Environment

အမေရိကတိုက် အလယ်ပိုင်းမှာ အပူပိုင်းမုန်တိုင်း Eta ကြောင့် လူရာနဲ့ချီ သေဆုံး

အမေရိကတိုက် အလယ်ပိုင်းမှာ တိုက်ခတ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း Eta ကြောင့် အနည်းဆုံး လူ ၁၀၀ ကျော် သေဆုံးပြီး လူပေါင်း သောင်းနဲ့ချီ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ကြပါတယ်။ အပူပိုင်းမုန်တိုင်းအဖြစ် ကာရေဘီယံပင်လယ်ကနေ ကျူးဘားနိုင်ငံကို စနေနေ့ညနဲ့ တနင်္ဂနွေမနက် အစောပိုင်းမှာ ဖြတ်ကျော်မယ်လို့ ခန့်မှန်းထားပါတယ်။

အမျိုးသားဟာရီကိန်းစင်တာရဲ့ ထုတ်ပြန်ချက်အရ အပူပိုင်းမုန်တိုင်းအဆင့်ကို ရောက်လာတဲ့ Eta ဟာ ကျူးဘားနိုင်ငံကို ဖြတ်ကျော်ပြီး အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ တောင်ဘက်ပိုင်းထိပါ ဦးတည်လာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိ အချိန်မှာတော့ လေတိုက်ခတ်နှုန်း တနာရီကို ၃၅ မိုင်နဲ့ အပူပိုင်းမုန်တိုင်းအဆင့်ကို ရောက်လာကာ တနင်္ဂနွေ မနက်မှာတော့ ပိုမိုအားကောင်းတဲ့ အဆင့်ကို ရောက်ရှိနိုင်တယ်လို့ အမျိုးသားဟာရီကိန်းစင်တာက ဆိုပါတယ်။

အပူပိုင်းမုန်တိုင်း Eta ကြောင့် ဂွာတီမာလာနိုင်ငံမှာ ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး လူ ၁၀၀ ကျော် သေဆုံးကာ အိမ်အလုံးပေါင်း ၁၅၀ ကျော် ရေထဲမျောပါခဲ့တယ်လို့ သမ္မတ Alejandro Giammattei က ပြောကြားလိုက်ပါတယ်။

“ဒီမနက်ပဲ မြေပြိုမှုကြောင့် နောက်ထပ် လူ ၄ ဦး သေဆုံးခဲ့ပါတယ်။ ပြည်သူတွေက ရေကြီးမှုကြောင့် နေအိမ်တွေကို စွန့်ခွာပြီး ဘေးလွှတ်ရာကို ရွှေ့ပြောင်းခဲ့ရတယ်” လို့ သမ္မတ Giammattei က ဆိုပါတယ်။ မြေပြိုမှုတွေကြောင့် နိုင်ငံအလယ်ပိုင်း San Cristobal မှာ နေအိမ်တွေ ရေနစ်မြှုပ်ခဲ့ရသလို၊ ကယ်ဆယ်ရေးတွေကလည်း အခြေအနေကြောင့် ရေထဲကနေပဲ ခြေကျင်သွားရောက် ကယ်ဆယ်နေရတယ်လို့ ဆိုပါတယ်။

ဂွာတီမာလာနိုင်ငံတွင်း ရေကြီး၊ မြေပြိုမှုဒဏ်ကို ပြည်သူ ၃ သောင်းကျော် ခံစားခဲ့ရပါတယ်။ အနည်းဆုံး လူ ၁,၈၀၀ ကျော်ကို ဘေးလွှတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပြီး၊ ၄၀၀ ကျော်ကတော့ ကယ်ဆယ်ရေးစခန်းတွေကို ပို့ ဆောင်ပေးထားပါတယ်။

မုန်တိုင်းရဲ့အရှိန်ကြောင့် ဟွန်ဒူးရပ်စ်နိုင်ငံမှာလည်း အိမ်ခေါင်မိုးတွေ ပွင့်သွားပြီး၊ သစ်ပင်လဲကျမှုတွေကြောင့် လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။ လူ ၂ ဦးသေဆုံးပြီး ၆ ဦး ပျောက်ဆုံးနေတယ်လို့ ဖော်ပြထားပါတယ်။ မုန်တိုင်းဒဏ်ကို လူပေါင်း ၃၆၀,၀၀၀ ကျော် ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

ပိုမိုအားကောင်းလာတဲ့ အပူပိုင်းမုန်တိုင်း Eta ဟာ ကျူးဘားနိုင်ငံနဲ့ အမေရိကန်၊ ဖလော်ရီဒါကမ်းခြေကို ဦးတည်နေပါပြီ။ မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ကာ မိုးသည်းထန်စွာ ရွာသွန်းမယ်လို့ ခန့်မှန်းထားပါတယ်။ ကျူးဘားနိုင်ငံကို ဖြတ်ကျော်လာပြီး ဖလော်ရီဒါကို ဦးတည်စဉ် မုန်းတိုင်းရဲ့အရှိန်ကို အတိအကျ မပြောနိုင်ပေမယ့် မိုးရေချိန် ၅ လက်မကနေ ၁၀ လက်မ ကြား ရွာသွန်းနိုင်တယ်လို့ အမျိုးသား ဟာရီကိန်းစင်တာက ခန့်မှန်းထားပါတယ်။

အပူပိုင်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ ဖလော်ရီဒါပြည်နယ်ထဲက COVID-19 စမ်းသပ်ရေး စခန်းတွေကို မုန်တိုင်း ဖြတ်ကျော်သွားတဲ့အထိ ယာယီ ပိတ်သိမ်းထားဖို့ ကြော်ငြာစာ ထုတ်ပြန်ထားပါတယ်။

Ref: edition.cnn

You may also like these stories:

တူရကီ ငလျင်လှုပ်ပြီး ၄ ရက်ကြာ ကလေးငယ်တဦးကို အသက်ရှင်လျက် ကယ်တင်

ဖိလစ်ပိုင်မှာ စူပါတိုင်ဖုန်း Goni ကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံး

တူရကီနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းမှာ အင်အားပြင်း ငလျင်လှုပ်ခတ်

Loading