သဘာဝ ဘေးအန္တရာယ်ဆိုတာ တားဆီးလို့ရတဲ့ အရာမျိုး မဟုတ်ပါဘူး။ မဖြစ်ခင် ကြိုတင် ကာကွယ်ထားနိုင်မှသာ အသက်ဘေးက လွတ်မြောက်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။
ဒီတနှစ် မိုးရာသီကာလမှာ လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသလို သန်းနဲ့ချီပြီး အိုးမဲ့အိမ်မဲ့တွေ ဖြစ်ခဲ့ရပါတယ်။ ကုလသမဂ္ဂရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နီပေါနိုင်ငံနဲ့ မြန်မာနိုင်ငံတို့မှာ ရေကြီး မြေပြိုမှုတွေကြောင့် လူပေါင်း ၆၀၀ ကျော် သေဆုံးခဲ့ရပြီး လူ ၂၅ သန်းလောက် အိုးမဲ့ အိမ်မဲ့တွေ ဖြစ်နေကြရတယ်လု့ိ ဆိုပါတယ်။
အိန္ဒိယနိုင်ငံမှာ လူပေါင်း ၁၀ သန်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ လူ ၄ သန်းလောက် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အိုးအိမ်မဲ့စာရင်းမှာ ကလေးပေါင်း ၄ ဒဿမ ၃ သန်း ပါဝင်ပါတယ်။ အာသံပြည်နယ်ရဲ့ ကျောင်းပေါင်း ၂၀,၀၀၀ လောက်ကလည်း ရေမြှုပ်စာရင်းထဲ ပါဝင်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ မွန်ပြည်နယ်မှာလည်း ရေကြီး မြေပြိုမှုတွေကြောင့် သေဆုံးသူ ပမာဏက ပိုပြီး တိုးလာနေပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့မှာတော့ ပေါင်မြို့နယ်အတွင်းမှာ သေဆုံးသူ ၅၂ ဦးအထိ ရှိလာခဲ့ပြီး လူပေါင်းများစွာ ပျောက်ဆုံးနေတုန်းပါပဲ။ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာလည်း ရေဘေး ကယ်ဆယ်ရေး စခန်းတွေ ဖွင့်ထားပေးရပါတယ်။
ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ဒေသကြီးတွေမှာလည်း မိုးအဆက်မပြတ် ရွာနေတဲ့အတွက် နောက် ရက်တွေအထိ ဆက်တိုက် ရွာနေမယ်ဆိုရင် ဘေးအန္တရာယ်ရှိတဲ့ အခြေအနေကို ရောက်လာနိုင်ပါတယ်။
မြန်မာနိုင်ငံ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရဲ့ အဆိုအရ ရေကြီးမှုဟာ ဇွန်လကတည်း စတင်ခဲ့တယ်လို့ သိရပါတယ်။ ရေကြီးမှုကြောင့် လူပေါင်း ၁၅၀,၀၀၀ ကျော်ဟာ ဇွန်လ ကတည်းက အိုးမဲ့အိမ်မဲ့တွေ ဖြစ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
အိုးမဲ့အိမ်မဲ့ ဖြစ်နေသူတွေကို လူမှုကူညီရေးအသင်းတွေက တတ်နိုင်သလောက် ကူညီခဲ့ကြပါတယ်။ သြဂုတ်လ ၁၃ ရက်နေ့မှာတော့ ကုလသမဂ္ဂ ဦးဆောင်တဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတွေအနေနဲ့ မွန်ပြည်နယ်ကို သွားရောက်မှာ ဖြစ်ပြီး လိုအပ်ချက်တွေကို ကူညီပေးသွားဖို့ရှိတယ်လို့ reliefweb.int ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။
ပျက်စီးတာတွေ ပြီးဆုံးသွားရင်တော့ ပြန်လည် ထူထောင်ရတာက ဓမ္မတာပါပဲ။ ဒါကြောင့်လည်း ရေဘေးသင့်ခဲ့သူတွေဟာ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို မလုပ်ဆောင်ခင် အခုဖော်ပြပေးမယ့် အချက်တွေကို ကြိုတင်သိထားသင့်ပါတယ်။ ဒါမှလည်း မလိုအပ်တဲ့ ဘေးအန္တရာယ်တွေ မကျရောက်နိုင်မှာပဲ ဖြစ်ပါတယ်။
ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါ ကိုယ်နဲ့ ကိုယ့်မိသားစုရဲ့လုံခြုံရေးက အရေးကြီးပါတယ်။ ဒါကြောင့် အခုဖော်ပြပေးမယ့် အချက်တွေကို လိုက်နာဖို့လိုအပ်ပါတယ်။
