ဗိုလ်ချုပ် နေဝင်း စစ်အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းရန် တော်လှန်တိုက်ခိုက်ခဲ့သည့် ဗမာပြည် ကွန်မြူနစ်ပါတီ၏ လက်အောက်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ရှမ်း၊ အာခါ၊ လွယ်၊ ကိုးကန့် လူမျိုးများလည်း ပါဝင် တိုက်ခိုက်ခဲ့ ကြသည်။
၁၉၈၉ ခုနှစ်တွင် ဦးဖုန်ကျားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့က ဗကပကို စတင်ပုန်ကန် ခွဲထွက်ပြီးနောက် ဝ နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ တပ်ဖွဲ့များကလည်း ပုန်ကန်ခွဲထွက်ခဲ့ကြသည်။
ထိုထဲမှ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ တပ်များသည် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) ကို ပြန်လည် ဖွဲ့စည်းကာ မိုင်းလားဒေသ၊ ဆီလူးဒေသ၊ နမ့်ပန်းဒေသ ၃ ခုကို ယနေ့ထိ အုပ်ချုပ်လျက် ရှိသည်။
ဒေသ ၃ ခု၏ မြို့တော်မှာ မိုင်းလားမြို့ ဖြစ်ပြီး NDAA ခေါင်းဆောင် များက အုပ်ချုပ်ရေး ယန္တရားအဖြစ် ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဖွဲ့ကာ အုပ်ချုပ်နေသည်။ အစိုးရက NDAA အုပ်ချုပ်သည့် နယ်မြေကို အထူးဒေသ (၄) အဖြစ် သတ်မှတ်ပေးထားသည်။
အထူးဒေသ (၄)သည် လာမည့် ဇွန် ၃၀ ရက်တွင် ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် ၃၀ ပြည့်ပြီဖြစ်သည်။
နှစ် ၃၀ ခရီးအတွင်း ဖွံ့ဖြိုးတိုးတတ်သည့် နယ်စပ်ဒေသမြို့ ဖြစ်လာပြီး စီးပွားရေးလုပ်ငန်းများ ထူထောင် နိုင်အောင် ဖြတ်သန်းခဲ့ရသည့် လမ်းခရီးအခြေနေများ၊ လက်ရှိ ရပ်တည်မှုနှင့် စီးပွားရေးလုပ်ငန်းများ၊ NDAA ခေါင်းဆောင် များ၏ နိုင်ငံရေးခံယူချက်များနှင့် ပတ်သတ်၍ ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ၏ အမှုဆောင် အဖွဲ့ဝင် ဦးခမ်းမောင်ကို တွေ့ဆုံ မေးမြန်း ထားပါသည် ။
မေး။ ။ အထူးဒေသ (၄) ရဲ့ နှစ် ၃၀ ပြည့်အတွက် ဘာတွေ ပြင်ဆင်နေပြီလဲ။
ဖြေ။ ။ ဇွန်လ ၃၀ ရက်ဆို ရှမ်းပြည်နယ်၊ အရှေ့ပိုင်း အထူးဒေသ (၄) လို့ သတ်မှတ်ပေးခဲ့တဲ့ နေ့ထူးနေ့မြတ် တခု ဖြစ်ပါတယ်။ တချိန်တည်းမှာ အဲ့နေ့က စပြီး ငြိမ်းချမ်းရေး လမ်းကြောင်းကို လျှောက်လှမ်း ခဲ့တဲ့ နှစ် ၃၀ ပြည့် ဖြစ်လို့ ဂုဏ်ပြုတဲ့ အခမ်းအနားကို ကျနော်တို့ စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် ကျင်းပမယ်လို့ ပြင်ဆင်ထားပါတယ်။ ပွဲမှာ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ ရိုးရာ ပြကွက်တွေ ပါမယ်။ နောက်ပြီး အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့၊ ကျနော်တို့ အထူးဒေသ (၄) ရဲ့ NDAA ပေါ့။ NDAA ရဲ့ စစ်ရေး အလှပြတဲ့ အခမ်းအနား တချို့လည်း ပါမယ်။ လက်နက်ကတော့ တပ်ဆိုတော့ သူ့လက်နက်တော့ ကိုင်ပြီး အလှပြမှာပါ။ ရှိတဲ့ လက်နက်တွေကိုင်ပြီး စစ်ရေးပြ အလှပြတာတွေ ပါပါမယ်။
မေး။ ။ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်တုန်းက ဝ ဆိုရင် မောင်းသူမဲ့လေယာဉ်တွေ လေယာဉ်ပစ် လက်နက်တွေ ထုတ်ပြခဲ့တယ်။ အထူးဒေသ (၄)မှာရော ဒီလိုပြမလား။
ဖြေ။ ။ကျနော်တို့မှာ လေယာဉ်မရှိဘူး။ ကျနော်တို့ အဲ့တာတော့ မပါပါဘူး။
မေး။ ။ နှစ် ၃၀ ကာလအတွင်း မိုင်းလားဒေသက ပြည်မက မြို့တွေထက် ဖွံ့ဖြိုးရေးလုပ်ထားတာ တွေ့ရတယ်။ ဒီနှစ် ၃၀ ကာလအတွင်း ဒေသဖွံ့ဖြိုးရေးကို ဘယ်လို လုပ်ခဲ့သလဲ။
ဖြေ။ ။ ကျနော်တို့က ဟိုးအရင်က နှစ် ၃၀ မတိုင်ခင်က ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အောက်မှာ နေပြီး စစ်တိုက်ခဲ့ရတယ်။ ကျနော်တို့ တပ်မတော်အစိုးရကို အဲ့တုန်းက နေဝင်းစစ်အစိုးရလို့ ခေါ်ခဲ့တယ်။ အဲ့တပ်တွေက ပြည်သူတွေရဲ့ ဘုံရန်သူဖြစ်တယ်ဆိုပြီး ဗကပ က လမ်းညွှန်မှုပေးလိုက်တော့ ကျနော်တို့က စစ်တိုက်ခဲ့တယ်။ နှစ်ပေါင်း ၂၀ ကျော်ပေါ့။ စစ်တိုက်တာကလည်း ကြည့်တော့ လူတွေ သေကြတယ်။ ပြည်သူတွေကလည်း ဆင်းရဲတွင်းနက်မှုတွေ တအားကြီးတယ်။ စားမဝ၊ ခါးမလှ၊ ဝတ်ဖို့ မရှိဘူး။ စားဖို့ မရှိဘူး။ နေဖို့နေရာလည်း မရှိအောင် အရမ်းဆင်းရဲတယ်။ အဲ့တာကြောင့် ဗကပ ရဲ့ ခေါင်းဆောင်မှုအောက်မှာသာ ရှိနေရင် စစ်က မတိုက်ချင်လည်း တိုက်နေရတော့မှာပဲ ဆိုပြီး လူကြီးပိုင်းက ဦးနှောက်က နည်းနည်း တိုးတတ်မှု ရှိလာတဲ့အချိန်ကျတော့ ဗကပကို ကျနော်တို့က ၁၉၈၉ ခုနှစ်၊ ဧပြီ ၁၉ ရက်မှာ ခွဲထွက်ခဲ့တယ်။
ခွဲထွက်ပြီးနောက် ကျနော်တို့တပ်ဖွဲ့ကို အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဆိုပြီး ဖွဲ့စည်းလိုက်တယ်။ ဘယ်က တပ်တွေနဲ့ ဖွဲ့လဲ ဆိုတော့ ဗကပ ခေတ်တုန်းက အခု အထူးဒေသ (၄) ဖြစ်တဲ့ နမ့်ပန်း၊ မိုင်းလားက ၈၁၅ စစ်ဒေသ၊ တပ်ဖွဲ့လို့ ခေါ်ခဲ့တယ်။ မိုင်းလားနဲ့ အနောက်ဘက် ဆီလူးဒေသ အပါက တပ်မဟာ ၇၆၈ တပ်တွေ လှုပ်ရှားခဲ့တယ်။ အဲ့ တပ် ၂ တပ်ကို ပေါင်းလိုက်ပြီး ဗကပ ကနေ ခွဲထွက်ပြီး အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဆိုပြီး ဖွဲ့စည်း လိုက်တယ်။ ဖွဲ့စည်းပြီးနောက်မှာ တပ်မတော်အစိုးရနဲ့ အဲ့တုန်းက ထောက်လှမ်းရေးပေါ့ဗျာ။ အခု စရဖ ဆိုတဲ့ အဖွဲ့ပေါ့။ ထောက်လှမ်ရေးနဲ့ ဆက်သွယ်ပြီး စစ်ရပ်စဲခဲ့တယ်။
၁၉၈၉ ၊ ဇွန် ၃၀ ရက်ကနေ ဒီနယ်မြေကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) လို့ နိုင်ငံတော် အကြီးအကဲတွေကနေ သတ်မှတ်ပေးထားတယ်။ ကျနော်တို့က အရင်က ဆင်းရဲခဲ့တာလည်း ကြာပြီ။ အဲ့တာကြောင့် ဒေသကို စစ်လည်း မတိုက်တော့ဘူးဆိုရင် ဘယ်လို စည်ကားအောင် ဖွံ့ဖြိုးအောင် လုပ်မလဲဆိုတာ ခေါင်းဆောင်ပိုင်းတွေက စဉ်းစားပြီး မိုင်းလားမြို့လေး တမြို့ဖြစ်လာအောင် ကြိုးစားခဲ့တာပါ။ တိုင်းရင်းသားပြည်သူတွေ ပေါင်းစုံပါဝင်ပြီး ဥက္ကဌကြီး ဦးစိုင်းလင်း အမှူးပြုပြီး လမ်းညွှန်မှုတွေ ပေးပြီး ဒီဒေသကို ဒီလို ဖြစ်အောင် လုံးပမ်းခဲ့ရတာ ဖြစ်ပါတယ်။
မေး။ ။ ဒါကို စစ်ရပ်စဲပြီး လက်မှတ်စထိုးတည်းက ဒေသဖွံ့ဖြိုးရေးကို ပထမဦးတည်ခဲ့တာလား။
ဖြေ။ ။လက်မှတ်စထိုး တဲ့အချိန်မှာ တပ်မတော်အစိုးရတွေက ခဗျားတို့ ဒီတပ်တွေ စစ်ရေးကာလမှာ ဘယ်နယ်မြေ ဘယ်နေရာထိ ရောက်ခဲ့တယ်။ ခဗျားတို့ ထိန်းချုပ်တဲ့ နေရာ ခဗျားတို့ပဲ ဆက်ပြီး အုပ်ချုပ်ပါ။ စစ်မတိုက်ရင် ရပြီ။ အဲ့တော့ ကိုယ့်ဒေသတွေကို ဖွံ့ဖြိုးတိုးတတ်အောင် တည်ဆောက်ပါလို့ နိုင်ငံတော် အကြီးအကဲတွေက မိန့်မှာချက် ရှိတယ်။ အဲ့တုန်းက ကျနော်တို့မှာ ပညာရေးကဏ္ဍ မရှိဘူး။ ကျောင်းမရှိဘူး။ ခဗျားတို့ ဘာလိုလဲ မေးတော့ ကျနော်တို့က ပညာရေး၊ ကျန်းမာရေး တအားချို့တဲ့တယ်။ နောက်ကျနေတယ် ဆိုတော့ ပညာရေးဝန်ထမ်းတွေ ကျန်းမာရေးဝန်ထမ်းတွေ စိုက်ပျိုးရေးဝန်ထမ်းတွေ တိမွေးကုတွေကို နိုင်ငံတော်က ဝန်ထမ်းတွေ စေလွှတ်ပြီး ချက်ချင်းပဲ နေရာချပေးတယ်။ အဲ့တော့ ကျနော်တို့ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး ဝန်ထမ်းတွေ ရောက်ရှိလာကြတာ အဲ့အချိန်ကစပြီး။
မေး။ ။ လက်မှတ်ထိုးပြီးတာနဲ့ စစ်အစိုးရဘက်က ပို့ပေးတာပေါ့။
ဖြေ။ ။ဟုတ်တယ်။ ကျနော်တို့က ၆ လပိုင်း ၃၀ မှာ လက်မှတ်ထိုးပြီးတာနဲ့ ၇ လပိုင်းဆို ဝန်ထမ်းတွေ အကုန်ရောက်လာပြီ။ ကျနော်တို့က မိုင်းမ၊ မိုင်းလားမှာဆို ဝန်ထမ်းတွေက တာပင်းဘက်က ဝင်လာတယ်။ နောက်ပြီး နမ့်ပန်းဒေသဘက်ကဆိုရင် မိုင်းယောင်း၊ မိုင်းယုဘက်က လာကြတယ်။ နောက်တခါ ဆီလူးဒေသ ဆိုရင် မိုင်းယန်းဘက်ကနေ ၃ လမ်းဖြန့်ပြီး ဝန်ထမ်းတွေက ရောက်လာတယ်။ ကျနော်တို့ ဒေသက သက်ဆိုင်ရာ အကြီးအကဲကလည်း ဒီဝန်ထမ်းတွေကို စုစည်းပြီးတော့ ကျောင်းဘယ်မှာ ထားမယ်။ ဆေးခန်း ဘယ်မှာ ဖွင့်မယ် သေချာ စီမံခန့်ခွဲပြီး နေရာရွေးပြီး လုပ်ပေးခဲ့တာ ဖြစ်တယ်။
မေး။ ။ အထူးဒေသ (၄) ရဲ့ ခေါင်းဆောင်တွေက အရင်က စစ်တိုက်နေတဲ့ စစ်သားတွေ ဖြစ်တယ်။ ငြိမ်းချမ်းရေးယူပြီး ဒေသဖွံ့ဖြိုးရေးလုပ်တော့ အခြေအနေတွေ ဘယ်လိုရှိခဲ့လဲ။ အခက်အခဲကြုံရတာတွေ ရှိလား။
ဖြေ။ ။ အဲ့တုန်းကတော့ စစ်တိုက်ဖို့ပဲ။ ကျနော်တို့ ခေါင်းဆောင်တွေက စစ်တိုက်ဖို့ပဲ သိတယ်။ ဒေသ တည်ဆောက်ရေးဆိုတာ ဘာမှကို နားမလည်ဘူး။ အတွေ့အကြုံလည်း မရှိဘူး၊ ကြားလည်း မကြားဖူးဘူး။ မြင်လည်း မမြင်ဖူးဘူး။ အဲ့တော့ လုပ်ရင်းစမ်းရင်းနဲ့ ဖြတ်သန်းရင်းနဲ့ အတွေ့အကြုံပူးပေါင်းပြီး ဒီမြို့ကို ဒီပုံစံဖြစ်လာအောင် မနည်းတည်ဆောက်ခဲ့ရတယ်။ ဘေးနားက ပညာရှင်တွေ မိတ်ဆွေတွေကို မေးမြန်းပြီးတော့ ဒီမြို့ကို ဒီလို တည်လာခဲ့တာ။
အဲ့တုန်းက ကူညီပေးခဲ့တယ်ဆိုတာတော့ ဘယ်သူရယ် မဟုတ်ဘူး။ နိုင်ငံတော်အစိုးရဘက်က ဘယ်လို ဘယ်လို ဖြစ်သင့်တယ်ဆိုပြီး အကြံဉာဏ်ပေးတာ၊ နောက်တဖက်ကလည်း ဘေးက သူငယ်ချင်းတွေက အကြံတွေ ပေးတာ။ အရင်ကတော့ ကျနော်တို့က မိုင်းလားမြို့ကို ပန်းဥယျာဉ်မြို့လို့ နာမည်သုံးသေးတယ်။ ဟိုတယ် ခရီးသွားလုပ်ငန်းတွေ တော်တော်များများ ဝင်အောင် ကျနော်တို့က ဆွဲဆောင်တာ။ မိုင်းလားမြို့ကို ပန်းဥယျာဉ်မြို့တော်ဖြစ်အောင် ကြိုးစားမယ်လို့ ဆွေးနွေးသေးတယ်။
အရင်ကတော့ ဘာမှ မရှိဘူး။ ဘုရားလည်း မရှိဘူး။ ၁၉၉၃၊ ၁၉၉၄ ကစပြီး ငြိမ်းချမ်းအေး စေတီ ကျနော်တို့ တည်လိုက်တယ်။ လောကနတ် အောင်ခြင်း ရှစ်ပါးတို့ ဘာတို့ ကျနော်တို့ ပြည်မက လူတွေကို မန်းလေးဘက်က ပန်းရံဆရာတွေ ခေါ်ပြီး လုပ်လိုက်တယ်။ ဘုရားရွှေစေတီကိုလည်း တည်လိုက်တယ်။ သာလျောင်းဘုရားကိုလည်း လုပ်လိုက်တယ်။ မိုင်းလားမြို့က တော်တော်လေးစည်ကား ခဲ့တယ် တချိန်က။ တိုင်းရင်းသား ကျေးရွာတို့ ဆင်လိမ္မာပြပွဲတို့ မိချောင်းပြပွဲတို့ ယိုးဒယားဘက်က မိန်းမလျာ ကပွဲတို့ အဲ့လိုတွေနဲ့ ခရီးသည်တွေ တော်တော်များခဲ့တယ်။
ပျမ်းမျှ ၁၉၉၅ ကနေ စပြီး ၂၀၀၄ ထိကို တရုတ်နိုင်ငံ၊ ဆစ်ဆောင်ပနားကနေ နေ့ချင်းပြန်ခရီးသည် ဝင်တာ တရက်ကို ဘတ်စ်ကားတွေ အယောက် ၂၀၊ ၃၀ စီးတဲ့ ကားက တရက်ကို အစီးရေ ၅၀၀ တို့ ၈၀၀ တို့ ဝင်လာတယ်။ မနက်ပိုင်း ၈ နာရီလောက်ဆို လူတွေ ရောက်လာပြီ။ မြို့ထဲ လည်ကြတယ်။ ကပွဲတွေ ကြည့်တယ်။ ဘုရားတွေ ဖူးကြတယ်။ ညနေပိုင်း ၂ နာရီဆို သူတို့က ပြန်သွားတယ်။ တော်တော် စည်ကားခဲ့တယ်။
မေး။ ။ နောက် ဘယ်လို ဖြစ်လို့ ဒါတွေ ရပ်သွားခဲ့တာလဲ။
ဖြေ။ ။ အဲ့တာ ပြောရခက်ပါတယ်။ ကျနော်တို့ ဆန္ဒကတော့ အဲ့လို မဖြစ်စေချင်ပါဘူး။ ဒါပေမယ့်လည်း သူက နိုင်ငံတကာဆိုတော့ တရုတ်ကလည်း သူ့စည်းကမ်းနဲ့ သူရှိမှာပေါ့။ ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာမှာ တရုတ်နိုင်ငံဘက်က ကျနော်တို့ရဲ့ ခရီးသွားလုပ်ငန်းကို ပိတ်ပစ်လိုက်တယ်။ တာလောဘက်ကိုလေ။ တာလောဂိတ်ကို ပိတ်ပစ်လိုက်တော့ အခုထက်ထိ အဆင်မပြေဘူး။ ကျနော်တောင် ၁၀ နှစ်ကျော်ပြီ တရုတ်ကို မရောက်တာ။ လက်မှတ်လည်း မရှိဘူးလေ။ တရုတ်ဘက်က တင်းတင်းကြပ်ကြပ်လုပ်လိုက်တယ်။
ကျနော်တို့ဆီမှာလည်း ဟိုတယ်ခရီးသွားဌာန ရှိတယ်။ အဲ့အဖွဲ့နဲ့ တရုတ်ပြည်က ဟိုတယ်ခရီးသွားဌာနနဲ့ လည်း ချိတ်ဆက်တယ်။ ၆ အိမ်လား၊ ၇ အိမ်လား အဆက်ရှိတယ်။ ဟိုဘက်က လာတယ်ဆိုလည်း မိုင်းလားကို ၄ ယောက်၊ ၁၀ ယောက်လာလိုက်နဲ့ တော်တော်နည်းသွားတယ်။ အခု မလာတာတော့ မဟုတ်ဘူး။ လာပေမယ့် တော်တော်နည်းသွားတယ်။ အဲ့တုန်းကလည်း ကျနော်တို့ မိုင်းလားမြို့မှာ ကာစီနိုတွေ ရှိပါတယ်။
မေး ။ ။ အပစ်ရပ်စာချုပ် လက်မှတ် ထိုးထားတာ နှစ် ၃၀ ရှိပြီဖြစ်ပေမယ့် အစိုးရဘက်က NCA ထိုးဖို့ ထပ်ပြောနေတယ်။ မိုင်းလား ခေါင်းဆောင်တွေရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့ အထူးဒေသ (၄) NDAA တပ်ဖွဲ့အနေနဲ့ကတော့ ၁၉၈၉ ကနေ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး နှစ်ဦးနှစ်ဘက် ကတိကဝတ် စာချုပ်က ရှိပြီးသား ဖြစ်တယ်။ အဲ့တော့ ကျနော်တို့ ဖြတ်သန်း လာခဲ့တာလည်း အနှစ် ၂၀ ကျော်မှ NCA ဆိုတာ ပေါ်လာတော့ အစတုန်းကတော့ ကျနော်တို့က ဒီ NCA တော့ ကျနော်တို့ မထိုးတော့ဘူး။ ထိုးဖို့လည်း မလိုတော့ဘူးပေါ့။ ကျနော်တို့က ငြိမ်းချမ်းနေတာလည်း နှစ် ၂၀ ကျော်နေပြီ။ ၃၀ ထဲရောက်တော့မယ်။ NCA ဆိုတာလည်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာသားတွေ ဖြစ်လို့ ကျနော်တို့က မထိုးတော့ဘူး။ ဒီတိုင်းပဲ နေမယ် ။ နိုင်ငံရေးဆွေးနွေးတဲ့အချိန်မှ ဝင်ပါမယ် ဆိုပြီး အဲ့မူကို ကျနော်တို့ ရပ်ခံခဲ့တယ်။
နောက်တော့ ၂၁ရာစု ပင်လုံတို့ ဘာတို့ သွားတတ်တော့ နိုင်ငံတော်အကြီးအကဲတွေက ပြောတယ်။ NCA ဆိုတာ အရင်က ထိုးထားတဲ့ အရင်က စာချုပ်ထက် ပိုပြည့်စုံတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုတာ NCA အောက်က သွားမယ်။ ပြန်ပြီး မိန့်မှာတဲ့ အချိန်ကျ ကျနော်တို့လည်း သဘောပေါက်တယ်။ ပိုပြီးပြည့်စုံတယ်ဆိုတော့ ကျနော်တို့လည်း NCAကို မကန့်ကွက်ပါဘူး။ အားလုံးပါဝင်ရေးကိုပဲ ရပ်တည်ပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေ အားလုံးပူးပေါင်း ပါဝင်ပြီး ထိုးမယ်ဆိုရင် ကျနော်တို့က အချိန်မရွေး ထိုးဖို့ ဖြစ်တယ်ဆိုတာကို ကျနော်တို့ ရပ်တည်ထားပါတယ်။ ကျနော်တို့ NCA ကို မကန့်ကွက်ဘူး။ ထိုးမယ်။ အားလုံးပါပြီး ထိုးမယ်ဆို ကျနော်တို့ အဆင်သင့်ပါပဲ။
မေး။ ။ အားလုံးပါဝင်ရေးဆိုတာ ဘယ်အဖွဲ့တွေကို ဆိုလိုပါသလဲ။ ဝ က NCA မထိုးချင်ဘူးဆိုရင် မိုင်းလားရော ဘယ်လိုလုပ်မလဲ။
ဖြေ။ ။အားလုံးပါဝင်ရေးဆိုတာ ကျနော်တို့ ပြောမယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင် ၂၁ ဖွဲ့ ရှိတယ်။ ၁၀ ဖွဲ့က ထိုးထားတယ်။ ကျန် ၈ ဖွဲ့ ၉ ဖွဲ့လုံး ထိုးဖို့ကို ပြောတာပါ။ သူတို့ အားလုံးပါဝင်ရင် ကျနော်တို့လည်း ထိုးမယ်လို့ ရပ်ခံတာ ဖြစ်ပါတယ်။ ကျနော်တို့ တဖွဲ့တည်း သီးခြား သွားထိုးမယ်ဆိုရင် ဘေးပတ်ဝန်းကျင် အဖွဲ့အစည်းတွေရဲ့ အမြင်ရော ဘေးပတ်ဝန်းကျင် အခြေအနေ၊ အနေအထားတွေက သတိထားရတယ်။ အလေးထားရပါတယ်။ အဲ့တာကြောင့် ကျနော်တို့ တဖွဲ့တည်း ထိုးဖို့ နည်းနည်းအခက်အခဲ ရှိပါတယ်။
ဝက မထိုးဘူးဆိုလည်း သူ့သဘောထားပေါ့။ ကျနော်တို့ အဖွဲ့အစည်းက ကျန်တဲ့ အဖွဲ့အစည်း တွေကို ကြည့်ရမယ်လေ။ ကျနော်တို့ တဖွဲ့တည်း သီးခြားကြီး သိပ်လုပ်လို့ မကောင်းပါဘူး။
မေး။ ။ ဦးသိန်းစိန် အစိုးရလက်ထက်က မိုင်းလားက အပစ်ရပ်စာချုပ်တွေ ထပ်ချုပ်ထားတာ ရှိတယ်နော်။ အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာရော ဦးသိန်းစိန် အစိုးရ လက်ထက်က ချုပ်ထားတဲ့ စာချုပ်တွေ အပေါ် ဆက်လုပ်ဆောင်သလား။ ဒါမှမဟုတ် သီးခြားစီ ဖြစ်နေသလား။
ဖြေ။ ။ သမ္မတ ဦးသိန်းစိန် အစိုးရခေတ်တုန်းကတော့ ကျနော်တို့က ပြည်နယ်အဆင့်နဲ့ ၁ ခါ စာချုပ် ချုပ်ခဲ့တယ်။ ကတိကဝတ်ပေါ့ဗျာ။ ပြည်ထောင်စုအဆင့်မှာ ၂ခါ ကျိုင်းတုံမှာတ ခါ၊ မိုင်းလားမှာ တခါ အားလုံး ၃စောင် ရှိတယ်။ အဲ့ခေတ်က ကတိကဝတ်အတိုင်းပဲ ကျနော်တို့ အခုထိ ရပ်တည်နေတယ်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက် အသစ်ပြောင်းလဲတာ ကျနော်တို့ဆီမှာ ဘာမှ မရောက်သေးဘူး။ သမ္မတဦးသိန်းစိန် ခေတ်တုန်းက ပြောထားတဲ့ ကတိကဝတ်အတိုင်းပဲ ကျနော်တို့ လုပ်ဆောင်နေပါတယ်။
မေး။ ။ ဦးသိန်းစိန်အစိုးရလက်ထက်က ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်၊ နိုင်ငံတော်အဆင့် ပြီးရင် နိုင်ငံရေးဆွေးနွေးရမယ်ဆိုတဲ့ ကတိကဝတ်ရှိတယ်ဆို နိုင်ငံတော်အတိုင်ပင်ခံ ဦးဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က NCA ထိုးမှ နိုင်ငံရေးဆွေးနွေးလို့ ရမယ်။ ဒီ လမ်း ၂ခုက ကွဲတယ်လို့မြင်လား။ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ကွဲတာပေါ့ ။ အရင်က သမ္မတဦးသိန်းစိန်က ဒီကတိကဝတ်တွေ ထိုးပြီးရင် ကျနော်တို့ကို နိုင်ငံရေး ဆွေးနွေးမယ်ဆိုပြီး ကတိရှိခဲ့တယ်။ ကျနော်တို့လည်း နိုင်ငံရေးဆွေးနွေးပွဲမှာပဲ ပါမယ်ဆိုပြီး ဒါကို ကိုင်ထားတာ။ အခုက NCA ထိုးမှပဲ နိုင်ငံရေးဆွေးနွေးပွဲ စပါနိုင်မယ်ဆိုတာ ဖြစ်နေတော့ ကျနော်တို့ကလည်း ဘယ်အချိန် ဆွေးနွေးရမလဲ ။ အဲ့တာပဲ စောင့်နေတာ။ နည်းနည်းတော့ ကွာတာပေါ့။
