ဆွာချောင်း ရေလှောင်တမံ ကဲ့သို့ ကျိုးပေါက်မှု ထပ်မဖြစ်စေရန် မြန်မာနိုင်ငံ အတွင်းရှိ ဆည်မြောင်းများ ခိုင်မာမှု ရှိစေရေး အတွက် စစ်ဆေးမှုများ အမြဲပြုလုပ်ရန် လိုအပ်ကြောင်း ဒု သမ္မတ ဟင်နရီဗန်ထီးယူ က ပြောသည်။
ပြီးခဲ့သည့်နှစ် သြဂုတ် လကုန်ပိုင်းက ပဲခူးတိုင်း ဆွာချောင်း ရေလှောင်တမံ ကျိုးပဲ့မှုကြောင့် ရေဘေးသင့်ခဲ့သည့် ပြည်သူများထံသို့ နေအိမ် ၁၇၅ လုံးအား ပြန်လည်ပေးအပ်သည့် အခမ်းအနားကို အောက်တိုဘာ ၃၁ ရက်က ပြုလုပ် ခဲ့ပြီး အဖွင့် အမှာစကား ပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
ဒု သမ္မတက“နောက်နောင်မှာ ဒီလိုဖြစ်စဉ်မျိုးကို ထပ်မဖြစ်ပေါ်မှုကို ရှောင်ရှားနိုင်ရန် အတွက် တနိုင်ငံလုံးမှာ ရှိတဲ့ ဆည်တွေ၊ ရေလှောင်တမံတွေ အပါအဝင် အခြေခံ အဆောက်အဦတွေရဲ့ ခိုင်ခံ့မှု၊ စစ်ဆေးနေမှု လိုအပ်တဲ့ အတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးက တာဝန်ရှိသူတွေ အနေနဲ့ အထူးဂရုပြု ဆောင် ရွက်ကြဖို့ကိုလည်း မှာကြားလိုပါတယ်” ဟု ဆိုသည်။
အဆိုပါ ဆွာချောင်း ရေလှောင်တမံ ကျိုးပဲ့မှုကြောင့် ကျေးရွာပေါင်း ၁၇ ရွာ၊ နေအိမ်ပေါင်း ၁၀၉၀၀ ကျော်နှင့် လယ်ယာ မြေ ဧကပေါင်း ၃၂၉၂၁ ဧက၊ တံတား အစင်းပေါင်း ၂၀ ပျက်စီးခဲ့ပြီး လူ ၆ ဦး အသက် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဆည်မြောင်းများ ပြန်လည် ပြုပြင်ထိန်းသိမ်းရန် နှစ်စဉ်သာမန်စရိတ် အနေဖြင့် ကျပ်ဘီလီယံ ၇၀ ခန့် ချထားပေး ကြောင်း၊ ထိုသို့ချထားပေးသဖြင့် နိုင်ငံအတွင်းရှိ ဆည်မြောင်းများတွင် ပထမဦးစားပေး ပြင်ဆင်သင့်သည့် ဆည်များကို ပြင်ဆင်သင့်ကြောင်း၊ ဘတ်ဂျက်များကိုလည်း ဆည်မြောင်းများ၏ အမှန်တကယ် လိုအပ်သည့်နေရာတွင် အသုံးပြုရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးတင်ထွန်းနိုင်က ပြောသည်။
ဦးတင်ထွန်းနိုင်က“ဆွာချောင်း ရေလှောင်တမံ ကတော့ မကျိုးခင် ညအထိ စိုးရိမ်စရာမရှိပါဘူးလို့ ပြောသွားတာလေ။ ဒီနေ့ သတင်းစာမှာ စိုးရိမ်စရာမရှိဘူး။ နောက်နေ့သတင်းစာမှာ ကျတော့ ဆည်ကျိုးတယ်ဆိုတဲ့ ကိစ္စဟာ ဌာနရဲ့ ဆည်မြောင်း၊ တာတမံနဲ့ ပတ်သက်တဲ့ ကြံ့ခိုင်မှုအပိုင်းမှာ သုံးသပ်ဆောင် ရွက်နိုင်စွမ်း အားနည်းနေတာပေါ့”ဟုလည်း ပြောဆို သည်။
