ရန်ကုန်မြို့တော် ရေဖူလုံရေးစီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ် ADB မှ အမေရိကန်ဒေါ်လာ သန်း ၁၈၀ ချေးယူရန် ပြည်ထောင်စုလွှတ်တော်က ဇူလိုင်လ ၂၄ရက်က သဘောတူခွင့်ပြုလိုက်သည်။
ယမန်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် စီမံကိန်းဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ရန်ကုန်တိုင်းအစိုးရ၊ စည်ပင်သာယာရေးကော်မတီနှင့် ဝန်ကြီးဌာန၏ကိုယ်စား စီမံကိန်း အကြောင်းအရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ အပေါ် ရှင်းလင်းတင်ပြခဲ့ပြီး လွှတ်တော်က ကန့်ကွက်သူ မရှိဘဲ အတည်ပြုလိုက်ခြင်းဖြစ်သည်။
စီမံကိန်းကို ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး ငမိုးရိပ်ဆည်မှ ရေဂါလံ သန်း၁၈၀ သွယ်ယူနိုင်မည့် ရေယူ အဆောက်အဦ၊ ရေယူဥမင်လှိုဏ်၊ ရေခေါ်ဥမင်လှိုဏ်၊ ရေတွန်းစက်ရုံနှင့် ဓာတ်အားခွဲရုံ၊ ပင်မ ရေပိုက်လိုင်း၊ မြေဆွဲအားဖြင့် စီးဆင်းမည့် ရေပိုက်လိုင်းစသည့် စီမံကိန်းများ ပါဝင်ပြီး ၂၀၂၀ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၅ခုနှစ် ဒီဇင်ဘာလအထိ စီမံကိန်းကာလ ၅ နှစ်သတ်မှတ်ထားကြောင်း သိရသည်။
စီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၁၈၀ကို ဆိုင်ငံ့ကာလ ၈ နှစ်အတွက် အတိုးနှုန်း ၁ ရာခိုင် နှုန်း၊ ပြန်ဆပ်ကာလ ၂၄နှစ်အတွက် ၁ ဒသမ ၅ ရာခိုင်နှုန်းတို့ဖြင့် ချေးယူမည်ဖြစ်ပြီး Grant Element ၄၈ ရာခိုင်နှုန်း ရရှိမည်ဖြစ်ကြောင်း သိရသည်။
“ချေးယူသည့် ငွေစုစုပေါင်း၏ အတိုးအားလုံးကို နှစ်စဉ်ပေးဆပ်ရန်မလိုဘဲ နှစ်အလိုက် ချေးယူသည့် ပမာဏအပေါ်တွင်သာ ကျသင့်အတိုးပေးချေရမှာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ တင်ပြပြောဆိုသည်။
ရန်ကုန်မြို့တော်သို့ ရေပေးဝေ နေသော ပမာဏ၏ ၆၆ ရာခိုင်နှုန်းကို လှည်းကူးမြို့နယ် ငမိုးရိပ်ဆည်မှ မြေသားမြောင်းဖြင့် ရေသန့်စက်ရုံသို့ သွယ်တန်းကာ သန့်စင်ဖြန့်ဖြူးပေးနေခြင်းဖြစ်ပြီး၊ လက်ရှိ မြေသားမြောင်းဖြစ်၍ ရေလေလွင့် ဆံုံးရှုံးခြင်း၊ ရေမြောင်းပတ်ဝန်းကျင်မှ လူ၊ တိရိစ္ဆာန်တို့ အသုံးပြုခြင်းကြောင့် အညစ်အကြေးများ၊ စိုက်ပျိုးမြေများမှ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ မြောင်းအတွင်း ရောက်ရှိခြင်းကြောင့် ရေအရည်အသွေး ကျဆင်းမှုများ ရှိနေသည်ဟု ဝန်ကြီးက ရှင်းပြထားသည်။
