တူရကီနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင် လှုပ်ပြီး ၄ ရက်မြောက်နေ့မှာ ကယ်ဆယ်ရေးသမားတွေက အသက် ၄ နှစ်အရွယ် ကလေးမလေးကို အသင်ရှင်လျက် ကယ်တင်နိုင်ခဲ့ပါတယ်။ တူရကီအနောက်ပိုင်း Izmir မြို့ထဲက ပြိုကျနေတဲ့ အပျက်စီးပုံတွေကြားကနေ ၉၁ နာရီအကြာမှာ တွေ့ရှိခဲ့ကြတာပါ။
အောက်တိုဘာ ၃၀ ရက်က အေဂျင်ပင်လယ်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ရစ်ချက်တာစကေး ၇ ဒသမ ၀ ရှိ အင်အားပြင်း ငလျင်ဒဏ်ကြောင့် တူရကီနိုင်ငံရဲ့ တတိယအကြီးဆုံး Izmir မြို့က အဆောက်အအုံအများအပြား ပြိုကျပျက်စီးကာ အနည်းဆုံး လူပေါင်း ၁၁၈ ဦးထိ သေဆုံးခဲ့ပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေသူတွေက Ayda Gezgin ရဲ့ အော်သံကို ကြားခဲ့ရချိန် ကယ်တယ်နိုင်ဖို့အတွက် နာရီပေါင်းအတော်ကြာ အချိန်ယူခဲ့ရပါတယ်။ သူမကို ကယ်ထုတ်နိုင်ဖို့ ပြိုကျ ပျက်စီးနေတဲ့ တိုက်ခန်း ၅ လုံးရဲ့ အပျက်စီးပုံကြားထဲ ရှာဖွေခဲ့ကြတာပါ။
Ayda လေးကို အပျက်စီးပုံတွေထဲက ဆွဲထုတ်လိုက်ချိန်မှာ ဖုန်မှုန့်တွေနဲ့ တကိုယ်လုံး ကပ်နေပေမယ့် ပြင်းပြင်းထန်ထန် ထိခိုက်မိထားတာမျိုး မတွေ့ရပါဘူး။ “ကလေးမလေးက ပြုံးပြနေပြီး ကျနော်တို့ လာကယ်မှာကို စောင့်နေတယ် ပြောတယ်” လို့ ကယ်ဆယ်ရေးဝန်ထမ်း Levent Onur က ပြောပါတယ်။
အသက် ၄ နှစ်အရွယ် ကလေးမလေးဟာ အဝတ်လျှော်စက် အနောက်မှာ ပိတ်မိနေပြီး သူ့ကို ကာကွယ်ပေးထားသလို ဖြစ်နေတာကြောင့် အသက် မသေဘဲ ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရခဲ့တာပါ။ ပြည်ထဲရေးဝန်ကြီးရဲ့ ပြောပြချက်အရ Ayda ကို ကယ်ဆယ်ပြီးနောက် သေဆုံးနေတဲ့ သူမ မိခင်အလောင်းကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ကျန်းမာရေး ဒုဝန်ကြီး Muhammet Guven က Ayda ကို ဆေးရုံမှာ လိုအပ်တဲ့ ကုသမှုတွေ ပေးနေပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့ မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။ သောကြာနေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် အနည်းဆုံး လူ ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ တူရကီ သဘာဝဘေးနဲ့ အရေးပေါ်စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (AFAD) က ထုတ်ပြန် ကြေညာထားပါတယ်။
အင်အားပြင်းငလျင်ကြောင့် လူပေါင်း ၁,၀၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီး လက်ရှိအချိန်ထိ ၁၃၇ ဦး ဆေးရုံတက် ကုသနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။ နေအိမ်ပြိုကျ ပျက်စီးသွားသူတွေအတွက် အရေးပေါ်တဲ ၄,၆၀၀ ကျော်နဲ့ အိပ်ယာ ၁၇,၀၀၀ ကျော် ပြင်ဆင်ပေးထားရတယ်လို့ AFAD က ဆိုပါတယ်။
တူရကီနိုင်ငံဟာ အင်အားပြင်းငလျင်ဒဏ်ကို မကြာခဏ ခံစားရလေ့ရှိပြီး ၂၀၁၁ ခုနှစ်က နိုင်ငံအရှေ့ပိုင်း Van မြို့ မှာ လုပ်ခတ်သွားခဲ့တဲ့ ငလျင်ကြောင့် လူပေါင်း ၅၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ အဲ့ဒီနှစ်မှာပဲ နိုင်ငံအရှေ့ပိုင်း Elazig ခရိုင်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ၄၁ ဦး ထပ်မံ သေဆုံးခဲ့ရပါတယ်။
Ref: Reuters
You may also like these stories:
ဖိလစ်ပိုင်မှာ စူပါတိုင်ဖုန်း Goni ကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံး
တူရကီနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းမှာ အင်အားပြင်း ငလျင်လှုပ်ခတ်
နယူးဒေလီမှာ လေထု အရည်အသွေး အဆိုးရွားဆုံးအဆင့် ရောက်နေ