ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မြို့၄ မြို့တွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်သည့် အတွက် ရေဘေးအန္တရာယ် သတိထားရန် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက သတိပေး ထုတ်ပြန်ထားသည်။
နောက် ၁ ရက်အတွင်း ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပြီး နောက် ၂ ရက်အတွင်း ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။
မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက “မြန်မာနိုင်ငံ အထက်ပိုင်းတွေမှာ မိုးရွာလို့ပါ။ ကချင်နဲ့ စစ်ကိုင်းတိုင်း ဒေသ ကြီး အထက်ပိုင်းမှာ ပြီးခဲ့တဲ့ လကုန်ပိုင်းက ရွာထားတဲ့မိုးရှိတယ်။ အဲဒါကြောင့်မို့လို့ မြစ်ရေတက်လာတဲ့ အနေအထား ရှိတယ်” ဟု ပြောသည်။
ထိုကဲ့သို့ စိုးရိမ်ရေမှတ် ရောက်နိုင်သည့် မြို့များရှိ မြစ်ကမ်း အနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန်နှင့် ရေဘေးရှောင်နေရာများသို့ ပြောင်းရွှေ့နေထိုင်ရာတွင်လည်း ကိုဗစ်ရောဂါ ဆိုင်ရာ ကျန်းမာရေး လမ်းညွှန်ချက်များကို လိုက်နာကြရန် ဦးကျော်မိုးဦးက သတိပေးသည်။
“မြစ်ရေနှင့် အတူပါလာနိုင်တဲ့ ပိုးမွှားတွေ သတိပြုဖို့ လိုတယ်။ ရေကတော့ ရုတ်ချည်းတက်မှာ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ရေဝင်ရောက်မှု ရှိနိုင်တဲ့ အတွက်ကြောင့် မြစ်ကမ်းဘေးမှာ နေတဲ့လူတွေ အနေနဲ့ ဘေးကင်းတဲ့ နေရာတွေမှာ ခေတ္တ ခဏ ခိုလှုံနေထိုင်သင့်တယ်။ ကမ်းပါးပြိုတာတို့ ရှိနိုင်တယ်။ ရေကြီးလာတဲ့ အချိန်ကျတော့ ဘေးအန္တရာယ်ကင်းတဲ့ နေရာ တွေမှာ သွားရောက်နေထိုင်တာလည်း ဒီကာလက ကိုဗစ်ဖြစ်တဲ့ ကာလဆိုတော့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ကိုလည်း သတိပြုဖို့ လိုပါတယ်” ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှု နည်းနေသော်လည်း ကပ္ပလီပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်း တခု ဖြစ်လာနိုင်သည့်အတွက် လာမည့် ၈ ၊ ၉ ၊၁၀ ရက်နေ့တွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ် ၊တနသာင်္ရီတိုင်းဒေသကြီးနှင့် မြစ်ဝကျွန်းပေါ်ဒေသတို့တွင် မိုးပြန်ကောင်းလာနိုင်သောကြောင့် တချို့ နေရာများတွင် လေပြင်းကျသည့် အန္တရာယ်များကို သတိပြုရန် လိုအပ်ကြောင်း မိုး/ဇလက သတိပေးသည်။