အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီတွင် လေထုညစ်ညမ်းမှု မြင့်တက်လာခြင်းကြောင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကြေညာရပြီး ဒေသခံများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အုပ်စုများက ဆန့်ကျင်ကြသဖြင့် ကျောင်းများ နှစ်ရက်ကြာ ပိတ်ထားပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ကျောင်းများကို ပြန်လည်ဖွင့်လှစ်လိုက်သည်။
နယူးဒေလီ အပါအဝင် အိန္ဒိယ မြောက်ပိုင်းတွင် လေထုညစ်ညမ်းမှုသည် ကျန်းမာရေးထိခိုက်စေသည့် အဆင့်တွင်သာ ရှိနေသေးသော်လည်း မျက်နှာဖုံးများ ဝတ်ဆင်ထားသော ကျောင်းသား အများအပြားသည် နယူးဒေလီနှင့် ပတ်ဝန်းကျင်မှ ကျောင်းများသို့ သွားရောက်ခဲ့ကြသည်။
ဗုဒ္ဓဟူးနေ့တွင် မိုးအနည်းငယ်ရွာပြီး ကြာသပတေးနေ့တွင် သည်းထန်စွာရွာမည်ဟု အိန္ဒိယ မိုးလေဝသရုံးက ခန့်မှန်းထားသည်။ မိုးအနည်းငယ်ရွာသောကြောင့် လေထုအခြေအနေ ပိုမိုဆိုးရွားလာနိုင်ပြီး မိုးသည်းထန်စွာရွာခြင်းသည် ညစ်ညမ်းမှုအဆင့်ကို လျှော့ချပေးနိုင်သည်။ လေထုညစ်ညမ်းမှုအခြေအနေသည် တနင်္ဂနွေနေ့က ယခုနှစ်အတွင်း အဆိုးဆုံးအဆင့်အထိ ရောက်ခဲ့သည်။
လေထုပတ်ဝန်းကျင်အတွင်းမှ ညစ်ညမ်းမှုများကို လေဖြင့် တိုက်ထုတ်ပေးသောကြောင့် ပိုမိုပြင်းထန်သော လေက တမြို့လုံး၏ လေထုအရည်အသွေးကို ဒုတိယမြောက်နေ့အဖြစ် တိုးတက်လာစေခဲ့သည်။
နယူးဒေလီမှ အာဏာပိုင်များသည် လေထုညစ်ညမ်းမှုကို လျှော့ချရန် မ ဂဏန်းဖြင့်ဆုံးသော ကားနံပါတ်များကို တနင်္လာနေ့က ပိတ်ပင်ထားသည်။ သို့သော် လူဦးရေ သန်း ၂၀ ရှိသောထိုမြို့မှ နိုင်ငံရေးသမားများမှာမူ လေထုညစ်ညမ်းမှု၏ အကြောင်းရင်းနှင့် မည်သူတာဝန်ယူသင့်သည်ကို ငြင်းခုန်နေကြသည်။
နယူးဒေလီနှင့်ထိစပ်နေသည့် စိုက်ပျိုးရေးဒေသများဖြစ်သော ပန်ဂျပ်နှင့် ဟာယာန ပြည်နယ်များမှ သီးနှံအပင်လက်ကျန်များ မီးရှို့ခြင်း များပြားလာသောကြောင့် လေထုညစ်ညမ်းမှု အဆင့်မြင့်တက်လာခြင်းဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ပြောသည်။
အင်္ဂါနေ့ည တွင် လူ ၁၅၀၀ ကျော်တို့သည် နယူးဒေလီရှိ စစ်အထိမ်းအမှတ် အဆောက်အအုံဖြစ်သော အိန္ဒိယ တံခါးတွင် စုဝေးပြီး လေထုညစ်ညမ်းမှုအဆင့် ကာလကြာရှည်စွာ မြင့်တက်နေခြင်းကို ကန့်ကွက်ကြကာ ဖက်ဒရယ်နှင့် ပြည်နယ်အစိုးရများက အရေးယူ ဆောင်ရွက်ရန်တောင်းဆိုကြသည်။
“ဒီကိစ္စဟာ အားလုံးရဲ့ ပျက်ကွက်မှုဖြစ်တဲ့အတွက် ပြည်သူတွေက ဒေါသထွက်နေကြပြီး ဒီအကျပ်အတည်းကိုကိုင်တွယ်ဖို့ ကျယ်ပြန့်တဲ့အစီအစဉ် ရေးဆွဲဖို့ နိုင်ငံရေးသမားတွေ ပူးပေါင်းဖို့လိုနေပြီ” ဟု ဆွက်ချာအမည်ရှိ တက်ကြွလှုပ်ရှားမှုအဖွဲ့ကို ထူထောင်သူ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝါဒီ ဗင်လန်ဒူဂျားက ပြောသည်။
နယူးဒေလီရှိ အမေရိကန်သံရုံးက ဗုဒ္ဓဟူးနေ့တွင် တိုင်းတာသော လေထုအရည်အသွေး အညွှန်းကိန်းသည် ကျန်းမာရေးထိခိုက်စေသော အဆင့်ရှိသည့် ၁၇၇ တွင် ရှိနေသေးသည်။ အင်္ဂါနေ့နံနက်ခင်းက ထိုအညွှန်းကိန်းသည် ၃၃၁ အထိ ရှိခဲ့ပြီးမှ ပြန်လည်ကျဆင်းလာခြင်း ဖြစ်သည်။
အညွှန်းကိန်း ၄၀၁ ထက် ကျော်ပါက အလွန်ပြင်းထန်သော အဆင့်အဖြစ် သတ်မှတ်သည်။ ထိုလေထုညစ်ညမ်းမှု အဆင့်သည် လက်ရှိ အသက်ရှူလမ်းကြောင်း ရောဂါသည်များနှင့် အခြားအကြောင်းများကြောင့် မကျန်းမာသူများကို အန္တရာယ်ဖြစ်စေနိုင်သည်။
အချင်း ၂.၅ မိုက်ခရွန်ထက် သေးငယ်သော အမှုန်များဖြစ်သည့် PM 2.5 သည် အဆုတ်အတွင်း နက်ရှိုင်းစွာ ကပ်ငြိ နေနိုင်ပြီး အထူးသဖြင့် အန္တရာယ်များသည်ဟု သတ်မှတ်သည်။ PM 10 သည် ပါးစပ်ဖြင့် အသက်ရှူသောအခါ ပါဝင်လာမည့် အခြားညစ်ညမ်းစေသော အရာဖြစ်သည်။
ကိုးကား။ ။ Reuters
You may also like these stories:
၂၀၃၀ တွင် မြန်မာနိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို သစ်တောနယ်မြေ ဖွဲ့စည်းမည် ဟုဆို
ငေါ့ချမ်းခမြစ်ရေ နောက်ကျိရခြင်းနှင့် ဌာနေများ၏ အနာဂတ်
တီကျစ် ကျောက်မီးသွေး စက်ရုံ EIA အစီရင်ခံစာ ဘက်လိုက်မှုများ ရှိနေဟု ဆို