ကမ္ဘာ့ကြီးရဲ့အဆုတ်လို့ တင်စားကြတဲ့ အမေဇုန် အပူပိုင်းဇုံသစ်တောကြီးဟာ အကျယ်အဝန်းအားဖြင့် စတုရန်း ကီလိုမီတာ ၅ ဒဿမ ၅ သန်း ကျယ်ဝန်းသလို၊ ကမ္ဘာ့အောက်ဆီဂျင် လိုအပ်ချက်ရဲ့ ၂၀ ရာခိုင်နှုန်းကျော်ကို ဖြည့်ဆည်းပေးနေတဲ့ တခုတည်းသော မိုးသစ်တောကြီးလည်း ဖြစ်ပါတယ်။
အခုခါမှာတော့ လူ့သားတွေရဲ့ နယ်မြေချဲ့ထွင် စိုက်ပျိုးမှုတွေနဲ့ သစ်အလွန်အကျွံ ခုတ်ယူမှုတွေကြောင့် သစ်တော ပြုန်းတီးလာသလို လက်ရှိမှာ စံချိန်တင်မီးလောင်မှုကြောင့်လည်း ပုံမှန်ထက် ပျက်စီးဆုံးရှုံးနေပါတယ်။
အမေဇုန်သစ်တောကြီး ပျက်စီးဆုံးရှုံးမှုတွေကို လူတိုင်း သတိပြုမိလာအောင် အနုပညာရှင်တွေနဲ့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက ကျယ်ကျယ်ပြန့်ပြန့် နိုှးဆော်လာတာကြောင့် အမေဇုန်မိုးသစ်တောကြီးနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာ၊ အချက်အလက်တွေကို စုစည်းဖော်ပြပေးချင်ပါတယ်။
အမေဇုန်သစ်တောကြီးဟာ ဘရားဇီးနိုင်ငံအပါအဝင် လက်တင်အမေရိက ၉ နိုင်ငံကို ဖြန့်ကျက် ထိစပ်နေပါ တယ်။ အစအဆုံး စတုရန်းကီလိုမီတာ ၇ ဒဿမ ၄ သန်း ရှိကာ ဘိုလီဗီးယား၊ ကိုလံဘီယာ၊ အီကွေဒေါ၊ French Guiana၊ ဂူယာနာ၊ ပီရူး၊ Suriname နဲ့ ဗင်နီဇွဲလားနိုင်ငံတွေနဲ့ ၄၀ ရာခိုင်နှုန်း ထိစပ်ကာ ဘရာ ဇီးနိုင်ငံမှာတော့ သစ်တောရဲ့ ၆၀ ရာခိုင်နှုန်း တည်ရှိပါတယ်။
ကမ္ဘာပေါ်မှာ တခုတည်းသော ဇီဝမျိုးကွဲများ နေထိုင်ရာနေရာအဖြစ် အမေဇုန်သစ်တောကြီးရဲ့ စတုရန်းကီလိုမီ တာ ၂ ဒဿမ ၁ သန်းကျော်ကို ကာကွယ်စောင့်ရှောက်ရေးဇုံအဖြစ် သတ်မှတ်ကာ စောင့်ရှောက်ထားပါတယ်။
အပင်မျိုးကွဲ ၃ သောင်းကျော်၊ ငါးအမျိုးအစား ၂၅၀၀၊ ငှက် ၁၅၀၀၊ နို့တိုက်သတ္တဝါ ၅၀၀၊ တွားသွားသတ္တဝါ ၅၅၀ နဲ့ အင်းဆက်အမျိုးပေါင်း ၂ ဒဿမ ၅ သန်းကျော် နေထိုင်ကျက်စားကြတယ်လို့ Amazon Cooperation Treaty Organization (ACTO) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၀၇ ခုနှစ်က ထုတ်ပြန်တဲ့ တိုင်းတာချက်တချို့မှာတော့ ဘရာဇီး၊ ကိုလံဘီယာနဲ့ ပီရူးနိုင်ငံတွေကို ဖြတ်သန်း စီးဆင်းနေတဲ့ အရှည် ၆,၉၀၀ ကီလိုမီတာ ရှိတဲ့ အမေဇုန်မြစ်ဟာ အရှည်ဆုံးမြစ်အဖြစ် သတ်မှတ်ထားပြန်ပါတယ်။ အမေဇုန်သစ်တောကို အမှီပြုပြီး နေထိုင်နေတဲ့ လူမျိုးစုတွေဟာ နှစ်ပေါင်း ၁၁,၀၀၀ ကျော် နေထိုင်လာကြတာ ဖြစ်ပြီး ၃ သန်းနီးပါးဟာ မျိုးနွယ်စု ၄၂၀ ရှိတဲ့ အင်ဒီးယန်း လူမျိုးတွေ ဖြစ်ပါတယ်။
