ခရီးထွက်တဲ့ လူတွေအနေနဲ့ အလွယ်တကူ ဝယ်လို့ရတဲ့ တခါသုံးပစ္စည်းတွေကို လွယ်လွယ်သုံးပြီး လွယ်လွယ်စွန့်ပစ်လေ့ ရှိကြပါတယ်။ ခရီးသွားတွေရဲ့ မဆင်မခြင် အပြုအမူတွေက ဒေသခံတွေကို စိတ်အနှောင့်အယှက်ဖြစ်စေရုံသာမက ပတ်ဝန်းကျင်ကိုလည်းများစွာ ထိခိုက်စေနိုင်ပါတယ်။
သက်ရှိ၊ သက်မဲ့တွေဟာ လူတွေ အလွယ်တကူ စွန့်ပစ်လိုက်တဲ့ ပစ္စည်းတွေကြောင့် အခက်အခဲများစွာ ဖြစ်ပေါ်နေကြတာကို ဒီကနေ့ ကမ္ဘာကြီးက သက်သေခံနေပါတယ်။ အထူးသဖြင့် လူစည်ကားရာ နေရာတွေနဲ့ အထင်ကရ ပွဲတော်တွေ ကျင်းပလေ့ကြတဲ့ ဒေသတွေမှာ မဆင်မခြင်ပြုမှုလေ့ ရှိကြတဲ့ ခရီးသွားဧည့်သည်တွေကြောင့် စွန့်ပစ်အမှိုက်တွေက ပြဿနာတခု ဖြစ်လာပါတယ်။
ဒါကြောင့်လည်း အမှိုက်ပြဿနာကို တတ်နိုင်သလောက် ဖြေရှင်းနိုင်ဖို့ နိုင်ငံအသီးသီးက ဆောင်ရွက်လာကြပါတယ်။ အစ္စရေးနိုင်ငံ၊ အီလတ်မြို့ (Eilat) မှာရှိတဲ့ ကမ်းခြေတွေမှာ တခါသုံးပစ္စည်းတွေကို အသုံးမပြုကြဖို့ တားမြစ်လိုက်ပါတယ်။ တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင်လည်း အီလတ်မြို့က ကမ်းခြေတွေမှာ တခါသုံးပစ္စည်းကို အသုံးမပြုကြဖို့ ပထမဆုံး တားမြစ်လိုက်တဲ့ မြို့တော်ပါ။
အစ္စရေးနိုင်ငံရဲ့ တောင်ဘက် အစွန်းမှာရှိတဲ့ အီလတ်မြို့ ကမ်းခြေတွေမှာလည်း ခရီးသွားဧည့်သည်တွေ စွန့်ပစ်တဲ့ ပလတ်စတစ် ပြဿနာကို ကြုံနေရပါတယ်။ အဓိကကတော့ ပလတ်စတစ်နဲ့ လုပ်ထားတဲ့ တခါသုံးပစ္စည်းတွေပါ။ ဒါကြောင့်လည်း အီလတ်မြို့မှာ နေထိုင်ကြတဲ့ ကမ်းခြေချစ်သူတွေက တခါသုံး ပစ္စည်းတွေ အသုံးမပြုကြဖို့ တားမြစ်လိုက်တာ ဖြစ်ပါတယ်။
တခါသုံးပစ္စည်း ဆိုရာမှာလည်း ပလတ်စတစ်နဲ့ လုပ်ထားတဲ့ ပစ္စည်းတွေတင်မက စက္ကူ၊ အလူမီနီယံ စတာတွေလည်း တားမြစ်ချက်ထဲမှာ အကြုံးဝင်ပါတယ်။ ပင်လယ်ကမ်းခြေနဲ့ အနီးတဝိုက်မှာရှိတဲ့ စားသောက်ဆိုင်တွေ၊ အရောင်းဆိုင်တွေမှာလည်း တားမြစ်ပစ္စည်းတွေ အသုံးမပြုကြဖို့နဲ့ မရောင်းချဖို့ အီလတ်မြို့က တားမြစ်ထားပါတယ်။
စက္ကူအပါအဝင် တခါသုံးပစ္စည်းတွေက ကုန်းနေ၊ ရေနေသတ္တဝါတွေကို ဆိုးကျိုးတွေပေးတဲ့အတွက် အခုလိုဥပဒေနဲ့ တားမြစ်လိုက်ရတာပါ။ တားမြစ်ချက်ထဲ ခွက်၊ ဇွန်း၊ အိတ်စတဲ့ ပစ္စည်းသေးသေးတွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် အစ္စရေးနိုင်ငံ၊ အီလတ်မြို့ကမ်းခြေတွေဆီ ခရီးသွားသူတွေအနေနဲ့ တားမြစ်ချက်ထဲ ပါဝင်တဲ့ပစ္စည်းတွေကို ယူဆောင်မသွားဖို့ လိုအပ်ပါတယ်။
အီလတ်မြို့တော်ဝန်ဖြစ်တဲ့ Meir Yitzhak Halevy ကလည်း အီလတ်မြို့ဟာ သဘာဝသယံဇာတ ပေါကြွယ်ဝတဲ့ ဒေသတခုဖြစ်တဲ့အတွက် ပတ်ဝန်းကျင်ကို ဆိုးကျိုးဖြစ်ပေါ်စေမယ့် အရာတွေကို အစွမ်းကုန် တားမြစ်သွားမယ်လို့ ဆိုပါတယ်။ တားမြစ်ချက်ကို ဖောက်ဖျက်သူတွေအနေနဲ့ အစ္စရေးပိုက်ဆံ ၇၃၀ ရှဲကလ် (မြန်မာငွေ ၃ သိန်းကျော်) ဒဏ်ငွေဆောင်ရမယ်လို့ သိရပါတယ်။
Ref: timesofindia
You may also like these stories:
ပလတ်စတစ် ညစ်ညမ်းမှုကို လျှော့ချနိုင်ဖို့ မိမိကိုယ်တိုင် ပြုလုပ်နိုင်မယ့် နည်းလမ်းများ
ပလတ်စတစ် ညစ်ညမ်းမှုကြောင့် သေကြေ ပျက်စီးနေကြရတဲ့ သတ္တဝါများ
Seoul Drama Awards ပွဲမှာ အစ္စရေးရုပ်သံစီးရီး ထိပ်တန်းဆု ရရှိ