မေး။ ။ နိုင်ငံရေးဆွေးနွေးရမယ်ဆို မိုင်းလားခေါင်းဆောင်တွေက ဘာတွေ ဆွေးနွေးချင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့က နိုင်ငံရေးဆွေးနွေးပွဲကျတော့လည်း ကျနော်တို့ မူကတော့ နိုင်ငံတော်လည်း ကျနော် တို့က ပြောပြီးသား အခုလက်ရှိ ရှိနေတဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူးဒေသ (၄) ဆိုတဲ့ ဒေသ ၃ ခု ပေါ့ဗျာ။ နမ့်ပန်း၊ ဆီလူးရယ် မိုင်းလားရယ်ကို တစုတစည်းတည်း ထားပြီး တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ သတ်မှတ်ပေးပါဆိုတာ ကျနော်တို့ တောင်းမှာပါ။
၁၉၉၃ ခုနှစ်၊ အမျိုးသားညီလာခံ စတင်ကျင်းပတဲ့ အချိန်ကနေ စပြီးတော့ ကျနော်တို့ ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ အထူးဒေသ (၄) ကို နောက်နောင် ဒီလိုအသုံးအနှုန်းတွေ မရှိတော့ဘူးဆိုရင်လည်း တိုင်းရင်းသား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပေးပါ။ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဆင့်ပေးပါဆိုပြီး အဲ့တုန်းကတည်းကတင်ထားတာ ဖြစ်တယ်။
၂၀၀၈ ဖွဲ့စည်းပုံမှာ တခြားတိုင်းရင်းသား ၆ ဖွဲ့လောက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ရသွားတယ်။ ကျနော်တို့ အထူးဒေသ (၄) ကို မပေးဘူးဗျ။ ဘာ့ကြောင့်လဲ မသိဘူး။ နိုင်ငံတော်ကနေ ကျနော်တို့ အထူးဒေသ (၄) ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးပါ။ ဒါပဲ ကျနော်တို့ ကြိုက်တာ။ တခြားတောင်းဆိုမှုလည်း ကျနော်တို့ ဘာမှ မမြင့်ဘူး။ ကိုယ့်ဒေသကို ကိုယ်အုပ်ချုပ်မယ်။ ကိုယ့်ရဲ့ ဒေသ ၃ ခုကို တစုတစည်းတည်း ထားပြီးတော့ အခုလက်ရှိ နှစ်ပေါင်း ၃၀ လျှောက်လှမ်းလာခဲ့တဲ့ အတိုင်းပဲ ကျနော်တို့က ဆက်သွားချင်တာ။ ကျနော်တို့ မူက ဒါပဲ။ နိုင်ငံရေး ရည်မှန်းချက်က ဒါပဲ။ တခြားဘာမှ ထွေထွေထူးထူးအကြီးမားတွေ မရှိဘူး။ ဥပဒေအရ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရချင်တယ်။ အဲ့တာပဲ။
မေး။ ။ လက်ရှိ အထူးဒေသ (၄) က အုပ်ချုပ်နေတဲ့ နယ်မြေအကျယ်အဝန်းနဲ့ လူဦးရေက ဘယ်လောက် ရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့ ရှမ်းပြည်နယ် အရှေ့ပိုင်းရဲ့ အကျယ်အဝန်းက ၄၉၅၂ စတုရန်းကီလိုမီတာ ရှိတယ်။ ဒီအပိုင်းမှာ ကျနော်တို့က တောင်ပေါ်ဒေသ ပိုများတယ်။ ဒေသခံတွေက တသိန်းဝန်းကျင် ရှိပါတယ်။ ဒီထဲမှာ သွားလာလှုပ်ရှားတဲ့ လူတွေ မပါဘူး။ ကျနော်တို့ ဒေသခံ တိုင်းရင်းသားက ၁၃ မျိုး ရှိတယ်။ ၁၃ မျိုး ထဲမှာ အများစုက အာခါရယ် ရှမ်းရယ် လွယ်ရယ် ကိုးကန့်ရယ် ဒီ ၄ မျိုးက ပိုများတယ်။ ကျန်တာတွေက ရာဂဏန်း ၊ ထောင်ဂဏန်းပဲ ရှိတယ်။ ဒီမှာ ကျေးရွာပေါင်းက ၄၁၃ ရွာ ရှိတယ်။
ဒေသ ကတော့ ၃ ခုပေါ့ဗျာ။ အရင်က ခရိုင်ခေါ်တာပေါ့။ အခုကျနော်တို့က ခရိုင်လည်း မခေါ်တော့ဘူး။ ဒေသပဲ ခေါ်တယ်။ နမ့်ပန်းဒေသ၊ ဆီလူးဒေသ၊ မိုင်းလားဒေသ ၊ ဒေသ ၃ခုပေါ့။ နောက်ပြီး ဒေသအောက်မှာ ကျနော်တို့ အုပ်ချုပ်ရေးပိုင်းမှာ ကျေးရွာစု ဆိုတာ ရှိတယ်။ ဒီဘက်မှာတော့ တိုက်နယ်ပေါ့ ။ တိုက်နယ်က ၂၆ ခု ရှိပါတယ်။
မေး။ ။ အခြား တိုင်းရင်းသား ဒေသတွေ အထူးဒေသတွေကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြီး အထူးဒေသ (၄) က ဘာလို့ မရခဲ့တာလဲ။
ဖြေ။ ။ ကျနော်တို့ တောင်းဆိုမှု ဘာလို့ မရခဲ့လဲ ဆိုတော့ အမျိုးသား ညီလာခံမှာ ကျနော်ကိုယ်တိုင်လည်း မပါခဲ့ဘူး။ အဲ့တာကြောင့် ဒီဟာကိုတော့ မသိဘူး။ ဘာကြောင့် သူများကို ပေးပြီး ကျနော်တို့ အထူးဒေသ (၄) ကိုတော့ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဘာလို့ မပေးတာလဲ ဆိုတော့ ကျနော်လည်း ခဏခဏ အဲ့တာကိုပဲ ပြောနေ စဉ်းစားနေကြတယ်။ ဘာကြောင့်လဲတော့ မသိဘူး။