ACTO ရဲ့ ထုတ်ပြန်ချက်အရ မျိုးနွယ်စု ၆၀ လောက်ဟာ တခြားသူတွေနဲ့ ရောနှော ဆက်သွယ်ခြင်း မရှိဘဲ သီး သန့်နေထိုင်ကြတယ်လို့ ဆိုပါတယ်။ ဘာသာစကား အမျိုးအစား ၈၆ မျိုးလောက် ပြောဆိုကြပြီး ဒေသိယစကား ၆၅၀ လောက် ရှိတယ်လို့ ဆိုပါတယ်။ အကြီးဆုံးလူမျိုးစုကတော့ Tikuna ဖြစ်ကာ လူဦးရေ ၄ သောင်းကျော်ရှိ ပြီး ဘရားဇီး၊ ပီရူးနဲ့ ကိုလံဘီယာနိုင်ငံတွေနဲ့ ထိစပ်နေတဲ့ နယ်မြေတွေမှာ နေထိုင်ကြပါတယ်။
အမေဇုန်ဒေသအတွက် သတ်မှတ်ထားတဲ့ မြို့တော်နေရာကတော့ Manaus ဖြစ်ပြီး စတုရန်းကီလိုမီတာ ၁ ဒဿမ ၅ သန်းကျော် ကျယ်ဝန်းကာ ဘရားဇီးနိုင်ငံထဲမှာ အကြီးဆုံးလည်း ဖြစ်ပါတယ်။ ၁၆၆၉ ခုနှစ်က ပေါ်တူဂီ လူမျိုးတွေက စတင်တည်ထောင်ပေးခဲ့တဲ့ Manaus ဟာ ခုချိန်မှာ လူဦးရေ ၁ ဒဿမ ၈ သန်းကျော် နေထိုင်နေ ပါပြီ။ အများစုကတော့ စက်မှုလုပ်ငန်းကဏ္ဍတွေမှာ လုပ်ကိုင်ကြပါတယ်။ ဘရားဇီးနိုင်ငံရဲ့ Sao Paulo ၊ မြို့တော် Rio de Janeiro ပြီးရင် တတိယအကြီးဆုံး စီးပွားရေးအချက်အချာ နေရာလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ တခုတည်းသော အမေဇုန်မိုးသစ်တောကြီးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ ထက်စာရင် ၂၀ ရာခိုင်နှုန်းနီးပါး ပျက်စီးဆုံးရှုံးခဲ့ရပြီးပြီလို့ WWF (World Wide Fund for Nature) က သတိပေးထုတ်ပြန်ထားပါတယ်။ ၂၀၁၉ ခုနှစ်မှာ စတင်တာဝန် ထမ်းဆောင်တဲ့ ဘရာဇီးသမ္မတ Jair Bolsonaro လက်ထက်မှာတင် သစ်တောပြုန်းတီးမှုဟာ မနှစ်ကထက် ၄ ဆလောက် မြင့်တက်သွားပါတယ်။
ဇန်နဝါရီလကနေ သြဂုတ်လထိ အမေဇုန်သစ်တောထဲမှာ မီးလောင်မှုတွေဟာ ၇၃,၀၀၀ ကျော် ရှိခဲ့တာကြောင့် ၂၀၁၃ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးစံချိန်လည်း ဖြစ်ပါတယ်။
Ref: CNA
You may also like these stories:
ရက်အတော်ကြာ အဆိုးရွားဆုံး မီးလောင်ကျွမ်းနေတဲ့ အမေဇုန်သစ်တောကြီး
တနှစ်ထက်တနှစ် သစ်တောပြုန်းတီးမှု ပိုများလာတဲ့ အမေဇုန်မိုးသစ်တောကြီး
အမေဇုန် မီးဘေးအတွက် ဒေါ်လာ ၅ သန်း လှူဒါန်းလိုက်တဲ့ မင်းသား လီယိုနာဒို ဒီကာပရီယို
အမေဇုန်မီးက ဘရာဇီးသာမက ကမ္ဘာကြီးကိုပါ အခက်ကြုံစေ