ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) က လွန်ခဲ့တဲ့ ၂၄ နှစ် ကရင်အမျိုးသား အစည်းအရုံး (KNU) မှ စတင် ခွဲထွက်စဉ် ဘာသာရေး အယူအဆကွဲလွဲမှုတွေ ရှိခဲ့တဲ့အတွက် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) အဖြစ် တည်ရှိခဲ့ပေမယ့် ၂၀၁၅ ခုနှစ်မှာတော့ လက်ရှိအဖွဲ့နာမည်ကို ပြောင်းလဲအသုံးပြုပြီး ဒီမိုကရေစီအခြေခံတပ်ဖွဲ့ အဖြစ် ရပ်တည်နေပါတယ်။
၂၀၁၅ ခုနှစ်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို အခြား အဖွဲ့ ၇ ဖွဲ့နဲ့အတူ လက်မှတ်ရေး ထိုးထားပြီး လက်ရှိ နိုင်ငံရေးဆွေးနွေးမှုနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စောင့်ကြည့်လုပ်ငန်းတွေမှာ ပါဝင်နေပါတယ်။
DKBA တပ်ရင်းတပ်ဖွဲ့ ၁၄ ဖွဲ့လောက်က ကရင်ပြည်နယ် မြဝတီမြို့၊ ကော့ကရိတ်မြို့နဲ့ KNU တပ်မဟာ ၆ နယ်မြေ တစိတ် တဒေသ အပါအဝင် မွန်ပြည်နယ် ဘုရားသုံးဆူ၊ ကြာအင်းဆိပ်ကြီးနဲ့ ကျိုက်ထိုမြို့နယ်တွေမှာ ရှိနေပါတယ်။ ဒီကေဘီအေ ကို လက်ရှိ ဦးဆောင်သူ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုးရှေးက ယခင်က KNU တပ်ဖွဲ့ဝင်ဟောင်းဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာ ဒီကေဘီအေကို ကူးပြောင်းခဲ့သူပါ။
ဒီဇင်ဘာ ၂၁ ရက်မှာ ကျရောက်တဲ့ ဒီကေဘီအေ တပ်နှစ်ပတ်လည်အခမ်းအနားမှာ ၎င်းက လက်ရှိမြန်မာနိုင်ငံတွင်း ပဋိပက္ခသည် မိတ်ဖက်ပဋိပက္ခဖြစ်သည့်အတွက် ပြည်ထောင်စုဖွား အချင်းချင်းကြား သဘောထား အယူအဆကွဲလွဲမှုများကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာ ရမည်သာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပြောဆိုဆွေးနွေးတဲ့အခါ DKBA နဲ့ နောက်ထပ် ကရင်လက်နက်ကိုင်အဖွဲ့ငယ်တခုဖြစ်တဲ့ Karen National Liberation Army-Peace Council (KNLA-PC) တို့က ကရင်အမျိုးသားအစည်းအရုံး ရဲ့ နိုင်ငံရေး ဦးဆောင်မှု အတိုင်း လိုက်ပါ ဆောင်ရွက်ကြပါတယ်။
DKBA ရဲ့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးဆိုင်ရာ ရပ်တည်ချက်၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်ရွက်ချက်တွေအကြောင်း ဗိုလ်ချုပ်ကြီး စောမိုးရှေးကို ဧရာဝတီ အကြီးတန်း သတင်းထောက် ငြိမ်းငြိမ်းက မြဝတီမြို့ DKBA ဌာနချုပ် ဆုံဆည်းမြိုင်မှာ တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး ။ ။ DKBA အဖွဲ့ ဖြစ်တည်လာတဲ့ ၂၄ နှစ်တာအတွင်းမှာ အဖွဲ့အခြေအနေကို ပြန်ကြည့်ရင် ဘာတွေသုံးသပ်မိလဲ။ ဘာတွေ ပြုပြင်ပြောင်းလဲဖို့လိုလဲ။ ဘာတွေက ဆက်ပီး ထားရှိသင့်တယ်လို့ ယူဆသလဲ။
ဖြေ ။ ။ ကျနော်ကတော့ DKBA စဖွဲ့တုန်းကတော့ မပါဘူး။ စဖြစ်တာ (ကေအင်ယူမှ DKBA စကွဲတာ) တော့ ဘာသာရေးကြောင့် ဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်းပြောင်းလာပြီး၊ အရွေ့တခုထဲပါလာတယ်။ တပ်မဟာ ၆ က ဖြစ်စဉ် (KNU မှ ဒီကေဘီအေ ခွဲထွက်ခြင်း) က တခြားဖြစ်စဉ်နဲ့မတူဘူး။ စဖြစ်ခဲ့တဲ့အနေအထားက ကိုယ့်အမျိုးသား အချင်းချင်း ပြန်တိုက်ရတဲ့ အနေအထား။ အဲဒါ ကျနော်တို့ နှစ်ဦးနှစ်ဖက်မှာ အားနည်းချက် ဖြစ်တယ်။
နောက် ကျနော်တို့ အဲဒီအချိန်မှာ အတွင်းစည်းကို ရောက်သွားတော့ ကျနေ်ာတို့ ပြည်သူလူထုနဲ့ အမြဲတမ်း နေနေရတဲ့ဟာ တခုတော့ အားသာချက်ရှိတာပေါ့။ တိုက်နေ ခိုက်နေတဲ့အချိန်မှာ ကျေးရွာတွေထဲမှာ ကျနော်တို့ အမြဲတမ်းမနေနိုင်ဘူး။ တခုကောင်းသွားတာက ပြည်သူနဲ့ ထိတွေ့သွားတာပေါ့။ ပြည်သူ စည်းရုံးရေးတွေ ပိုလုပ်လာနိုင်တယ်။ အပြင်စည်းကနေ တိုက်နေရင် လူထုနဲ့ အမြဲတမ်း မနေနိုင်ဘူး။ ပြီးရင် ကရင်ဆိုတာ နယ်စပ်မှာချည်း ရှိတာမဟုတ်။ တောထဲမှာ ချည်းနေတာမဟုတ်။ ပြည်တွင်းမှာ အများကြီးရှိတယ်။ ပိုပြီး ပျံ့နှံ့ဖို့လိုတယ်။
၂၀၁၀ မှာကျတော့ နယ်ခြားစောင့်တပ် (BGF) မှာ မပါတော့ဘူး။ ကျနော်တို့တပ်ဖွဲ့ကို ဗိုလ်ချုပ်ကြီးစောလားဘွယ်က ကွပ်ကဲ တာပေါ့။ ဘာသာရေးကို အခြေမခံဘဲ အမျိုးသားရေးကို အခြေခံပြီးသွားမယ်ပေါ့။ ဘာသာရေးကို အခြေခံတယ်ဆိုရင် ဒါ ထပ်ကွဲဖို့လည်း ရှိတယ်။ ကျနော်တို့ ကရင်ဘာသာမျိုးစုံ ရှိတာကိုး။ အဲဒါကြောင့် ခေါင်းစဉ်ကိုကအစ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် လို့ ပြန်ပြောင်းထားတယ်။
မေး ။ ။ အစိုးရနဲ့ ငြိမ်းချမ်းရေးလုပ်နေစဉ် ကာလအတွင်းမှာ DKBA အမည်ခံနဲ့ ခွဲထွက်တွေ ပေါ်လာတာရှိတယ်။ အဲဒီအဖွဲ့တွေရဲ့ ဆောင်ရွက်ချက်တွေက ကိုယ့်အဖွဲ့အပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ။
ဖြေ ။ ။ ၂၀၁၀ မှာ ကျနော်တို့က BGF ထဲမပါတော့ဘူး။ အဲဒီတုန်းက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော်အနေနဲ့ပဲ ကျန်ခဲ့တယ်။ ၂၀၁၅ မတိုင်ခင်လေးမှာ ကျနော်တို့က ဘာသာရေးကို အခြေမခံတော့ဘဲနဲ့ အမျိုးသားရေး အခြေခံပြီး သွားမယ့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် ဆိုပြီး ပြောင်းတယ်။ ကျနော်တို့ NCA ထိုးမယ့်အချိန်ကျတော့ ကျနော်တို့ထဲက တဖွဲ့က အရင်နာမည် အဟောင်းအတိုင်းပဲ ယူလိုက်တယ်။ အဲလို အတိုကောက် စာလုံးတူနေတဲ့အပေါ် သက်ရောက်မှုက တပ်မတော်နဲ့ BGF နဲ့ တိုက်ပွဲဖြစ်တယ်ဆိုရင် အများသိတာက ဒီကေဘီအေနဲ့ အစိုးရနဲ့တိုက်ပွဲဖြစ်တယ်။
အဲဒီအပေါ် ကျနော်တို့ အမေးခံရတာက ခင်ဗျားတို့နဲ့ဖြစ်တာလား။ NCA ထိုးပီးမှ ဘာကြောင့်ဖြစ်တာလဲ။ ဘာကြောင့် ဒီလိုဖြစ်တာလဲ ဆိုရင် အတိုကောက် DKBA စာလုံးက ဟိုဘက်နဲ့ ဒီဘက် တူနေလို့။ တလုံးချင်း အနက်အဓိပ္ဗါယ် ဖွင့်တဲ့ဟာတော့ မတူဘူး။ အတိုကောက် စာလုံးတွေက တူတော့ ဟိုဘက် DKBA က မကောင်းတာပဲ လုပ်လုပ် တိုက်ပွဲပဲဖော်ဖော် အဲဒါဆို ကျနော်တို့ဘက်ကို အမြဲတမ်း ဂယက်ရိုက်တယ်။ အမှန်တော့ ကျနေ်ာတို့နဲ့သူတု့ိ ဘာမှ မပတ်သက်ဘူး။
အခုထက်ထိလည်း ဂယက်ရိုက်မှုရှိတယ်။ သူတို့ဘက်မှာ တစုံတရာ တိုက်ပွဲတွေဖြစ်တယ် ဆိုရင် လူထုတချို့က DKBA လို့ပဲ သိတာနဲ့ဆိုရင် ဟိုဘက်အဖွဲ့လား ဒီဘက်အဖွဲ့လား မခွဲခြားနိုင်ဘူး။
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်ဖွဲ့ပီးနောက်ပိုင်းမှာတော့ ကေအင်ယူနဲ့လည်း တိုက်ပွဲမဖြစ်ဘူး။
မေး ။ ။ KNU က ငြိမ်းချမ်းရေးဆွေးနွေးမှု ခေတ္တရပ်ထားတာမို့ ဆွေးနွေးပွဲတွေ ရှေ့မဆက်နိုင်ဘူး။ DKBA နဲ့ KNLA-Peace Council က KNU ရဲ့ နိုင်ငံရေးဦးဆောင်မှုအောက်မှာ လိုက်နေတယ်ဆိုတော့ ဒီလို ရပ်လိုက်တဲ့အပေါ် ၂၀၁၉ ခုနှစ်အတွက် ဘယ်လို မျှော်လင့်ထားလဲ။