မေး။ ။ အထူးဒေသ (၄) က ဒီအခြေအနေအတိုင်းပဲ ဆက်သွားရင် အနာဂတ်မှာ ခြိမ်းခြောက်ခံရမှု ရှိလာ နိုင်လား။ စစ်ရေးအရ ဖြစ်ဖြစ် အခြားနည်းလမ်းတွေနဲ့ဖြစ်ဖြစ်ပေါ့ ။ ခေါင်းဆောင်ပိုင်းတွေရဲ့ အမြင်က ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့ ဆန္ဒအရကတော့ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆိုပြီး ဖွဲ့စည်းပုံအရလည်း အတည်မပြုပေးဘူးဆိုလို့ ရှိရင်တော့ ကျနော်တို့က ဘယ်လို ဆက်သွားရမလဲ ဆိုတာ ကျနော်တို့ ခရီးက မျှော်လင့်ချက်ကတော့ နည်းနည်းတော့ ကင်းမဲ့နေတာပေါ့ဗျာ။ အဲ့ဒီ့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ဥပဒေပေါ်မှာပဲ မူတည်နေမယ် ဆိုရင် ကျနော်တို့က လက်မခံနိုင်ဘူးလို့ ပြောထားပြီးပြီ။
ဖွဲ့စည်းပုံကိုလည်း ကျနော်တို့က ပြင်စေချင်တယ်။ အဲ့တာ ပြင်မှပဲ ကျနော်တို့ အထူးဒေသ (၄) ရဲ့ ကံကြမ္မာက ပေါ်လာမယ်လို့ မျှော်လင့်တယ်။ ကျနော်တို့ အဲ့တာပဲ တောင့်တတယ်။ အဲ့တာပဲ မျှော်နေတယ်။ အဲ့တာ မပြင်မချင်းကတော့ ၂၀၀၈ ခုနှစ် တည်ဆဲ ဥပဒေအရဆိုရင် ကျနော်တို့ နမ့်ပန်းဒေသက ဟိုးမိုင်းယုမြို့နယ်ထဲမှာ ဆွဲထည့်ထားတယ်။ အထူးဒေသ (၄) ရုံးစိုက်တဲ့ မိုင်းလားကိုလည်း ကျိုင်းတုံမြို့နယ်ရဲ့ လက်အောက်ခံ မိုင်းလားမြို့ဆိုပြီး ဆွဲထည့်ထားတယ်။
ဆီလူးဒေသဆိုရင်လည်း မိုင်းယန်းမြို့နယ်ထဲမှာ ဆွဲထည့်ထားတယ်။ အဲ့တာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ မပြင်ဘူးဆိုရင် ကျနော်တို့ အထူးဒေသ (၄)ရဲ့ ကံကြမ္မာက ကင်းမဲ့သွားပြီလို့ ခံယူတယ်။ နိုင်ငံတော် အကြီးအကဲတွေ အားလုံးဝိုင်းပြီးတော့ ကျနော်တို့ အထူးဒေသ (၄) ရဲ့ နယ်မြေကို တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပေးပါဆိုတဲ့ ရည်ရွယ်ချက်က အဲ့တာပါပဲ။ အရင်က တောင်းထားတဲ့ဟာကို ပြန်ပြီးတော့ အသိအမှတ်ပြုပေးဖို့ ကျနော်တို့ ထပ်တောင်းတာ ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံရေး ရည်မှန်းချက်က ဒါပါပဲ။
မေး။ ။ ၂၀၀၈ ဖွဲ့စည်းပုံကို စ ရေးဆွဲ ၊ အတည်ပြုဖို့ လုပ်နေတုန်းကရော အထူးဒေသ (၄) ခေါင်းဆောင် တွေရဲ့ သဘောထားက ဘယ်လို ရှိခဲ့လဲ။
ဖြေ။ ။ အဲ့တုန်းက ကျနော်တို့ ၅ ယောက် တတ်တယ်လေ။ ကျနော်တို့ လူကြီး ၊ ဥက္ကဋ္ဌကြီး ဦးစိုင်းလင်း ကိုယ်တိုင် တတ်တယ်။ ၁၉၉၆ ကျတော့ ကျန်းမာရေးကြောင့် မတတ်နိုင်တော့လို့ သူ့ကိုယ်စား ကျနော်တို့ သူ့သား ( ဦးထိန်လင်း) ကို ပြန်ထည့်လိုက်တယ် ၂၀၀၄ မှာ ပြန်ခေါ်တော့လေ။ အဲ့တုန်းတည်းက ကျနော်တို့ တောင်းဆိုချက်က ဒီဟာပဲ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပေးပါ ဆိုတာ အဲ့တုန်းတည်းက တောင်းတာ။
မေး။ ။ ဒါဆို အထူးဒေသ (၄) ရဲ့ အနာဂတ်ကို ဖြစ်စေချင်တာက ဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဖြစ်ဖို့ပဲပေါ့။
ဖြေ။ ။ဟုတ်တယ်။ ကျနော်တို့ရဲ့ ဆန္ဒကတော့ တိုင်းရယ် ပြည်နယ်ရယ်လို့ ကျနော်တို့ မတောင်းဘူး။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသပေါ့ဗျာ။ ခရိုင်ပဲ ပေးပေး၊ တိုင်းပဲ ပေးပေး။ ကျနော်တို့ကတော့ တိုင်းလိုချင်တာပေါ့။ သူ့ရဲ့ အနေအထား အရပေါ့။ တခြားနေရာထက်စာရင်လည်း လူထုရဲ့နေထိုင်မှုရော၊ မြို့ရဲ့ တည်ဆောက်မှု ရောက တော်တော်လေး ဟုတ်နေပြီလေ။ ကျိုင်းတုံနဲ့ ယှဉ်လည်း ကျနော်တို့က အများကြီး သာသွားပြီလေ။ မိုင်းယန်းတို့ မိုင်းယောင်းတို့နဲ့ကတော့ မပြောနဲ့တော့ ။ မိုင်းယန်းက အရင်ကလည်း ဒီပုံပဲလေ။ သိပ်မတိုးတတ်ဘူး။ မိုင်းယောင်းကလည်း အဲ့လိုပဲ။ ကျနော်တို့ကတော့ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း လိုချင်တာပေါ့ဗျာ။ ဘယ်ဟာ သင့်တော်မလဲ ဆိုတာကတော့ ပေးလိုက်ရင် ကျနော်တို့ ကျေနပ်ပါတယ်။ ခရိုင်ပဲ ပေးပေး၊ တိုင်းပဲ ပေးပေး ကျနော်တို့က ငြင်းစရာ မရှိပါဘူး။ အရေးကြီးတာက တရားဝင်ပေါ့ဗျာ။ ဥပဒေအရ သတ်မှတ်ပေးဖို့ ကျနော်တို့က လိုချင်တာ။
