တောင်ကိုရီးယားနိုင်ငံမှာ မွန်ဂိုလီးယားနဲ့ တရုတ်နိုင်ငံမြောက်ပိုင်း သဲကန္တာရတွေကနေ တိုက်ခတ်လာတဲ့ လေပြင်းတွေကြောင့် ဆယ်စုနှစ်တခုအတွင်း ပြင်းထန်တဲ့ သဲမုန်တိုင်းဒဏ်ကို ပထမဆုံးအကြိမ် ခံစားနေရပါတယ်။ တာဝန်ရှိသူတွေကလည်း သဲမုန်တိုင်း သတိပေးချက်ကို ဆိုးလ်မြို့တော် အပါအဝင် နေရာ တော်တော်များများမှာ ထုတ်ပြန်ထားပါတယ်။
မတ်လ ၂၉ ရက် မနက်ပိုင်းက Daegu မြို့ဝန်းကျင်မှာ သေးငယ်တဲ့ PM 10 အမှုန်တွေဟာ ၁,၁၇၄ မိုက်ခရိုဂရမ် အထိကို မြင့်တက်သွားတယ်လို့ ဆိုပါတယ်။ ဒါဟာ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်နောက်ပိုင်း အဆိုးဆုံး အဆင့်ကို ရောက်သွားခဲ့ရတာပါ။
ဆိုးလ်မြို့ဝန်းကျင်နဲ့ နေရာတော်တော်များများမှာလည်း PM 10 အမှုန်တွေဟာ သတ်မှတ်ထားတဲ့ အဆင့်ထက် ဆိုးရွားနေတယ်လို့ ဆိုပါတယ်။ မိုးလေဝသဌာန ထုတ်ပြန်ချက်အရ PM 10 ဟာ သုည နဲ့ ၃၀ မိုက်ခရိုဂရမ်ကြားဟာ အကောင်းဆုံးအဆင့်ဖြစ်ပြီး၊ ၃၁ ကနေ ၈၀ က ပုံမှန်အဆင့်၊ ၈၁ ကနေ ၁၅၀ ကြားက ဆိုးရွားတဲ့အဆင့်ဖြစ်ပြီး၊ ၁၅၀ ကျော်ကတော့ အဆိုးဆုံးအဆင့်လို့ သတ်မှတ်ထားတာပါ။
နိုင်ငံရဲ့ တောင်ဘက်စွန်းက အပန်းဖြေကျွန်း Jeju မှာဆိုရင်လည်း နေ့လယ် ၃ နာရီအချိန်မှာတောင် ပျမ်းမျှ ၈၃၆ မိုက်ခရိုဂရမ်ထိကို ဆိုးဆိုးရွားရွား မြင့်တက်ခဲ့ပါတယ်။ Busan မြို့မှာတော့ ၇၉၁ မိုက်ခရိုဂရမ်၊ အနောက်တောင်ဘက် Jeolla မှာ ၇၈၁ နဲ့ Gwanju မှာ ၅၆၉ ၊အလယ်ပိုင်း Daejeon မှာတော့ ၄၉၁ မိုက်ခရိုဂရမ်ထိ ရှိတယ်လို့ နိုင်ငံပိုင် လေထုအရည်အသွေး ခန့်မှန်းရေးသုတေသန စင်တာက ထုတ်ပြန်ထားပါတယ်။
မြို့တော် ဆိုးလ်မှာတော့ PM 10 အမှုန်တွေဟာ ၃၀၂ မိုက်ခရိုဂရမ် ဝန်းကျင်လောက် ရှိတယ်လို့ တိုင်းတာချက်အရ သိရပါတယ်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းနဲ့ မွန်ဂိုလီးယား သဲကန္တာရကနေ တိုက်ခတ်လာတဲ့ လေပြင်းတွေကြောင့် တောင်ကိုရီးယားနိုင်ငံတဝန်း သဲမုန်တိုင်း တိုက်ခတ်မယ့်အကြောင်း စင်တာကနေ ထုတ်ပြန်ထားပါတယ်။
တရုတ်ဘက်ကနေ တောင်ကိုရီးယားကို အဝါရောင်ဖုန်မှုန့်တွေ နှစ်စဉ်လိုလို ရောက်လာလေ့ ရှိပေမယ့် ဒီနှစ်မှာတော့ ဆယ်စုနှစ်တခုအတွင်း အဆိုးဆုံးအခြေအနေ ရိုတ်ခတ်ခံနေရတာ ဖြစ်ပါတယ်။ တောင်ကိုရီးယား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနကလည်း နိုင်ငံရဲ့ ၃ ပုံ ၂ ပုံလောက်ကို သဲမုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားပါတယ်။
လေထုအရည်အသွေး ကျဆင်းမှုတွေကြောင့် နိုင်ငံတဝန်းက ကျောင်းတွေကို ပြင်ပလှုပ်ရှားမှု ကန့်သတ်ဖို့ ထုတ်ပြန်လိုက်ပြီး၊ အဆောက်အအုံပြင်ပ အလုပ်လုပ်ရတဲ့ ဝန်ထမ်းတွေကို နှာခေါင်းစည်း Mask တပ်ကြဖို့နဲ့ သက်ကြီးရွယ်အိုတွေ အပြင်မထွက်ကြဖို့ နှိုးဆော်ထားပါတယ်။
သဲမုန်တိုင်းကြောင့် နွေဦးရာသီ ချယ်ရီပန်းပွင့်ချိန် လာရောက် လည်ပတ်လေ့ရှိတဲ့ နေရာတွေမှာ လူသူကင်းမဲ့နေပြီး အများစုကတော့ အန္တရာယ်ရှိ အမှုန်တွေကြောင့် ရုံးခန်းနဲ့ အိမ်တွေထဲမှာပဲ အလုံပိတ်နေကြတယ်လို့ ဆိုပါတယ်။
မြန်မာပြည်သူတွေကလည်း ဆိုရှယ်မီဒီယာပေါ်မှာ နိုင်ငံ့အရေးနဲ့ ပတ်သက်ပြီး တသားတည်း ရပ်တည်ပေးခဲ့တဲ့ တောင်ကိုရီးယားပြည်သူတွေ ဘေးကင်းပါစေကြောင်း ဆုတောင်းစာတွေ ရေးသား ပေးပို့ခဲ့ကြပါတယ်။
Ref: Yonhap
You may also like these stories:
တရုတ်နိုင်ငံ မြို့တော်ဘေဂျင်းမှာ ဒုတိယအကြိမ် သဲမုန်တိုင်း တိုက်ခတ်
တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ဆယ်စုနှစ်တခုကြာ အဆိုးဆုံး သဲမုန်တိုင်း တိုက်ခတ်
အင်ဒိုနီးရှားမှာ အင်အားပြင်း ငလျင်ကြောင့် အနည်းဆုံး လူ ၃၄ ဦး သေဆုံး