဖန်တီးနိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား