ဗီယက်နမ်နိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုတွေကြောင့် အနည်းဆုံး လူ ၂၃ ယောက် သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။ လာမယ့် ရက်တွေမှာလည်း မုန်တိုင်း Nangka ကြောင့် နိုင်ငံတဝှမ်း မိုးဆက်လက် ရွာသွန်းနေဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရေကြီးရေလျှံမှုတွေကြောင့် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ဒေသတွေမှာ အနည်းဆုံး လူ ၁၄ ယောက် ပျောက်ဆုံးနေတယ်လို့ ပြည်နယ်အစိုးရက ပြောကြားလိုက်ပါတယ်။ ပျောက်ဆုံးသူ အများစုဟာ ရေလွှမ်းမိုးတဲ့ထဲ ပါသွားခဲ့တာ ဖြစ်တယ်လို့ အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး တာဝန်ရှိသူတွေက ဆိုပါတယ်။
ရေလွှမ်းမိုးခဲ့တဲ့ ဒေသတွေကနေ လူပေါင်း ၄၆,၀၀၀ နီးပါး ကူညီ ကယ်ဆယ်ခဲ့ရပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်နေသူတွေရဲ့ ပြောကြားချက်အရ ရေကြီးနစ်မြှုပ်မှုကြောင့် လယ်မြေ ၁,၄၄၃ ဧက (၅၈၄ ဟက်တာ) နဲ့ လမ်းတံတားတွေ အပါအဝင် အိမ်ခြေပေါင်း ၁၀၉,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
မုန်တိုင်းအရှိန်ကြောင့် နိုင်ငံအလယ်ပိုင်း Thua Thien Hue ဒေသ မြေပြိုမှုမှာ ရေအားလျှပ်စစ်တမံက အလုပ်သမား ၁၃ ယောက် ပျောက်ဆုံးနေပြီး အခြေအနေကို အတိအကျ မသိရသေးကြောင်း သဘာဝဘေးအန္တရာယ် စီမံရေးတာဝန်ရှိသူတဦးက ဆိုပါတယ်။ မိုးလေဝသ ခန့်မှန်းချက်အရ မိုးကြီးပြီး မြစ်ရေဆက်လက် မြင့်တက်နိုင်လို့ အနီးအနားက ဒေသတွေကို နိုင်ငံပိုင် Tuoi Tre သတင်းစာမှာ သတိပေးချက် ထုတ်ပြန်ထားရပါတယ်။
ပြီးခဲ့တဲ့ ပိတ်ရက်က တိုက်ခတ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း Linfa အရှိန်ကြောင့် ရေကြီးရေလျှံမှု အခြေအနေတွေ နိုင်ငံအတွင်း ပိုမိုးဆိုးရွားလာခဲ့တာပါ။ လာမယ့် ရက်သတ္တပတ်တွေမှာလည်း နောက်ထပ် မုန်တိုင်း Nangka ကြောင့် မိုးဆက်လက်ကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ကယ်ဆယ်ရေး ဝန်ထမ်းတွေနဲ့အတူ စစ်သားတွေပါ အားဖြည့် ကူညီကယ်ဆယ်ပေးနေတယ်လို့ တာဝန်ရှိသူတဦးက ဆိုပါတယ်။ အမျိုးသား မိုးလေဝသအေဂျင်စီက ထုတ်ပြန်ချက်အရ မုန်တိုင်း Nangka ကြောင့် ၂ ရက်အတွင်း မိုးရေချိန်လက်မ ၁၆ လက်မ အထိ ရှိခဲ့ပြီး၊ နိုင်ငံမြောက်ပိုင်းဒေသတွေမှာလည်း မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
ဗီယက်နမ်နိုင်ငံဟာ မကြာခဏ ဆိုသလို အဖျက်စွမ်းအားကြီးတဲ့ မုန်တိုင်းတွေကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ် လေ့ရှိပြီး၊ သဘာဝ ဘေးအန္တရာယ်ဒဏ်တွေကို ခံရလေ့ရှိပါတယ်။ မြေပြိုမှုနဲ့ ရေလွှမ်းမိုးမှုတွေကြောင့် ၂၀၁၉ ခုနှစ်အတွင်း လူဦးရေ ၁၃၂ ဦး သေဆုံးခဲ့ပြီး၊ ၂၀၇ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
Ref: Aljazeera
You may also like these stories:
ကနေဒါနိုင်ငံမှာ တခါသုံး ပလတ်စတစ် သုံးစွဲမှုကို တားမြစ်မည်
တောင်ကိုရီးယား အူလ်ဆန်မြို့က ၃၃ ထပ်အဆောက်အအုံ မီးလောင်ကျွမ်း
အမေရိကန် အော်ရီဂွန်ပြည်နယ် တောမီးကြောင့် လူဒါဇင်နဲ့ချီ ပျောက်ဆုံးနေ