ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အလယ်ပိုင်းတွေမှာ ပူပြင်းပြီး ရေရှားပါး ခမ်းခြောက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် ပြည်သူတွေ အနေနဲ့ မလိုအပ်ဘဲ ရေဖွင့်တာတွေကို ရှောင်ကြဉ်ကြဖို့နဲ့ ရေလျှော့ချိုးကြဖို့ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံ အလယ်ပိုင်းရဲ့ အဓိကရေအရင်းအမြစ်ဖြစ်တဲ့ ကျောက်ဖရားမြစ်ရေ လျော့ကျလာကြောင်းကို ဘန်ကောက်မြို့ရေပေးဝေရေး အဖွ့ဲရဲ့ အာဏာပိုင်တွေက ပြီးခဲ့တဲ့ သီတင်းပတ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ လာမယ့် လအနည်းငယ်အတွင်း မိုးခေါင်မှုတွေဖြစ်လာနိုင်ပြီး ပိုမိုခြောက်သွေ့မှုတွေ ဖြစ်ပေါ်နိုင်ချေရှိတယ်လို့ အစိုးရတာဝန်ရှိသူတွေက သတင်းထောက်များကို ဖြေကြားခဲ့ပါတယ်။
ထိုင်းအစိုးရအနေနဲ့ မြေအောက်ရေထုတ်ယူဖို့ အတွက် ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် အသုံးပြုမှာ ဖြစ်ကြောင်းကိုလည်း ဇန်နဝါရီလ ၇ ရက်နေ့က ပြောဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ ပူပြင်းခြောက်သွေ့မှုရာသီဟာ နှစ်စဉ် နိုဝင်ဘာလမှာ စတင်လေ့ရှိပြီး ပုံမှန်အားဖြင့် ဧပြီလအထိ ကြာမြင့်တတ်ပေမယ့် ဒီနှစ်မှာတော့ ပူပြင်းခြောက်သွေ့မှုတွေဟာ ဇွန်လအထိ ကြာမြင့်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
“ရေတွေကို ချွေတာပြီး သုံးပေးခြင်းနည်းနဲ့ ကူညီကြပါ။ ရေဘုံဘိုင်တွေကို မလိုအပ်ဘဲ ဖွင့်တာမျိုးတွေကို လျှော့ကြပါ။ သွားတိုက်ချိန်နဲ့ ရေချိုးချိန်တွေကို တမိနစ်လောက် လျှော့လိုက်ကြပါ”လို့ ထိုင်းဝန်ကြီးချူပ် ပရာယွတ်က ပြောပါတယ်။ ရေလှောင်တမံတွေမှာ ရေပမာဏ လျော့နည်းနေမှုကြောင့် လယ်သမားများကို နွေစပါး မစိုက်ပျိုးကြဖို့လည်း ထိုင်းအစိုးရက လယ်သမားများကို ပြောကြားထားတယ်လို့ သိရပါတယ်။
Ref. businesstimes.com
You may also like these stories:
ပါရဂူဘွဲ့မှာ အတုဟု ပြောဆိုမှုများ ထိုင်း ဒုဝန်ကြီး ရှင်းလင်း
ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် တောင်ကိုရီးယားကို ဝန်ကြီးချုပ် ပရာယွဒ် ဖိတ်ခေါ်
လိပ်ကျွန်းအမှုမှ မြန်မာ ၂ ဦးကို သက်ညှာပေးရန် ထိုင်းဝန်ကြီးချုပ်ထံ တပ်ချုပ်တောင်းဆို