မေး။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သတ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၂၀ မှာ ပြည်သူလက်ထဲ ငြိမ်းချမ်းရေး အပ်မယ်တို့ နိုင်ငံတော်အတိုင်ပင်ခံကလည်း ဖက်ဒရယ်မူတွေ ယူမယ်လို့ ပြောနေတယ်။ အထူးဒေသ (၄) ခေါင်းဆောင်တွေကရော အစိုးရဘက်က လုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဘယ်လို နေရာက ပါဝင်ချင်လဲ။
ဖြေ။ ။ အဲ့ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ကျနော်တို့ သဘောထားကတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြောတဲ့ဟာလည်း ကောင်းတာပေါ့။ ငြိမ်းချမ်းရေးကို ၂၀၂၀ မှာ ပြည်သူတွေ လက်ထဲ အပြီးအပ်မယ် ဆိုတာ အားရစရာပေါ့ဗျာ။ နောက်ကျနော်တို့ နိုင်ငံတော်အတိုင်ပင်ခံ ပြောတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဆိုတာလည်း ပိုကောင်းတာပဲလေ။ သူတို့ ပြောသလို ဖြစ်မဖြစ်ဆိုတာကတော့ သူတို့ပေါ်မှာ မူတည်တယ်။ ပြီးရင် ကျနော်တို့က အဆင်သင့်ပဲ။ အမြဲတမ်း လက်ကမ်းကြိုဆိုနေတယ်။ ကျနော်တို့လည်း ဒါကို လိုချင်တာပဲ။ ဒါပေမယ့် ဖြစ်မလား မဖြစ်နိုင်ဘူးလား။ အချိန်ကတော့ တနှစ်ကျော်ကျော်ပဲ ရှိတော့တယ်။ အဲ့တာကတော့ လူကြီးတွေ အပိုင်းပါ။ ကျနော်တို့နဲ့ မဆိုင်ဘူး။ ကျနော်တို့က ကြည့်ပဲ ကြည့်နေမယ်လေ။ ပြီးရင် ကျနော်တို့က လက်ကမ်းကြိုဆိုမယ်။ မပြီးရင် အကြောင်းကြောင်းကြောင့် မဖြစ်ရင်လည်း ဘယ်တတ်နိုင်မလဲ စောင့်ကြည့်ရမှာပေါ့။
မေး။ ။ မိုင်းလား ၊ ဝ ဆိုရင် တခြားတိုင်းရင်းသားတွေ တောင်းနေတဲ့ ဖက်ဒရယ်ထက် မြင့်တဲ့ အခြေအနေကို ရထားတယ်လေ။ ကိုယ့်တပ်ကိုလည်း ကိုယ်ပိုင်စီမံခန့်ခွဲနိုင်သလို နယ်မြေကိုလည်း ကိုယ်ပိုင်အုပ်ချုပ် ထားနိုင်တယ်။ လာမယ့် အနာဂတ်မှာ နိုင်ငံရေးအရ ညှိနှိုင်းမယ်ဆို ဖက်ဒရယ် ဆိုတဲ့ မျှော်လင့်ချက်ရှိလား။ ကွန်ဖက်ဒရေးရှင်းအပေါ် ရပ်တည်မလား။
ဖြေ။ ။ ကျနော်တို့ မျှော်လင့်ချက်ကတော့ ဖက်ဒရယ်တို့ ကွန်ဖက်ဒရိတ်တို့ ကျနော်တို့ သိပ်နားမလည် ပါဘူး။ ကျနော်တို့ လိုချင်တာ အထူးဒေသ (၄)ကို လိုချင်တာ အခုလက်ရှိအတိုင်းပဲ ကိုယ့်ဘာသာ အုပ်ချုပ်သွား ချင်တယ်။ ကိုယ့်တပ်လည်း ရှိတယ်။ ကိုယ့်ရဲတပ်ဖွဲ့တွေလည်း ရှိတယ်။ နောက်ပြီး ပြည်သူတွေလည်း ရှိတယ်။ စိုက်ပျိုးရေး ကဏ္ဍ အကုန်လုံး ရေရှည်ရေတိုသီးနှံတွေလည်း စိုက်ထားပြီး ဖြစ်တယ်။ ဒီဥစ္စာဓနကို ဒီအဖွဲ့အစည်း ဒီလူကြီးတွေနဲ့ ကျနော်တို့ ဒေသခံတွေ ကိုယ့်ဘာသာကိုယ် ထိန်းကျောင်းအုပ်ချုပ် သွားချင်တယ်။ ကျနော်တို့က တောင်းဆိုတဲ့ ရည်ရွယ်ချက်က အဲ့တာပဲ။ ဖက်ဒရယ်တို့ ကွန်ဖက်ဒရေးရှင်းတို့ ကျနော်တို့ သိပ်နားမလည်ဘူး။ တကယ်လည်း နားမလည်ဘူး။ ကျနော်တို့ လိုချင်တာ အခု နှစ်ပေါင်း ၃၀ ဖြတ်သန်းလာခဲ့တယ်။ ဒီအတိုင်းပဲ ကျနော်တို့ ဆက်သွားချင်တယ်။ ကျနော်တို့က ဒီဟာပဲ လိုချင်တာ ။
မေး။ ။ နောက် တပ်မတော်က ပြောနေတာ ရှိတယ်။ NCA ထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ရောက်တဲ့ အခါမှာ တခုတည်းသော တပ်မတော် ဖြစ်ရမယ်။ လုံခြုံရေးကဏ္ဍမှာ တပ်တွေ ပြန်လည် ပေါင်းစည်း ရမယ်။ တိုင်းရင်းသားတပ်တွေက လက်နက်ချတာ ဖြုတ်သိမ်းတာ လုပ်မလား။ ပေါင်းစည်းမလားဆိုတာမျိုးတွေပေါ့။ အထူးဒေသ (၄) က ခေါင်းဆောင်တွေ သဘောထားက ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ အဲ့တာတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောတာတော့ စီမံကိန်း တခုလုံးကို သူပြောနေတာပါ။ ကျနော်တို့ အဖွဲ့ ၄ အနေနဲ့ကတော့ အခုလက်ရှိအတိုင်းပဲ တပ်က ကျနော်တို့မှာလည်း ရှိတယ်။ ဒီတပ်နဲ့ ကိုယ့်ဒေသကို ကိုယ့်ဘာသာ ကာကွယ်စောင့်ရှောက်တာက ကိုယ့်ဘာသာပဲ ကိုယ့်တပ်ကို ထားချင်တယ်။ နောက်ဘေးက ရန်သူတွေ၊ ပြင်ပ ရန်သူတွေ လာတယ်ဆိုရင် ကျနော်တို့ တပ်တွေကလည်း နိုင်ငံတော်ရဲ့ အင်အားတခု ဖြစ်သွားမယ်လေ။ ကျနော်တို့က နိုင်ငံတော်တပ်နဲ့လည်း တိုက်ခိုက်မှု ရှိမှာ မဟုတ်ဘူး။ ဒီတပ်က ဒီဒေသခံတွေနဲ့ ကိုယ့်ဒေသကိုယ် ကာကွယ်ဖို့ပဲ။ ဖြုတ်သိမ်းမယ်ဆိုတာ ကတော့ ကျနော်တို့ လုံးဝ သဘောမတူပါဘူး။ ပူးပေါင်းမယ်ဆိုတာကလည်း ဆွေးနွေးပြီး နိုင်ငံရေး အာမခံချက် ရှိမှ အဲ့အချိန်မှ ပြောပေါ့။ အခုက စောပါသေးတယ်။ ကျနော်တို့ ဆန္ဒကတော့ ကိုယ့်ဒေသကို ကိုယ့်တပ်နဲ့ ကိုယ် ကာကွယ်ထားချင်တယ်။ ပူးပေါင်းတာ ဖြုတ်သိမ်းတာကတော့ သဘောမတူဘူးပေါ့။ ပူးပေါင်းတယ် ဆိုတာကတော့ နိုင်ငံရေးဆွေးနွေးမှုရဲ့ ရလာဒ်အပေါ်မှာ အခြေခံပြီး ပူးပေါင်းချင်လည်း နောက်ကျမှ ပူးပေါင်းပေါ့။ စောပါသေးတယ်။
မေး။ ။ မိုင်းလား အပြင် ဝ တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတဲ့ တပ်တွေက ကိုယ်ပိုင်တပ်တွေကို အင်အား အမြဲ အသင့် ဖြစ်နေတယ်။ အစိုးရနဲ့လည်း တိုက်ပွဲ မဖြစ်ဘူး။ ဘာလို့ ရယ်ဒီဖြစ်နေတာလဲ။ ဘယ်ရန်ကို ကာကွယ်ဖို့လဲ။
ဖြေ။ ။ ကျနော်တို့တပ်က ငြိမ်းချမ်းရေး စယူတော့လည်း နိုင်ငံတော်အကြီးအကဲက မှာထားတာ ရှိတယ်။ တပ်အင်အားတော့ မတိုးနဲ့ပေါ့။ ကျနော်တို့ မတိုးပါဘူး။ အဆင်သင့်တော့ ဖြစ်တယ်။ မတိုးပဲ ဘာလို့ စစ်သားကောက်လဲတဲ့ တချို့က မေးတယ်။ စစ်သားဆိုတာကလည်း ဥပမာ ကျနော်ဆို စစ်သက်က ၄၅ နှစ်တောင် ရှိပြီ။ ရိုးရိုးဆို ကျနော် အစောကြီး ထွက်ပြီ။ အခုက လူကြီးပိုင်းမှာဆိုတော့ ကျနော် မထွက်ဘူး။ ဆန္ဒကလည်း မထွက်ချင်ပါဘူး။ ကျနော် ဘာမှလည်း မလုပ်တတ်ဘူး။
တချို့က နှစ်စဉ် နှစ်စဉ် ကျနော်တို့က အမြဲတမ်း တပ်ဆိုတော့ သိတဲ့ အတိုင်းပေါ့ဗျာ။ ဓားလိုပဲ သွေးထားမှ ခုတ်လို့ ထက်တာလေ။ ရဲဘော်တွေ ဆိုလည်း လူသစ်က အမြဲတမ်း လဲနေတာ ။ ဘာရယ်လို့တော့ မဟုတ်ပါဘူး။ တပ်ဖွဲ့ဆိုတာ စစ်တပ်ဆိုတာ စစ်တပ်နဲ့ တူအောင် နှစ်စဉ် လဲနေရတယ်။ အင်အားတော့ တိုးချဲ့တာ မရှိဘူး။ အမြဲတမ်းတော့ အဆင်သင့် ပေါ့။ ဒါကတော့ တပ်ရဲ့ ပုံစံပါပဲ။ မလေ့ကျင့်ရင် ထိုင်းထိုင်း မှိုင်းမှိုင်းကြီးတွေ အရက်သမားလို ဘိန်းစားလို ဖြစ်နေရင်လည်း မကောင်းဘူးလေ။ စစ်သားကိုး။ ဒီလိုရှိမှလည်း ကျနော်တို့ ပြည်သူတွေက ပိုအားရတာပေါ့။ သြော် ငါတို့မှာလည်း တပ်ရှိတာပဲ။ ငါတို့ ကိုယ့်ဒေသကိုယ် ကာကွယ်ပေးနေတာပဲ ။ ရဲဘော်တွေကိုလည်း ဒီစစ်တပ်မှာ သွင်းထားတာပဲ။ ငါတို့က ဘယ်မှာ သွားတိုက်ဖို့ သွားကျူးကျော်ဖို့ ဘာမှ စိတ်မရှိဘူး။
သို့သော် ကိုယ့်နေရာမှာ ကိုယ့်ဒေသမှာ ကိုယ့်ပြည်သူတွေကို လာပြီး အနိုင်ကျင့်တယ်။ စော်ကားတယ် ဆိုရင်တော့ ချမှာ ပဲလေ။ သေတဲ့ထိ ချမှာပဲ အဲ့ကျရင်တော့ မတတ်နိုင်ဘူးလေ ။ ပြည်သူတွေ အတွက် အကာအကွယ်ပေးဖို့ လုပ်ထားတဲ့ တပ်ဖွဲ့တွေ ဖြစ်တယ်လေ။ ကျနော်တို့က ဒီအတိုင်းပဲ ဖြစ်မှာပဲ။ အင်အားလည်း မတိုးဘူး။ လျော့လည်း မသွားအောင် ကျနော်တို့က နဂိုပုံစံအတိုင်း ထိန်းထားပါတယ်။
(အထူးဒေသ (၄) နယ်မြေအတွင်း NDAA သည် ဒေသခံများ တအိမ်တယောက် တပ်သားအဖြစ် တာဝန် ထမ်းဆောင်ရမည်ဟူသည့် စနစ်ကို ချမှတ်ထားသည်။ အိမ်တအိမ်တွင် သား ၂ ဦးလျှင် ၁ ဦးက စစ်သားအဖြစ် တာဝန်ထမ်းဆောင်ရပြီး အသက် ၁၅ (သို့) ၁၆ နှစ် ရှိပါက စတင် တာဝန်ထမ်းဆောင် ခိုင်းသည်။ အခြား တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ စနစ်အတိုင်း သားသမီးမှ စစ်သားမလုပ်လို၍ ထွက်ပြေးလျှင် မိသားစုဝင် တဦးဦးက လူစားထိုးကာ တာဝန်ထမ်းဆောင်ပေးရသည်။ )
ဆက်စပ်ဖတ်ရှုရန်
ပဏာမ အပစ်ရပ်စာချုပ် ချုပ်လိုကြောင်း အစိုးရကို မြောက်ပိုင်း မဟာမိတ် အဆိုပြု