Environment

တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး လှုပ်ရှားမှု မန္တလေးတွင် လုပ်မည်

တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ တရားမဝင်ရောင်းဝယ်နေမှုတိုက်ဖျက်ရေး“Voices for Wildlife” အမည်ရှိ ကမ်ပိန်းကို မန္တလေးမြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်မည်ဟု သိရသည်။

Voices for Wildlife အဖွဲ့ဝင် မမေမိုးဝါက “တောရိုင်တိရစ္ဆာန်ထွက်ပစ္စည်းတွေဟာ ဈေးကွက်ရှိနေလို့ ရောင်းချမှု တွေက ရှိနေတာဖြစ်တယ်။ ဒါတွေဟာ တရားမဝင်ဖြစ်တယ်၊ ထိန်းသိမ်းရမယ်ဆိုတာ ပြည်သူတွေသိအောင် ပြောကို ပြောရမှာ ဖြစ်သလို ရောင်းဝယ်နေတဲ့ဈေးကွက်ကို ပိတ်သိမ်းနိုင်ဖို့ကလဲ အရေးကြီးပါတယ်”ဟု ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သူမက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါကမ်ပိန်းကို လာမည့် ၂၀၂၀ ခုနှစ် ဇန်နဝါရီ တတိယပတ်အတွင်းပြုလုပ်ရန်လျာထားပြီး တောကောင်များ၏ ပုံစံဖြင့် တီထွင်ဖန်တီးထားသော သရုပ်ပြယာဉ်အမျိုးမျိုးဖြင့် မြို့တွင်းသို့ လှည့်လည်ပြသသွားမည့်အစီအစဉ် ဖြစ်သည်ဟု သိရ သည်။

“မန္တလေးက ရိုးရာယဉ်ကျေးမှု အားကောင်းတဲ့ အစဉ်အလာကြီးတဲ့ မြို့တမြို့ဖြစ်သလို တောရိုင်းတိရစ္ဆာန် ရောင်းဝယ် ဖောက်ကားတဲ့ Illegal Crime တွေနဲ့ ဆက်စပ်တဲ့ နယ်စပ်မြို့တွေကို သွားတဲ့ လမ်းကြောင်းတွေနဲ့လည်း နီးတဲ့အတွက် ကြောင့် ကမ်ပိန်းလုပ်ဖို့ ရွေးချယ်လိုက်ရခြင်းဖြစ်ပါတယ်” ဟု မမေမိုးဝါက ရှင်းပြသည်။

ထို့အတွက် သရုပ်ပြယာဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်လိုသူများလည်း ဖိတ်ခေါ်ကာ ဆုချီးမြှင့်မည့်အစီအစဉ်လည်း ပါဝင်မည် ဖြစ်ကာ အဆိုပါအစီအစဉ်အား စိတ်ပါဝင်စားသည့် မန္တလေးအခြေစိုက်အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ အရပ်ဖက် အဖွဲ့ အစည်းများ၊ အသင်းအဖွဲ့များအား ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်သွားမည်ဟု သိရသည်။

Rare pangolins are seen in cages at public square market of Mong La in eastern part of Shan State, border of China.( Photo – Nang Seng Nom / The Irrawaddy )

မန္တလေးတိုင်း သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးဇော်ဝင်းမြင့်က “ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ဖို့ ရှားပါးတိရစ္ဆာန် မျိုးစိတ်တွေကို ထိန်းသိမ်းကာကွယ်ဖို့လိုပါတယ်။ ဒီလိုကာကွယ်တဲ့နေရာမှာလည်း ပြည်သူလူထု ပူးပေါင်းပါဝင်မှုက အရမ်း အရေးကြီးပါတယ်။ အခုဆို ပြည်တွင်းကို နိုင်ငံခြားခရီးသွားဝင်ရောက်မှုတွေများ လာတာ နိုင်ငံ့ဝင်ငွေတိုးတာမှန်ပေမယ့် တောရိုင်းတိရစ္ဆာန်တွေ ဆုံးရှုံးနိုင်ခြေလည်း ပိုများလာပါတယ်။ ဒါကြောင့် အသိပညာပေးရေးကို ဒီထက်ပိုလုပ်သင့်လာပါပြီ” ဟု ပြောသည်။

Voices for Wildlife ကမ်ပိန်းအစီအစဉ်ကို ၂၀၁၇ ခုနှစ်က မြန်မာ့တောဆင်ရိုင်းများ အမဲလိုက်သတ်ဖြတ်ခံရမှု မြှင့်တက် လာသည့် အပေါ် တုံ့ပြန်ဖြေရှင်းရန် “Voices for Momos” ဆိုသည့် ကမ်ပိန်းအမည်ဖြင့် စတင်ခဲ့ပြီး ယခုအစီအစဉ်သည် အဆိုပါကမ်ပိန်း၏ ဒုတိယခြေလှမ်းတစ်ခုဖြစ်ကြောင်း သိရသည်။

Voices for Momos ကမ်ပိန်းအား ရန်ကုန်မြို့တွင် ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ် နှစ်ဆန်းအထိ ဆောင်ရွက်ခဲ့ရာ ကမ်ပိန်း ပြုလုပ်ခဲ့သော တနှစ်ကျော်ကာလအတွင်း ရန်ကုန်တိုင်းအတွင်း ဆင်သတ်ဖြတ်ခံရမှု မရှိခဲ့သဖြင့် ရန်ကုန်တိုင်းအစိုးရ၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်ဟု အဆိုပါကမ်ပိန်းအဖွဲ့ဝင် မမေမိုးဝါက ဆိုသည်။

You may also like these stories:

ဗီယက်နမ်နိုင်ငံမှာ ဖွင့်လှစ်လိုက်တဲ့ ဒုတိယမြောက်မှန်တံတား

ဂျပန်နိုင်ငံ နာဟာမြို့က ကမ္ဘာ့အမွေအနှစ်စာရင်းဝင် Shuri ရဲတိုက် မီးလောင်

Loading