(၁) ရေကြီးတာတွေ ပြီးတဲ့နောက်မှာ မြွေ စတဲ့ အဆိပ်ရှိတဲ့ သတ္တဝါတွေက ကိုယ့်အိမ်မှာ ခိုအောင်း နေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အိမ် ကိုယ်ပြန်တဲ့အခါ လည်ရှည်ဖိနပ်နဲ့ ထူထဲတဲ့ အဝတ်အစားတွေကို ဝတ်ဆင်သွားသင့်သလို အဆိပ်ရှိ သတ္တဝါတွေရဲ့ အန္တရာယ်တွေကို အမြဲ သတိရှိနေသင့်ပါတယ်။
(၂) ရေလွှမ်းမိုးတုန်းက ပါမသွားဘဲ ကျန်ရစ်ခဲ့တဲ့တဲ့ အစားအသောက်တွေကိုလည်း ဆက်ပြီး မစားသောက်သင့်တော့ပါဘူး။
(၃) လျှပ်စစ်မီးဘေးအန္တရာယ်တွေလည်း ရှိနိုင်တဲ့အတွက် လျှပ်စစ်ဆားကစ်တွေ ကျိုးနေတဲ့ လျှပ်စစ် မီးတိုင်တွေကို သတိထားသင့်သလို ကိုယ့်အိမ်အတွင်းမှာ ရှိနေတဲ့ မီးလောင်လွယ်တဲ့ ပစ္စည်းတွေနဲ့ ပေါက်ကွဲလွယ်တဲ့အရာတွေကို မြန်မြန်ပြောင်းရွှေ့ထားသင့်ပါတယ်။
(၄) ကိုယ့်အိမ်ရောက်ပြီးတဲ့ နောက်မှာတော့ အဆောက်အဦတွေကို စစ်ဆေးသင့်ပါတယ်။ နံရံတွေ ကွဲအက်နေတာ၊ ကြမ်းခင်းတွေ ကွဲအက်နေတာ ရှိ၊ မရှိ အရင်စစ်ဆေးသင့်ပါတယ်။ နေထိုင်ဖို့ မလုံခြုံနိုင်ဘူးလို့ ယူဆရင်တော့ တခြားတနေရာရာမှာ သွားနေတာက အကောင်းဆုံးပါပဲ။
(၅) နှစ်ထပ်အိမ်တွေမှာ နေထိုင်သူတွေကတော့ အိမ်အောက်ထပ် တထပ်လုံး ရေမြှုပ်နေတုန်းပဲဆိုရင် ရေတွေကို တကြိမ်တည်းနဲ့ အားလုံး စုပ်ထုတ်ပစ်တာမျိုး မလုပ်ဘဲ တရက်ကို ၃ ပုံ ၁ ပုံလောက်သာ စုပ်ထုတ်ပေးသင့်ပါတယ်။ ရေတွေကို တကြိမ်တည်းနဲ့ အကုန်စုပ်ယူလိုက်မယ်ဆိုရင် မြေပြင်က စိုစွတ်နေတဲ့အတွက် နံရံတွေ ပြိုကျလာနိုင်ပါတယ်။ နံရံတွေ ပြိုကျနိုင်ခြင်းရဲ့ အကြောင်းကတော့ မြေပြင်က အဆောက်အဦကို တောင့်မခံထားနိုင်တဲ့အတွက်ကြောင့်ပါ။
(၆) ရေမြှုပ်ထားတဲ့အတွက် နံရံတွေနဲ့ မျက်နှာကျက်တွေမှာ ခံနိုင်ရည်အား နည်းနေပါလိမ့်မယ်။ ဒါကြောင့်လည်း နံရံနဲ့ မျက်နှာကျက်တွေကို အင်္ဂတေကိုင်တာမျိုး လုပ်သင့်ပါတယ်။
(၇) နေအိမ်ကို ယာယီပြုပြင်ပြီးတဲ့နောက်မှာတော့ ကိုယ့်ပိုင်ဆိုင်မှုတွေကိုသုံးပြီး လုံခြုံစိတ်ချရတဲ့ အနေအထားမျိုး ရောက်အောင် အိမ်ကို ပြုပြင်သင့်ပါတယ်။
(၈) ရေမြှုပ်နေစဉ်အတွင်းက ဘက်တီးရီးယားပေါင်းများစွာက ကိုယ့်နေအိမ်ကို ရောက်နေနိုင်ပါ တယ်။ ဒါကြောင့်လည်း ကျန်းမာရေးကို အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။
(၉) နေအိပ်ထဲ ဝင်နေတဲ့ရေတွေကို ခပ်ထုတ်မယ်ဆိုရင်တော့ ရာဘာ လက်အိတ်တွေနဲ့ မျက်မှန်ကို တပ်ထားသင့်ပါတယ်။ ဒါမှလည်း မမြင်ရနိုင်တဲ့ ဘက်တီးရီးယား အန္တရာယ်တွေကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
(၁၀) ရေမြှုပ်ပြီးနောက်မှာတော့ ခြင်တွေ နေအိမ်ဝန်းကျင်မှာ ပေါများလာတာ တွေ့ရပါလိမ့်မယ်။ ခြင်တွေဟာ လူတွေကို အင်မတန် ဒုက္ခပေးလေ့ရှိတဲ့ သတ္တဝါတွေပါ။ ဒါကြောင့်လည်း ရေမြှုပ်ပြီးစ နေအိမ်တွေကို ပြန်တဲ့အခါ ခြင်ကိုက်မခံရအောင် သတိထားသင့်သလို တခြား အဆိပ်ရှိသတ္တဝါတွေရဲ့ ဘေးအန္တရာယ်တွေကို သတိရှိဖို့ လိုအပ်ပါတယ်။
Ref. indiatoday.in, reliefweb.int, ill.org, dfes.wa.gov.au
You may also like these stories:
သဘာဝဘေး ကူညီရန် အမိန့်စောင့်စရာ မလိုဟု တပ်မတော်သားများကို ညွှန်ကြားထား
ရေဘေး ကယ်ဆယ်ရေး ဆောင်ရွက်နေသည့် တပ်မတော်သားတဦး ရေနစ် သေဆုံး
မိုးကြိုးပစ်၊ ကမ်းပြို၊ မြေပြို နှင့် ငလျင် ၁ နှစ်ပတ်လုံး ဖြစ်နိုင်ခြေ အများဆုံးရှိဟု ဆို