ဖြေ ။ ။ ကျနော်တို့ DKBA အနေနဲ့ရော KNU/KNLA PC အနေနဲ့ရော ကျနော်တို့ ဒီတပ်၂ ဖွဲ့က နိုင်ငံရေးအလုပ်အဖွဲ့ဆိုတာ မရှိဘူး။ NCA ထိုးပြီးနောက်ပိုင်းမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ဆွေးနွေးပွဲတို့ မူဘောင်ရေးရာတို့ စလုပ်တာ ကျနော်တို့မှာ နိုင်ငံရေးသမားတွေ မရှိဘူး။ အဲဒီကာလမှာ ကျနော်တို့က KNU ဦးဆောင်မှုနဲ့ပဲ တောက်လျှောက်သွားနေတယ်။ အခု KNU ကလည်း ဒီနိုင်ငံရေးဆွေးနွေးပွဲတွေကို သူ ရပ်လိုက်တာတော့ မဟုတ်ဘူးလို့ ယူဆတယ်။ သူ လေးဝါးအစည်းအဝေးအပြီး ပြန်ရှင်းတာတော့ ရှိတယ်။ အစည်းအဝေးတွေ တောက်လျှောက် တောက်လျှောက် EAO အစည်းအဝေးတွေ ဖြစ်လိုက် အစိုးရနဲ့ ဖြစ်လိုက် UPDJC အဖွဲ့လည်း အစည်းဝေးတွေ ဆက်တိုက် တလ ၂ ခါလောက်ပုံမှန်ဖြစ်တော့ အောက်ခြေကို ပြန်ချပြလို့ မမှီဘူး။ အဲဒီလို ရှေ့နောက်ဟ နေတဲ့အခြေအနေ ကို ဆက်ချင်လို့ သူတို့က ရပ်ပါတယ်ပေါ့။
ဘယ်လိုပဲဖြစ်ဖြစ် အတိုက်အခံ တခုရှိမှ တဆင့်ကို တက်မှာဖြစ်တယ်။ ဒီအတိုင်းပဲ လျောလျော ရှုရှု သွားနေရင် ဘယ်အဆင့်မှ မတက်ဘူး။ ဒါ ကောင်းတဲ့လက္ခဏာပဲ လို့ ယူဆတယ်။ တိုးတက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အားလုံးထဲမှာ မချောမွေ့တဲ့ အခြေ အနေတွေ နိုင်ငံတိုင်းမှာ ရှိတယ်။ ကျနော်တို့ဘက်မှာလည်း ဒီလိုမျိုး ဖြစ်တာပဲ။ အပစ်ခတ်ရပ်စဲရေး တခုတည်းက တပြိုင်နက်တည်း တနိုင်ငံလုံးမရဘူး။ တဖွဲ့ပြီးတဖွဲ့ပဲ။ ဘာကြောင့်လဲဆို တနိုင်ငံလုံးလည်း အခြေအနေက မတူကြသေးဘူး။ တိုင်းရင်းသားတွေ တပြေးတည်း အပစ်ခတ်ရပ်စဲရေး တပြုံတည်းလုပ်တယ်ဆိုရင်တော့ အဆင်ပြေမယ်။ ဒီဆိုင်းငံ့မှုတခုက ကောင်းခြင်းလက္ခဏာပဲ ဆိုးခြင်းလက္ခဏာတော့ မဖြစ်ပါဘူးလို့ ကျနော်ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းသိ ပြည်သိ ကမ္ဘာသိ NCA ကို ထိုးထားတယ်။ ထိုးထားတဲ့အဖွဲ့က ဖောက်တယ်ဆိုရင် သူက သမိုင်း တရားခံဖြစ်မှာ။ အဲဒါကြောင့် သူလည်း တရားခံ အဖြစ်မခံပါဘူး။
မေး ။ ။ KNU ကို နိုင်ငံရေးအရ ဦးဆောင်မှု ဆက်ပေးထားပီး သူနဲ့ ဆက်ပီး လက်တွဲသွားမယ့် မူကရော အရင်အတိုင်း ဆက်ရှိနေတာလား။
ဖြေ ။ ။ အခု လက်ရှိ KNU က ထုတ်ပြန်ကြေငြာချက်လုပ်တော့ ကျနော်တို့ကို မတိုင်ပင်ဘူး။ ဒါ သူ့ဟာသူ ထုတ်တယ်ဆိုတော့ ကျနော်တို့လည်း အကယ်လို့ တွေ့ဆုံဆွေးနွေးမှုရှိတယ်ဆိုရင် EAOs အနေနဲ့ ကျနေ်ာတို့ သွားမယ်။ အဲဒါက KNU က သွားတာ မသွားတာ သူ့အပိုင်း။ ကျနော်တို့က ဆက်သွားမယ်။
