အမေရိကန်နိုင်ငံ၊ အောရီဂွန်ပြည်နယ်မှာ လောင်ကျွမ်းနေတဲ့ တောမီးဟာ အရှိန်အဟုန်နဲ့ ဆက်လက်လောင်ကျွမ်းနေတာကြောင့် လူရာနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ အဆိုပါ တောမီးကြောင့် လူဒါဇင်နဲ့ချီ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
ပြည်နယ်အုပ်ချုပ်ရေးမှူးက ဒေသခံ အောရီဂွန်ပြည်သူတွေကို ဘေးလွှတ်ရာကို ရွှေ့ပြောင်းဖို့ ပြောကြားလိုက်ပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့က အစောပိုင်း ထုတ်ပြန်ချက်အရ ပြည်သူတွေကို ရွှေ့ပြောင်းဖို့ ပြောကြားထားပေမယ့် ဒေသခံတချို့ကတော့ နေရာ အခက်အခဲကြောင့် မပြောင်းရွှေ့သေးဘဲ အဆင်သင့် ပြင်ဆင်ထားဆဲ အခြေအနေမှာ ရှိနေပါတယ်။
အော်ရီဂွန်သစ်တောဌာန မီးကာကွယ်ရေး အကြီးအကဲဖြစ်သူ Doug Grafe ရဲ့ပြောကြားချက်အရ လက်ရှိမှာ မီးအားပြင်းတဲ့ တောမီးလောင်ကျွမ်းမှုပေါင်း ၁၆ ခုလောက်ကို ငြိမ်းသတ်နေရပေမယ့် လာမယ့်ရက်တွေမှာ အပူချိန် ကျဆင်းလာခြင်းနဲ့ လေထုထဲ ရေငွေ့များလာပြီး မိုးရွာနိုင်ခြေရှိနေတယ်လို့ ဆိုပါတယ်။
ပြည်နယ်အတွင်း လောင်ကျွမ်းနေတဲ့ တောမီးတွေထဲက Almeda မီးကတော့ ဖျက်ဆီးမှုအား အပြင်းဆုံးဖြစ်နေပြီး Phoenix နဲ့ Talent မြို့တွေက ဒေသခံ ရာနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသလို၊ လူ ၂ ဦး သေဆုံးခဲ့ပါတယ်။
အော်ရီဂွန်ပြည်နယ်ရဲ့ အကြီးဆုံးမြို့ကြီးဖြစ်တဲ့ ပေါ့တ်လန်းမြို့ရဲ့ လေထုအရည်အသွေး အဆိုးဆုံးကို ကျဆင်းနေပြီး သူ့နောက်မှာ ဆန်ဖရန်စစ္စကိုနဲ့ စီယက်တဲလ် မြို့တွေရဲ့ လေထု အရည်သွေးလည်း ကျဆင်းနေတယ်လို့ IQAir.com မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပေါ့တ်လန်းမြို့နဲ့ မိုင် ၁၂၀ ကွာဝေးတဲ့ မြို့ငယ်လေး Detroit မှာတော့ တောမီးအရှိန်ကြောင့် တမြို့လုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ လောင်ကျွမ်းခံရတဲ့ အဆောက်အုံတွေထဲမှာ မီးသတ်ဌာနရုံးစိုက်ရာ မြို့တော်ခန်းမလည်း ပါဝင်ပါတယ်။
“ကျနော်တို့ အဓိက အာရုံစိုက်ရမှာက လက်ကျန်ရှိနေသေးတဲ့ အဆောက်အုံတွေကို ကာကွယ်သွားဖို့ပါပဲ။ မီးသတ်တပ်ဖွဲ့ဝင် အများအပြားလည်း သူတို့ နေအိမ်တွေ ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမဲ့လည်း ကျန်နေသေးတဲ့ အဆောက်အအုံတွေကို ကာကွယ်ဖို့ ကြိုးစားငြိမ်းသတ်ပေးနေကြတယ်” လို့ ခရိုင်တောမီးကာကွယ်ရေးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
နိုင်ငံအနှံ့က တောမီးလောင်ကျွမ်းမှုကြီး ၉၄ ခုကြောင့် ဧက ၄ ဒသမ ၆ သန်းကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီး လော့စ် အိန်ဂျယ်လိစ်၊ ဆန်ဖရန်စစ္စကို၊ စီယက်တဲလ်၊ ပေါ့တ်လန်း၊ အော်ရီဂွန်အပါအဝင် အမေရိကန်နိုင်ငံ အနောက်ဘက် ကမ်းခြေတဝိုက် ပြည်နယ် တော်တော်များများ ထိခိုက် ပျက်ဆီးခဲ့ရပါတယ်။
တောမီးကြောင့် လေထုအရည်အသွေး ကျဆင်းသွားကာ မီးခိုးငွေ့ ရှုရှိုက်မိသူတွေမှာ အဆုတ်နဲ့ပတ်သက်တဲ့ ကိုရိုနာဗိုင်းရပ်စ်လို ရောဂါများ ဝင်ရောက်နိုင်ခြေ ပိုများနေတာကြောင့် သတိပြုကြဖို့ ကျန်းမာရေးဌာနက နှိုးဆော်ထားပါတယ်။
နိုင်ငံအဝှမ်း တောမီးလောင်ကျွမ်းမှုတွေကို ငြိမ်းသတ်ဖို့ မီးသတ်သမား ၃၀,၀၀၀ ကျော် တာဝန်ထမ်းဆောင်နေကြပြီး သမ္မတ ထရမ့်လည်း ကယ်လီဖိုးနီးယားပြည်နယ်၊ McClellan ကို သွားရောက်ဖို့ ရှိနေပါတယ်။
Ref: edition.cnn , BBC
You may also like these stories:
အင်ဒိုနီးရှားမှာ ဆေးဘက်သုံး စွန့်ပစ်ပစ္စည်းတွေ မြစ်ကြောင်းတလျှောက် ပြည့်လျှံ
ကိုဗစ်အပြင် ရေပြတ်လပ်မှု ကြုံနေရတဲ့ ဆီးရီးယားနိုင်ငံ
ယခင်ထက် ရေခဲအရည်ပျော်မှု ပိုမြန်လာတဲ့ Greenland ကျွန်း