ထို့အတွက် မြေသားရေမြောင်းအစား ရေပိုက်လိုင်းသွယ်တန်းခြင်းဖြင့် တရက်လျှင် ရေဂါလံ သန်း ၁၈၀ ရနိုင်မည်ဖြစ်ပြီး ရေလေလွင့်မှု၊ ရေအရည်အသွေး ကျဆင်းမှုများနှင့် အနာဂတ်တွင် ရေပေးဝေမှုကို ပိုမိုတိုးချဲ့နိုင်မည်ဖြစ်ကြောင်း သိရသည်။
ချေးယူမည့် ကန်ဒေါ်လာ သန်း ၁၈၀ အား မြို့ပြဆိုင်ရာ တည်ဆောက်ရေးအတွက် ၁၃၃ ဒသမ ၆၆ သန်း၊ တည်ဆောက် ရေး ပစ္စည်းနှင် စက်ကိရိယာများအတွက် ၁၀ ဒသမ ၈၇ သန်း၊ စီမံကိန်းအတိုင်ပင်ခံ ငှားရမ်းခြင်းအတွက် ၉ ဒသမ ၂၅ သန်း၊ မမျှော်မှန်းထားသော ကုန်ကျစရိတ်များအတွက် ၂၆ ဒသမ ၂၂ သန်း စသည်ဖြင့် လျာထားသည်။
အဆိုပါ စီမံကိန်း အကောင်အထည် ဖော်မည့် ငမိုးရိပ်ဆည်အတွင်း ပုဒ်မ ၁၄၄ ထုတ်ထားသော်လည်း ကျူးကျော် နေထိုင် သူများရှိနေသည့် အတွက် အစိုးရအနေဖြင့် ယင်းကျူးကျော်များကို ရွေ့ပြောင်းစေပြီး မြေလွတ်မြေလပ်များတွင် နေထိုင်ရန် စီစဉ်ပေးစေလိုကြောင်း၊ စီမံကိန်းနယ်မြေဖြစ်သည့် လှည်းကူးမြို့နယ်တွင်လည်း သောက်သုံးရေအခက်အခဲရှိသည့်အတွက် ရေပေးဝေစေလိုကြောင်း လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်က ပြောသည်။
“လှည်းကူးက ရပ်ကွက်တော်တော်များများဟာ သံဓာတ်ပါတဲ့ရေတွေ၊ ဝါထိန်နေတာတွေကို သုံးနေရတယ်။ ငမိုးရိပ်ဆည် ရေကို ပေးလို့ရရင် ပေးပါလို့ တောင်းဆိုတာပါ”ဟု ဦးသိန်းတန်က ပြောသည်။
ယင်းစီမံကိန်းသည် ပြည်သူများ၏ ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးမည်ဖြစ်၍ ချေးငွေရယူ အကောင်အထည် ဖော်သင့်ပြီး ထိရောက် အကျိုးရှိသည့် စီမံကိန်းဖြစ်လာရန် အကောင်အထည် ဖော်မှု အဆင့်ဆင့်ကို သက်ဆိုင်ရာဌာနများက ပေါင်းစပ် ညှိနှိုင်းခြင်း၊ စောင့်ကြည့် ထိန်းကျောင်းခြင်းတို့ကို ပြုလုပ်သွားရန် လိုအပ်ကြောင်း ပဲခူးတိုင်းဒေသကြီးမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်က ပြောသည်။
၎င်းက “ မြန်မာနိုင်ငံက နောက်ဆို LDC နိုင်ငံကနေ လွတ်တော့မှာဆိုတော့ အတိုးသက်သာတဲ့ ချေးငွေသိပ်မရနိုင် တော့ဘူး။ ဒါက ယူထားသင့်တယ်။ အကောင်အထည်ဖော်တာကို Monitoring တွေ လုပ်ရမယ်။ ချေးငွေစီမံကိန်းတွေ မှာဆိုရင် Monitoring system တအားနည်းတယ်” ဟု ဆိုသည်။