ကျနော်တို့ သဘောထားက အခုလက်ရှိနိုင်ငံတော်က တွေ့ဆုံချင်တယ်ဆိုရင် ကျနော်တို့ သွားမှာပဲ။ ရပ်တော့ မရပ်သွားဘူး။ နောက် နိုင်ငံရေးမှာ KNU က ခုလတ်တလော သူက ခေတ္တရပ်ဆိုင်းရင်လည်း ကျနော်တို့ဘက်ကတော့ ဒီလို မထုတ်ပြန်ထားတဲ့အတွက် ကိုယ်သွားတဲ့လမ်းကြောင်းအတိုင်းသွားမယ်။
မေး ။ ။ DKBA အနေနဲ့က ကိုယ့်ရဲ့ တပ်ဖွဲ့ဝင်တွေကြားထဲမှာ NCA ကို နားလည် သဘောပေါက်လာအောင် ပါတဲ့အချက် အလက်တွေကို ရှင်းရှင်းလင်းလင်းသိအောင် ဘယ်လိုတွေ လုပ်ဆောင်လဲ။
ဖြေ ။ ။ ကျနော်တို့ စာအုပ်ငယ်လေးတွေကို တပ်မှူးတွေကို ဝေပေးထားတယ်။ ပီးတော့ ဆုံဆည်းမြိုင် ဌာနချုပ်မှာပဲ NCA နဲ့ ပတ်သက်တဲ့ အချက်အလက်များ၊ ကျင့်ဝတ်များ၊ ရှောင်ရမယ့်ဟာ တွေကို CNF (ချင်းအမျိုးသားတပ်ဦး) နဲ့ပေါင်းပီး သင်တန်း ပို့ချတယ်။ ရက်တို အလုပ်ရုံဆွေးနွေးပွဲ တခါလုပ်တယ်။ ပြီးတော့ JMC နဲ့ ပတ်သက်တဲ့ကိစ္စကိုလည်း ဒီဒေသမှာ ဆွေးနွေးပွဲတွေ လုပ်တယ်။
အဲဒီမတိုင်ခင် ကျနော်တို့ သက်ဆိုင်ရာတပ်ဖွဲ့က တပ်ရင်းမှူးတွေ တပ်ဖွဲ့မှူးတွေခေါ်ပြီး JMC နဲ့လူထုအပေါ်မှာ စောင့်ထိန်းရမယ့် ဝတ္တရားများ၊ တပ်အချင်းချင်း လိုက်နာရမယ့် စည်းကမ်းတွေကိုလည်း ကျနော်တို့ စာအုပ်တွေ ဝေထားပါတယ်။
မေး ။ ။ အခု ဒီနယ်မြေထဲမှာ ဘာသာရေးအရ အများကြီး ကွဲပြားမှုရှိတယ်။ ကိုယ့်ရဲ့ ပြည်သူတွေကို ဘာသာရေးကို အခြေမခံတဲ့ အဖွဲ့ဖြစ်တယ်ဆိုတာ ဘယ်လိုသတင်းစကား ပေးထားလဲ။
ဖြေ ။ ။ အဲလို ထွေထွေထူးထူးတော့ မပေးထားဘူး။ တခုတော့ ရှိတယ်။ ပြုပြင်ပြောင်းလဲမှု အဖြစ် ကျနော်တို့ နာမည် ပြောင်းလိုက်တယ်။ ဘက်တံဆိပ်တွေကအစ ကိုယ့်အမှတ်အသားကအစ ပြောင်းလိုက်တယ်။ ပြီးတော့ ဘာသာရေး လုပ်ငန်းမှာလည်း နှစ်ဘက်စလုံး ညီညီ မျှမျှ လုပ်ထားတယ်။ အဲဒါတော့ သူတို့ သဘောပေါက်တယ် ထင်တယ်။ ကျနော်တို့ ဘာမှ ပါးစပ်နဲ့ ရော စာရွက်စာတမ်းမူနဲ့ရော မပြောထားဘူး။
မေး ။ ။ DKBA က ခွဲထွက်များသလို မူးယစ်ဆေးဝါးကိစ္စမှာဆိုရင် ပြည်သူလူထုအမြင်မှာတော့ ရောထွေးမြင်ကြတယ်။ ကရင်အဖွဲ့က လုပ်တယ်ပဲ ယေဘုယျ သိကြတယ်။ အဲဒီ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ DKBA ပါဝင်ဆောင်ရွက်တာရှိလား။
