ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စပါးထားကျေးရွာအတွင်း ဇွန်လ ၃ ရက်နေ့ မွန်းလွဲပိုင်းက လက်နက်ကြီးကျည်ဆန် ကျမှန်ပေါက်ကွဲ သဖြင့် ဒေသခံရွာသား ၅ ဦးသေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ စပါးထားရွာအနီးတွင် ယနေ့ နံနက်ပိုင်းက မြန်မာ့တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ တိုက်ပွဲ ဖြစ်ပွား နေသဖြင့် ရွာသူ၊ ရွာသားများမှာ ဘုန်းတော်ကြီးကျောင်းသို့ ထွက်ပြေး ခိုလှုံနေစဉ် လက်နက်ကြီး ကျရောက် ပေါက်ကွဲခြင်း ဖြစ်သည်။
ထိုသို့ လက်နက်ကြီး ကျည်ကျမှန်ပေါက်ကွဲမှုကြောင့် ၄ ဦးမှာ ယင်းနေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး ငယ် ၁ ဦးမှာ မင်းပြားဆေးရုံသို့ အရောက်တွင် ထပ်မံ သေဆုံး ခဲ့ကြောင်း စပါးထား ကျေးရွာသားများက ပြောသည်။
စပါးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်အောင် က “လက်နက်ကြီး ကျည်က ဘုန်းကြီးကျောင်း အနီးမှာ လာကျ ပြီးတော့ ပေါက်ကွဲတာပါ။ ကျောင်းအောက်မှာ ခိုလှုံနေကြတဲ့ ရွာသားတွေထဲက ပွဲချင်းပြီး ၄ ဦးသေတယ်။ ရွာသား ၆ ဦးဒဏ်ရာ ရပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပွဲချင်းပြီး သေဆုံးသည့် စပါးထားကျေးရွာသားများမှာ အသက် ၅၀ အရွယ် ဦးမောင်ဖြူထွန်း၊ ဦးလှမောင်၊ အသက် ၄၀ အရွယ် ဦးမောင်မောင်သန်း၊ ဒေါ်လပြည့်ဖြူ နှင့် အခြားအမျိုးသမီးငယ် တဦးတို့ ဖြစ်ကြောင်းသိရသည်။
ဒဏ်ရာရရှိထားသူ ၆ ဦးထဲတွင် ကိုရင်ငယ် တပါးလည်း ပါဝင်ကာ ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာ ရရှိထားသည့် ရွာသား ၃ ဦးကိုမူ လက်ရှိ အချိန်တွင် မင်းပြားဆေးရုံမှနေ တဆင့် စစ်တွေပြည် သူ့ဆေး ရုံသို့ ယူဆောင် လာကြောင်းလည်း သိရသည်။
မင်းပြားမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင် က “လက်နက်ကြီး ပစ်တာကတော့ တပ်ဘက်က ပစ်တာပါ။ ဒေသခံတွေ ခန်းမှန်းတာကတော့ မင်းပြားဘက်ကို ရောက်နေတဲ့ Navy ကနေ လှမ်းပစ်တာ ဖြစ်နိုင် တယ်လို့ ခန့်မှန်းကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ အပြစ်မဲ့ ရွာသားများ သေဆုံး ထိခိုက်မှုများ ရှိနေခြင်းနှင့် ပတ်သက်ပြီး အရပ်သားများကို မထိခိုက်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများထံ တင်ပြခဲ့ဖူး သော်လည်း အကြောင်းမထူးဟုဆိုသည်။
ထို့ကြောင့် ယခုဖြစ်စဉ်တွင် သက်ဆိုင်ရာအဖွဲ့အစည်းများထံ အကြောင်းမကြားတော့ကြောင်း၊ သို့သော်လည်း အရပ် သားများ ထိခိုက်မှုကို ကာကွယ်ရန် ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌ ဦးစံကျော်လှထံ တင်ပြ ထားကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင် က ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဧရာဝတီက တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ ထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်အား ဆက်သွယ်ခဲ့ရာ “အဲဒီ သတင်းတွေက ကျနော်ဆီ ကို မတင်သေးဘူး၊ သတင်းတက်မှ ကျနော် ပြောလို့ရမယ်။ အခုတော့ တိတိကျကျ ဘာမှ မသိရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာ့တပ်မတော်နှင့် AA တို့သည် စပါးထားကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း က နှစ်ဘက် ကြိုကြား၊ ကြိုကြား ပစ်ခတ်မှုများသာ ရှိခဲ့ကြပြီး၊ ပစ်ခတ်သံများမှာ တိုက်ပွဲ ပြင်းထန်သည့် အခြေအနေ မရှိကြောင်း၊ ရွာထဲသို့ လက်နက်ကြီးကျည် လာကျသည့် နောက်ပိုင်းတွင် နှစ်ဘက် ပစ်ခတ်သည့် အသံများကိုလည်း မကြားရတော့ကြောင်း ကျေးရွာသားများက ပြောသည်။
မင်းပြားမြို့နယ်အတွင်းက စပါးထားကျေးရွာသည် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သော ရွှေတမာကျေးရွာ၊ အောင်ဒိုင် ကျေးရွာ တို့နှင့် ရွာနီးချင်း ဖြစ်ပြီး လက်ရှိအချိန်တွင် စပါးထား ကျေးရွာသား အားလုံမှာဘေး လွတ်ရာသို့ ထွက်ပြေး တိမ်း ရှောင်နေကြောင်း သိရသည်။
You may also like these stories:
AA တည်ရှိမှုကို လိုင်ဇာမှာဘဲ အသိအမှတ်ပြုမည်ဟု တပ်မတော်ပြော
ရသေ့တောင် ပစ်ခတ်မှုအတွင်း ကျေးရွာသူ ၁ ဦး သေဆုံးမှု အရေးယူပေးရန် တောင်းဆို
ကျောက်တော် မိုင်းကွဲမှု အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