လက်ရှိတွင် ငမိုးရိပ်ရေပေးဝေရေးမှ တနေ့လျှင် ရေဂါလံ သန်း ၉၀ ကို မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ အင်းစိန်၊ လှိုင်သာယာ (စက်မှုဇုန်)၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ ရွှေပေါက္ကံ၊ သင်္ကန်းကျွန်း၊ ဒဂုံမြို့သစ် ၄မြို့နယ်၊ တာမွေ၊ သာကေတ၊ ဒေါပုံစသည့် ၁၅ မြို့နယ်သို့ ဖြန့်ဖြူးပေးနေသည်ဟု သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် နယ်နိမိတ် မြို့နယ် ၃၃မြို့နယ်သို့ ဂျိုးဖြူကန်၊ လှော်ကားကန်၊ ဖူးကြီးကန်၊ ငမိုးရိပ် ရေလှောင်ကန်များနှင့် အဝီစိတွင်းများတို့မှ နေ့စဉ် ရေဂါလံ သန်း ၂၀၀ခန့်ကို ဖြန့်ဖြူးပေး နေကြောင်း လည်း လွှတ်တော်တွင် တင်ပြချက်အရ သိရသည်။
ရေစီမံကိန်းများနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ရန်ကုန်မြို့ ရေးပေးဝေမှု ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA ထံမှ ၂၀၁၄ ခုနှစ်တွင် ကန်ဒေါ်လာ သန်း ၂၂၀ နှင့် ညီမျှသည့် ယန်း ၂၃၆၈၃သန်း နှင့် ၂၀၁၇ခုနှစ်တွင် စီမံကိန်းအဆင့်-၂ အပိုင်း (၁)အတွက် ကန်ဒေါ်လာ ၂၃၂ သန်းနှင့် ညီမျှသည့် ယန်း ၂၅၀၀၀ သန်း ကိုလည်း ချေးယူထားသည်။
ရန်ကုန်မြို့၌ ရေဖိုးရေခကောက်ခံရာတွင် ၁၉၉၅ ခုနှစ်တွင် ရေမီတာစနစ်ဖြင့် စတင်ကောက်ခံခဲ့ပြီး တယူနစ်လျှင် အိမ်သုံး ၆ ဒသမ ၆ ကျပ်၊ စီးပွားရေးသုံး ၂၉ ဒသမ ၇ ကျပ်၊ ၂၀၀၅ ခုနှစ်တွင် အိမ်သုံး/ စီးပွားရေးသုံး ၅၅ ကျပ်၊ ၂၀၀၆ ခုနှစ်တွင် စီးပွားရေးသုံး ၇၇ ကျပ်နှင့် ၂၀၁၂-၁၃ ခုနှစ်တွင် အိမ်သုံး ၈၈ကျပ်၊ စီးပွားရေးသုံး ၁၁၀ ကျပ်နှုန်းဖြင့် ကောက်ခံခဲ့ပြီး တိုးမြှင့်ကောက်ခံရန် စီစဉ်နေကြောင်းလည်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ရန်ကုန်ရေလေလွင့်ဆုံးရှုံးမှု လျော့ကျရေး ဂျပန်နှင့် စည်ပင် ပူးပေါင်းဆောင်ရွက်နေ
ဂျိုးဖြူ ရေပိုက်လိုင်း အနီး ကျူးကျော်များနှင့် အမှိုက်ပစ်ခြင်း ကိစ္စရပ် လွှတ်တော်တွင် ဆွေးနွေး
အဝီစိတွင်းရေ အသုံးပြုခြင်းကို အားမပေးဟု မြို့တော်ဝန်ပြော
ကုက္ကိုင်းရေလှောင်ကန် ဘေးကင်းရေးအတွက် ဇေကမ္ဘာကုမ္ပဏီ၏ အစီအမံ YCDC ခွင့်ပြု
ရန်ကုန်မြို့တွင် နေ့စဉ် သောက်သုံးရေ ဂါလန် သန်း ၁၀၀ ခန့် လေလွင့် ဆုံးရှုံးနေဟု ဆို
ရန်ကုန် ရေပေးဝေရေး စနစ် ကောင်းမွန်ရန် JICA အကူအညီဖြင့် စမ်းသပ်နေ