ဖြေ ။ ။ ရှိတယ်။ ကရင်ပြည်နယ်မှာ လက်နက်ကိုင်တပ်ဖွဲ့ဆို KNU, KNU/KNLA-PC နဲ့ DKBA ရှိမယ်။ ဒါပြင် DKBA ကနေ နယ်ခြားစောင့် တပ်ဖြစ်သွားတဲ့ BGF ရှိမယ်။ ဒီထဲမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ပတ်သက်လို့ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မှု အားအကောင်းဆုံးက DKBA ပဲ။ ပြီးတော့ တချို့အမှုတွေဆိုရင် အစိုးရဘက်ကနေ မဖော်ထုတ်နိုင်တဲ့ မူးယစ်ဆေးဝါးအမှုကို DKBA က ဖော်ထုတ်ပေးတယ်။ ပူးပေါင်းပီးတော့ တရားခံတွေ ဖမ်းတယ်။ မူးယစ်ဆေးဝါးဖမ်းတယ်။ ဖမ်းဆီးမှုမှာ ပါဝင်တာကြာပြီ။ ဒီ ၂၀၁၁ ပြည်နယ်အဆင့် လက်မှတ်ထိုးပြီးကတည်းကပေါ့။
ကျနော်တို့ ဒေသတွင်းမှာပဲ မူးယစ်ဆေးဝါး ကင်းစင်ရေးမှာ အစီအမံ တခုနှစ်ခု လုပ်ထားတယ်။ နံပါတ် ၁ က နှုတ်အားဖြင့်ပေါ့။ ရွာမှာ ကလေးတွေ အနာဂတ်ကလေးတွေ ပညာသည်တွေ ရှိလာဖို့ ဦးနှောက်ကောင်းမှ ဖြစ်မယ်။ လူငယ်ဘယ်လောက်များများ ဦးနှောက်မကောင်းရင် ပညာရှင်ဆိုတာ မဖြစ်လာဘူး။ ဒါကြောင့် မူးယစ်ဆေးဝါးက လူအတွက် အန္တရာယ်ရှိပါတယ် ဆိုတာကို ဒီဒေသမှာ ကျနော်တို့ ဟောပြောပွဲတွေကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ ကျန်းမာရေး အဖွဲ့ တွေနဲ့ ပေါင်းပီး လုပ်တယ်။
နောက်တခုက အရင်တုန်းက ဒီဒေသမှာ အားကစားပွဲ တအားနည်းတယ်။ အခုဆိုရင် လူငယ်ပွဲတော်တွေ အားကစား ယှဉ်ပြိုင်မှုတွေ ရှိလာတယ်။ နှစ်သစ်ကူးဘောလုံးပြိုင်ပွဲတွေ ရှိတယ်။ မိုးတွင်းမှာဆို ကျနော့်ဖလားပေါ့။ အားကစားတွေ ဦးစားပေးပီး ကလေးတွေအတွက် အားကစားအသင်းအဖွဲ့တွေ လုပ်တယ်။ အားကစားဘက် စိတ်ပါမှ တခြားဘက်မှာလည်း တိုးတက်မယ်။ အလုပ်အကိုင် အခွင့်အလမ်း ပေါ်လာအောင် လိုက်ချိတ်ဆက်နေတယ်။ အလုပ်အကိုင်အခွင့်အလမ်းမရှိရင် လူက တဖက်ကို စိတ်ပြောင်းတယ်။
နောက်တခုက အပြစ်ပေး အရေးယူတဲ့ပုံစံ။ ကျနော်တို့ တပ်ထဲမှာ သောက်တာတွေ (မူးယစ်ဆေးဝါးသုံးစွဲ) လည်း ရှိတယ်။ အဲဒီလူတွေကို ဆီးစစ်၊ မိတဲ့လူ အချုပ်ထဲသွား။ အလုပ်ကြမ်းတွေခိုင်း ပြီးရင်ပြန်လာ။ လူတယောက် ၂ ခါ ဆီးစစ်လို့ ထိတယ်ဆိုရင်တော့ သူ့ကို အရေးယူတယ်။ ကိုယ့်တပ်ပိုင်းကိုလည်း ဆင်ခြင်အောင်လုပ်ရတာက တပိုင်း။ နောက် အရေးယူတဲ့အပိုင်းမှာတော့ ကိုယ့်ဘက်က အပြစ်လွန်ကျူးလာပီဆိုရင် ကျနော်တို့က ရဲနဲ့ အပ်လိုက်တယ်။ ဥပဒေအရ သွားတယ်။ ပီးတော့ ဒီဒေသမှာလည်း လူထုထဲက တော်ရုံသင့်ရုံဆို ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အသိပေးတယ်။ ကျနော်တို့မှာ တရားဥပဒေအရ ဆုံးဖြတ်ပိုင်ခွင့်မရှိတော့ အဲဒါကြောင့် ရဲလက်ထဲ အပ်လိုက်တယ်။
မေး ။ ။ DKBA အမည်တွေနဲ့ BGF တပ်ရင်းက အခွန်ကောက်တာတွေအရင်က ကြားရတယ်။ အခု DKBA ရဲ့ မူက ဘယ်လိုချမှတ်ထားလဲ။
ဖြေ ။ ။ အခွန်နဲ့ပတ်သက်ရင်တော့ ကျနော်တို့မှာ တိုက်ရိုက်ကိုင်တာတော့မရှိဘူး။ ဒေသန္တရ စည်းမျဉ်းစည်းကမ်းပုံစံပဲ။ ဒီဒေသမှာဆို ကျနော်တို့လည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်တယ်။ အမြဲတမ်း လူထုနဲ့ တောက်လျှောက် ထိတွေ့နေတော့ လူထုတွေရဲ့ လုပ်ငန်းတွေထဲက ကျနော်တို့ အကူအညီတောင်းတာတွေတော့ ရှိတာပေါ့။ တရားဝင် အကောက်ခွန် ပုံစံမျိုးတော့ လုပ်လို့မရဘူး။ နောက်ပြီး ဂိတ်တွေမှာလည်း ၂၀၁၅ နောက်ပိုင်းကစလို့ စစ်ဆေးရေးဂိတ်က လွဲလို့ အခွန်ကောက်တဲ့ဂိတ်မထားဘူး။
မေး ။ ။ တိုင်းရင်းသားဒေသတွေမှာ ဘယ်လိုအထိမ်းအမှတ်ဖြစ်ဖြစ် တိုင်းရင်းသားစာပေနဲ့ ဘာသာစကားကို အဓိက ပြောတာ တွေ့ဖူးတယ်။ ဒီကေဘီအေ နှစ်ပတ်လည်နေ့မှာတော့ မြန်မာစကားနဲ့ပဲ အဓိက ပြောသွားတယ်။ တိုင်းရင်းသားစာပေ ထိန်းသိမ်းမှု အပိုင်းကို ဘယ်လောက်လုပ်နိုင်တယ်ထင်လဲ။
ဖြေ ။ ။ ဒီဘက်မှာ တိုင်းရင်းသားစာပေအဖွဲ့တော့ ရှိတယ်။ စာပေကိုကျတော့ နွေရာသီမှာ သင်တယ်။ ပြီးရင် ကျောင်းမှာ တကျောင်းကို ကရင်ဘာသာသင်တဲ့ ဆရာမ တဦးစီရှိတယ်။ အခု ကျနော်တို့ အခမ်းအနားမှာ မြန်မာလို ပြောရတာက ကျနေ်ာတို့ ဒီမိုကရေစီကို အခြေခံထားတဲ့ တပ်လည်း ဖြစ်တယ်။ ပြီးရင် သီးသီးခြားခြား ကရင်ပဲ စုဖွဲ့တာမဟုတ်ဘဲ ကျနော်တို့ တပ်မှာလည်း လူပေါင်းစုံရှိတယ်။ ပြီးတော့ ကျနော်တို့ ပြည်သူမှာလည်း လူမျိုးစုံရှိတယ်။ ကျနော်တို့ ကရင်မှာလည်း အမျိုးများတယ်။ ဇကောကရင်လို ပြောမယ်ဆို တခြားကရင်လည်း နားမလည်ဘူး။ အဲဒါကြောင့် ဗမာစကားပြောခြင်းအားဖြင့် ရပ်ဝေးမှာ ရှိတဲ့ ဗမာအမျိုးသားတွေက အစ ဒီကေဘီအေ ဘာလဲဆိုတာ တခြားတိုင်းရင်းသားကအစ သဘောပေါက်တယ်။