ဂျပန်နိုင်ငံ တောင်ပိုင်း၊ ကျူရှူးကျွန်းမှာ သည်းထန်စွာ ရွာသွန်းနေတဲ့ မိုးကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေက အသက်ရှင် ကျန်ရစ်သူတွေကို ရှာဖွေနေပါတယ်။ အိုအီတာခရိုင်မှာရှိတဲ့ ချီကုဂိုမြစ်ရေ လျှံတာကြောင့် အစိုးရဘက်က အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားရပြီး သေဆုံးသူ ၅၃ ဦးထိ ရှိလာပါပြီ။
ကူမာမိုတိုခရိုင်မှာတော့ သေဆုံးသူ အနည်းဆုံး ၅၂ ဦးထိရှိပြီး ၁၁ ဦး ပျောက်ဆုံးနေပါတယ်။ ဖူကူအိုကာရှိ အသက် ၈၇ နှစ်အရွယ် အမျိုးသမီးကို သူ့ရဲ့ နေအိမ်မှာပဲ တွေ့ရှိခဲ့ကြပြီး ဆေးရုံတင်ထားရာက သေဆုံးသွားခဲ့တယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
ဖူကူအိုကာ ခရိုင်ရှိ အိုမူတာမြို့ထဲ မြစ်ရေတက်လာတာကြောင့် ယာယီ တိမ်းရှောင်ရေးစခန်း နေရာကို လူ ၂၀၀ လောက် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ဒေသဆိုင်ရာအစိုးရကလည်း ဗဟိုအစိုးရကို ကယ်ဆယ်ရေးအတွက် စစ်တပ်အင်အား ထောက်ပံ့ပေးဖို့ တောင်းခံထားပါတယ်။
ကျူရှူးကျွန်းရဲ့ အကြီးဆုံးမြစ်ဖြစ်တဲ့ ချီကုဂိုမြစ်ရေ မြင့်တက်လာတာကြောင့် အနီးအနားမှာ နေထိုင်ကြတဲ့ ဒေသခံတွေကို အရေးပေါ် သတိပေးချက်တွေ ထုတ်ပြန် ကြေညာထားရပါတယ်။ ဇူလိုင် ၄ ရက်တည်းက သည်းထန်စွာ ရွာသွန်းနေတဲ့ မိုးကြောင့် မြစ်ရေ မြင့်တက်လာခဲ့တာပါ။ မြေပြို၊ ရေကြီးတဲ့နေရာတွေက ပျောက်ဆုံးနေသူတွေကို ၇၂ နာရီအတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ တိုးမြင့်လုပ်ဆောင်နေပါတယ်။
“ကျနော်တို့ အချိန်လုပြီး လုပ်ဆောင်နေရတာပါ။ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဘယ်အချိန် နားမယ်ဆိုပြီး သတ်မှတ်ထားတာ မရှိပါဘူး။ ဒါပေမဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကိုတော့ အရှိန်မြင့် လုပ်ဆောင်နေပါတယ်” လို့ ကူမာမိုတိုရဲ့ တာဝန်ရှိသူ ယူတာရို ဟာမာဆာကီက ပြောပါတယ်။
ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို နှစ်ဆ တိုးမြင့်လုပ်ဆောင်နိုင်အောင် မီးသတ်နဲ့ ရဲဝန်ထမ်းတွေအပြင် ကမ်းရိုးတန်းစောင့်နဲ့ စစ်တပ်အင်အား စုစုပေါင်း ၈ သောင်းကျော်လောက် ကူညီပေးဖို့ စေလွှတ်ထားတယ်လို့ ဆိုပါတယ်။ တောင်ပေါ်ပိုင်းမှာ နေထိုင်တဲ့ ဒေသခံတွေမှာ တယ်လီဖုန်းလိုင်း၊ လျှပ်စစ်နဲ့ ရေပြတ်တောက်သွားတာကြောင့် ကယ်ဆယ်ရေးဝန်ထမ်းတွေက ယာယီ ကယ်ဆယ်ရေးစခန်းတွေဆီ ပို့ဆောင်ပေးထားရပါတယ်။
လက်ရှိအချိန်မှာ တယောက်နဲ့ တယောက် Social distancing အရ ကယ်ဆယ်ရေးစခန်းတွေမှာ ထောင်သောင်းချီတဲ့ လူတွေ ထားရှိလို့ မရတာကြောင့် ဒေသတွင်းက အားကစားခန်းမတွေကိုပါ တိုးချဲ့နေရာချပေးထားရပြီး တမိသားစုနဲ့ တမိသားစုကြားကိုလည်း စက္ကူ ကပ်ဘုံးတွေ ခြားထားပေးရပါတယ်။ တချို့သူတွေကတော့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ကိုယ်ပိုင်ကားတွေပေါ်မှာပဲ အိပ်စက်ကြပါတယ်။
ခရီးသွားဧည့်သည်တွေအတွက် ရေပူစမ်းကန်ပိုင်ရှင် ယူဂျီ ဟာရှီမိုတိုကတော့ “အရမ်းလှတဲ့ ခရီးသွားနေရာ တခုဟာ ညတွင်းချင်းပဲ ပြောင်းလဲသွားရပြီ” လို့ ဆိုပါတယ်။ “ကျနော်တို့ တင်ထားတာထက်ကို အပျက်အစီး များလွန်းပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားလုပ်ငန်း အဆင်မပြေ ဖြစ်နေရာက အခုတော့ တပူပေါ် နှစ်ပူဆင့်ပေါ့ဗျာ” လို့ သူက ဆိုပါတယ်။
Ref: Japan Times
You may also like these stories:
ကန္တာရ ကျိုင်းကောင်အန္တရာယ် မြန်မာစိုးရိမ်ရမလား
အိန္ဒိယမှာ မိုးကြိုးပစ်ခံရပြီး လူ ၁၀၀ ကျော် သေဆုံး