အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ဟာ အိန္ဒိယအရှေ့ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက် တိုက်ခတ်ရာ လူ ၁၅ ဦးထက်မနည်း သေဆုံးပြီး ကမ်းရိုးတန်းဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှု၊ လေပြင်းတိုက်မှုနဲ့ ပင်လယ်ရေလှိုင်း တက်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။
ဆိုင်ကလုန်းအမ်ဖန် (Cyclone Amphan) အန္တရာယ်ကြောင့် အိန္ဒိယနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ လူသန်းချီ ရွှေ့ပြောင်းထားခဲ့ပါတယ်။ အမ်ဖန်ဟာ ဘင်္ဂလားပင်လယ်အော်မှာ ရက်ပိုင်းအကြာ တိုက်ခတ်နေခဲ့ပြီးနောက် အိန္ဒိယကုန်းတွင်းပိုင်းကို မေလ ၂၀ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီမှာ စတင်ဝင်ရောက်ခဲ့ကြောင်း အိန္ဒိယမိုးလေဝသဌာန (India Meteorological Department) က သတင်းထုတ်ပြန်ပါတယ်။
မုန်တိုင်းဟာ ဆယ်စုနှစ်တခုကျော်အတွင်း ဒေသတွင်းကို ဝင်ရောက် တိုက်ခတ်တဲ့ အားအကောင်းဆုံး မုန်တိုင်းတွေထဲက ၁ ခုအပါအဝင် ဖြစ်လာပါတယ်။ အိန္ဒိယနိုင်ငံ ဩရိသနဲ့ အနောက်ဘင်ဂေါပြည်နယ်တွေမှာ လေပြင်းတိုက်မှုတွေကြောင့် အိမ်အမိုးများ လွင့်ထွက်ခြင်း၊ သစ်ပင်များ လဲကျခြင်း၊ ဓာတ်တိုင်များ ကွေးညွတ်ခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး နေရာအချို့မှာ ဓာတ်အားပြတ်တောက်နေတယ်လို့ သိရပါတယ်။
ဆိုင်ကလုန်းအမ်ဖန်ကြောင့် သေဆုံးသူ အရေအတွက် မြင့်တက်လာနိုင်မှုအပေါ် လည်း ၂ နိုင်ငံ အစိုးရတာဝန်ရှိသူတွေက စိုးရိမ်နေပါတယ်။ ၂ နိုင်ငံလုံးမှာ COVID-19 ကူးစက်ဖြစ်ပွားမှုတွေ ရှိနေတာကြောင့် မုန်တိုင်းလမ်းကြောင်းရှိ ဒေသခံတွေကို ရွှေ့ပြောင်းရာမှာလည်း လူများ ခပ်ခွာခွာ နေစေရန်ပါ စီစဉ်ခဲ့ကြရပြီး တာဝန်ရှိသူတွေအတွက် ပိုမိုခက်ခဲခဲ့ပါတယ်။
အိန္ဒိယမှာ မုန်တိုင်းဖြတ်သန်း တိုက်ခတ်နိုင်တဲ့ လမ်းကြောင်းတလျှောက်ရှိ ဒေသခံ ၅ သန်းထက် မနည်း ရွှေ့ပြောင်းထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း မုန်တိုင်းအန္တရာယ်ရှိတာကြောင့် လူဦးရေ ၂ ဒဿမ ၄ သန်းခန့်ကို ယာယီခိုလှုံရေးစခန်း ၁၅,၀၀၀ ကျော်သို့ ရွှေ့ပြောင်းထားတယ်လို့ တာဝန်ရှိသူတွေက သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။
Ref. BBC, Reuters
You may also like these stories:
အမ်ဖန် မုန်တိုင်း အရှိန်ကြောင့် နိုင်ငံအဝှမ်း မိုးထစ်ချုန်းရွာနိုင်
ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းက ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာနိုင်