တူရကီနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်း၊ အေဂျင်ပင်လယ်ထဲကို သောကြာနေ့က လှုပ်ခတ်သွားတဲ့ ရစ်ချက်တာစကေး ၇ ဒသမ ၀ အင်အားပြင်း ငလျင်ဒဏ်ကြောင့် စနေနေ့ထိ အနည်းဆုံး လူ ၅၈ ဦး သေဆုံးပြီး ၉၀၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။
ငလျင်ဒဏ်ကြောင့် တူရကီနိုင်ငံရဲ့ တတိယအကြီးဆုံး လူဦးရေ ၄ ဒသမ ၅ သန်းကျော် နေထိုင်တဲ့ အပန်းဖြေမြို့ Izmir က အဆိုးဆုံး ထိခိုက်ခံစားခဲ့ရတာပါ။ ဒါ့အပြင် တူရကီနဲ့ ထိစပ်နေတဲ့ ဂရိနိုင်ငံအရှေ့ပိုင်း Samos ကျွန်းပါ ခံစားခဲ့ရပြီး အဆောက်အအုံ ပြိုကျတာကြောင့် ဆယ်ကျော်သက် ၂ ဦး သေဆုံးကာ ၁၉ ဦးထိ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ငလျင်ဒဏ်ကြောင့် အေဂျင်ပင်လယ်ထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ဆူနာမီလှိုင်း အသေးစားဟာ Samos ကျွန်းနဲ့ တူရကီမြို့ထဲမှာလည်း ပင်လယ်ရေတွေ ဝင်ရောက်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။ ငလျင်လှုပ်ပြီးခါစမှာ ပြိုကျသွားတဲ့ အပျက်စီးပုံတွေထဲကနေ လူတွေ တွယ်တက်ပြီး ထွက်ပြေးခဲ့ကြတဲ့အပြင် Izmir မြို့နေရာ တော်တော်များများမှာ မီးခိုးငွေ့တွေ ပြည့်နေခဲ့တယ်လို့ ဆိုပါတယ်။
Izmir မြို့တော်ဝန် Tunc Soyer က ငလျင်ဒဏ်ကြောင့် တူရကီနိုင်ငံရဲ့ တတိယအကြီးဆုံးမြို့က အဆောက်အအုံ ၂၀ လောက် ပြိုကျ ပျက်စီးခဲ့တယ်လို့ ဆိုသလို၊ ပြည်ထဲရေးဝန်ကြီးကတော့ တွစ်တာမှာ အဆောက်အအုံ ၆ လုံး ပျက်စီးခဲ့တယ်လို့ ကနဦး ရေးသားခဲ့ပါတယ်။
အမေရိကန် ဘူမိဗေဒ လေ့လာရေးအဖွဲ့ကတော့ အင်အားပြင်းငလျင်ဟာ တူရကီကမ်းရိုးတန်းနဲ့ မိုင် ၂၀ ကျော်အကွာကို ဗဟိုပြုပြီး စောက်နက် ၆ မိုင်ခန့်ကနေ လှုပ်ခတ်သွားတာလို့ ခန့်မှန်းထားပါတယ်။
ကယ်ဆယ်ရေး အဖွဲ့တွေက စနေနေ့မှာ မိခင်တဦးနဲ့ ကလေး ၃ ယောက်ကို ပြိုကျနေတဲ့ အဆောက်အအုံကြားထဲက ကူညီ ကယ်ဆယ်နိုင်ခဲ့သလို စနေညသန်းခေါင်ယံမှာတော့ အသက် ၇၀ အရွယ်အမျိုးသားကို အပျက်အစီးပုံတွေကြားထဲက အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာတော့ ထိခိုက်ဒဏ်ရာရခဲ့သူတွေထဲက ၆၈၂ ယောက်ဟာ ဆေးရုံကနေ ဆင်းသွားခဲ့ပါပြီ။ ငလျင်ကြီးလှုပ်ပြီးနောက် ငလျင်အသေး ၈၅၀ လောက် လှုပ်ခတ်ခဲ့တဲ့ထဲက ရစ်ချက်တာစကေး ၄ ဒသမ ၀ ကတော့ အပြင်းဆုံးဖြစ်ခဲ့တယ်လို့ တူရကီသဘာဝဘေးနဲ့ အရေးပေါ်အဖွဲ့စည်းက ထုတ်ပြန်ခဲ့ပါတယ်။ အင်အားပြင်း ငလျင်ဒဏ်ကို တူရကီမြို့တော် အစ္စတန်ဘူလ် အပါအဝင် ဂရိမြို့တော် အေသင်ကနေလည်း ခံစားခဲ့ရပါတယ်။
တူရကီနိုင်ငံမှာ တရားမဝင် ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ အရည်အသွေး မပြည့်ဝတဲ့ တန်ဖိုးနည်းအဆောက်အအုံတွေနဲ့ အိုးမင်းနေတဲ့ အဆောက်အအုံတွေဟာ ငလျင်ဒဏ်ကြောင့် အထိအခိုက်အပျက်အစီး ပိုများနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
တရားရေးဝန်ကြီးက ပြိုကျပျက်စီးသွားတဲ့အဆောက်အအုံတွေနဲ့ ပတ်သက်ပြီး တရားဝင်အချက်အလက် ပြည့်စုံမှု ရှိ၊ မရှိ စုံစမ်းဖော်ထုတ်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
၁၉၉၉ ခုနှစ်တုန်းကလည်း တူရကီနိုင်ငံမြောက်ပိုင်းမှာ အင်အားပြင်းငလျင် ၂ ခု ဒဏ်ကြောင့် လူပေါင်း ၁၈,၀၀၀ နီးပါး သေဆုံးခဲ့ရဖူးပါတယ်။ ဂရိကလည်း မကြာခဏ အင်အားပြင်းငလျင်တွေ လှုပ်ခတ်လေ့ရှိတဲ့ နိုင်ငံပါ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် လူပေါင်း ၁၀,၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ တူရကီနိုင်ငံအတွက် အင်အားပြင်း ငလျင်လှုပ်ခတ်ခံရမှုက နောက်ထပ် ထိုးနှက်ချက်တခု ဖြစ်လာခဲ့ပါတယ်။
Ref: Aljazeera