အဆိုပါ လူနေအိမ် ၁၇၅ လုံးကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း (MCEA) တို့က ရေဘေးသင့် ပြည်သူများအတွက် ဆောက်လုပ် လှူဒါန်းခြင်းဖြစ်ပြီး ပြည်သူများထံသို့ လွှဲပြောင်း ပေးအပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ထိုသို့ ဆောင်ရွက်ပေးရာ၌ ရေတွင် မျောပါခဲ့သည့် အိမ် ၁၈၅ လုံးကိုလည်း ပြန်လည် ဆောက်လုပ်နိုင်ရေး အတွက် အိမ်ဆောက်လုပ်ခြင်းနှင့် အမိုး ထောက်ပံ့ပေးခြင်း၊ တစိတ်တပိုင်း ပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်းများကိုလည်း ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွာချောင်း ရေလှောင်တမံ ကျိုးမှုကြောင့် သဲဖုံးနေသည့် လယ်ယာမြေ ဧက ၄၅၈ ဒသမ ၃ ဧကကို ဖော်ထုတ်ပေးခြင်း၊ သီးနှံ ထောက်ပံ့ပေးခြင်း၊ စပါးတဧက ၁ သောင်း ကျပ်နှုန်း၊ ကြံ ၁ ဧက ၅ သောင်း ကျပ်နှုန်း ထောက်ပံ့ ပေးခြင်း၊ ဆွာချောင်း တံတားကြီး အပါအဝင် တံတား ၂ စင်း၊ လမ်း ၂၇ လမ်းနှင့် နေအိမ်ပေါင်း ၁၇၅ လုံးတို့ကို ပြန်လည် ပြင်ဆင်ပေးခဲ့ကြောင်း ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဝင်းသိန်း က ပြောပြသည်။
ကျွန်းတောစု ကျေးရွာအသစ်တွင်နေထိုင်နေသူ မဝါဝါအောင်က“အခုကျတော့ လုပ်ငန်းက အတည် တကျ မရှိသေးဘူး။ တရွာလုံးပဲ။ သူများနေ့စား ခေါ်ရင် လိုက်ရတာပေ့ါ။ ရွာဟောင်းမှာတုန်းက နောက် နေ့စာ ဆန်မရှိလည်း မပူရဘူး။ အခုကျတော့ အလုပ်မရှိတော့ သူများနိုင်ငံတွေ သွားပြီး လုပ်တဲ့သူတွေတောင် လုပ်ကိုင်ကြတာ ရှိတယ်”ဟု ဧရာဝတီ သို့ ပြော သည်။
အဆိုပါ ကျွန်းတောစု ကျေးရွာသည် ယခင်က ဆွာချောင်း သိုင်းဝ ကျေးရွာ အုပ်စုတွင် ပါဝင်ပြီး ယခုအခါ ကျေးရွာ၏ လုံခြုံရေးနှင့် ဒေသခံများ အကျိုးဖြစ်ထွန်းစေရေး အတွက် တောင်ကုန်းများကို ပြုပြင်၍ ကျွန်းတောစု ကျေးရွာ အဖြစ် သို့ ဆောင်ရွက် ပေးထားကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဆိုသည်။
ထို့ပြင် ကျွန်းတောစု ကျေးရွာအား လျှပ်စစ်မီး ရရှိရေး၊ သောက်သုံးရေ ရရှိရေး အပါအဝင် ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးနှင့် ဌာနဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ပိုလျှံဘတ်ဂျက်မှ ကျေးရွာ စုပေါင်းရုံးကိုလည်း ဆောက်လုပ်ပေးခဲ့ကြောင်းလည်း ဆိုသည်။
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက အလယ်တန်း ကျောင်းဆောင် ၁ ဆောင်၊ အလှူရှင်များ စုပေါင်း၍ ဘုန်းတော်ကြီး ကျောင်း ၁ ကျောင်းတို့ကို လှူဒါန်းခဲ့ကြောင်း သိရှိရသော်လည်း ဒေသခံများ အလုပ်အကိုင် ရရှိရေး အတွက်ကိုမူ ဆောင်ရွက် ပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
You may also like these stories:
သဖန်းဆိပ်ဆည် ရေလှောင်တမံ ရေဝင်နည်းပါးမှုကြောင့် တောင်သူများ စိုးရိမ်
မန္တလေးတိုင်းအတွင်း ကမ်းပြိုမှု ကာကွယ်ရန် ယခုဘဏ္ဍာနှစ်တွင် ကျပ်သန်း ၅၃၀၀ ကျော်သုံးမည်
ရန်ကုန်မြို့သစ် ရေလွှမ်းမိုးမှု ကာကွယ်ရေး အစီအစဉ်နှင့် ငွေကြေးစိုက်ထုတ်မှု အသေးစိတ်များ မသိရ