ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး အကြောင်းပြချက်ဖြင့် အင်တာနက်လိုင်း ပိတ်ထားခြင်းကြောင့် လူ့အခွင့်အရေး ချိုးဖောက် မှုများကို မှတ်တမ်းတင် သက်သေပြရန် ခဲယဉ်းစေကြောင်း မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က ဧရာဝတီသို့ ပြောကြားသည်။
မြန်မာ့ တပ်မတော်နှင့် ရက္ခိုင့် စစ်တပ် (AA) တို့ကြား တိုက်ပွဲများကြောင့် အစိုးရအနေဖြင့် လုံခြုံရေးနှင့် တရားဥပဒေ စိုး မိုးရေးအတွက်၂၀၁၉ ခုနှစ် ဇွန်လ၂၀ ရက်တွင် ရခိုင်ပြည်နယ်ရှိ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင်နှင့် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်တို့တွင် အင်တာနက်လိုင်းများ ယာယီ ဖြတ်တောက်ခဲ့သည်။
မိုဘိုင်း အင်တာနက် နည်းပညာများကို တလွဲ အသုံးချ၍ AA အဖွဲ့က လက်လုပ်မိုင်းနှင့် အဝေးထိန်း မြေ မြှုပ်မိုင်းများ ဖောက်ခွဲခြင်း၊ တိုင်းရင်းသား လူမျိုးများကြား အမုန်းတရားများ လှုံ့ဆော်ခြင်း၊ အစိုးရ ဝန်ထမ်းများအား တိုက် ခိုက်မှု၊ ပြန်ပေးဆွဲမှုများကို စနစ်တကျ လုပ်ဆောင်ခြင်းများ ရှိနေသဖြင့် အဆိုပါ လုပ်ရပ်များမှ ကာကွယ် တားဆီးနိုင်ရန် အတွက် အင်တာနက်ကို ယာယီ ဖြတ်တောက်ရခြင်း ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင်လ ၈ ရက်တွင် ထုတ် ပြန်လိုက်သည်။
ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ဦးဖေသန်းက “အင်တာနက် ရှိတဲ့အတွက် တကယ့်မြေပြင်မှာ စစ်ပွဲတွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိလာတယ်။ မတရား သတ်ဖြတ်မှုတွေ ရှိလာတယ်။ ဒါတွေကို သက်သေအနေနဲ့ ပြရ မယ်ဆိုရင် အင်တာနက် ဖွင့်ထားရင် ပြည်သူတွေက ဒါကို ဓာတ်ပုံတွေနဲ့တကွ သက်သေပြနိုင်မှာ ဖြစ်တယ်။ အင်တာနက် ပိတ်ထားမယ်ဆိုရင် ဓာတ်ပုံ မှတ်တမ်းတွေနဲ့ သက်သေပြဖို့ ခက်သွားမှာ ဖြစ်တယ်” ဟု ရှင်းပြသည်။
၎င်းက ဆက်လက်၍ “အခုလည်း အင်တာနက် ပိတ်ထားတဲ့အချိန်တွေမှာ မိုင်းခွဲရင် ရီမုတ်မိုင်းနဲ့ ခွဲကြတာပဲ။ သူတို့ကို မတိုက်ခိုက်စေချင်လု့ိ ဆိုပေမယ့် ဒီ အင်တာနက်ကို ပိတ်ထားတဲ့အတွက် ပြည်သူတွေ ခံစားနေရတဲ့ ဆိုးကျိုးတွေ အများ ကြီး ရှိတာပေါ့။ စစ်ဘေးရှောင် ကယ်ဆယ်ရေးကအစ၊ COVID -19 အဆုံး နေ့စဉ် အင်တာနက်ကြောင့် ဘေးထွက်ဆိုးကျိုး ပိုပြီးတော့ ဖြစ်တာပေါ့” ဟု ဆိုသည်။
နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် AA အနေဖြင့် အစိုးရ၏ အုပ်ချုပ်မှု ယန္တရား ပျက်ပြားသွားစေရန် ရည်ရွယ်၍ ကျေးရွာနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား သတ်ဖြတ်ခြင်းကဲ့သို့သော ကျူးလွန်မှုများကိုလည်း ပြုလုပ်လျက်ရှိသည်ဟု ဖော်ပြထားသည်။
AA အဖွဲ့ကလည်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ပါ မိုဘိုင်း အင်တာနက်နည်းပညာကို အသုံးချ တိုက်ခိုက် သည်ဆိုခြင်းမှာ မှားယွင်းသည့် အချက်အလက် ဖြစ်သည့်အပြင် အင်တာနက် ဖြတ်တောက်ထားခြင်းက လူ့အခွင့်အရေး ချိုးဖောက်မှုများကို သတင်း အမှောင်ချရန် ကြံစည်ခြင်း ဖြစ်ကြောင်း ဇူလိုင် ၉ ရက်တွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်ထား ထားသည်။
ချင်းတိုက်ပွဲရှောင် ပြည်သူများ ကူညီရေးနှင့် ပြန်လည် ထူထောင်ရေး ကော်မတီ(RRCCI) ဥက္ကဋ္ဌ ဆလိုင်းအိုက်ဇက်ခင်က အင်တာနက် ပိတ်ခြင်း၊ ဖွင့်ခြင်းက ပလက်ဝမြို့အတွက် သိသာစွာ ပြောင်းလဲမှု မရှိပါဟု ဆိုသည်။
သို့သော် ပလက်ဝမြို့နယ်ရှိ တိုက်ပွဲရှောင် တဦးက “အင်တာနက်တွေ မရတော့ သတင်းတွေ မသိရဘူးပေါ့။ တိုက်ပွဲ သတင်း၊ ရောဂါသတင်းတွေက သူ့အချိန်နဲ့ သူကြည့်ရတာလေ။ မီးမှ မရတာ၊ အင်တာနက်ပါ မရဆိုတော့ ဘာမှကို မသိ ရတော့ဘူး။ ကျနော်တို့ အတွက်တော့ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ဖို့ လိုတယ်။ လိုင်းရတော့ ကျနော်တို့ စားဖို့အတွက် ဘယ်သူတွေ ဘာလုပ်ပေးနေတယ်ဆိုတာ သိရတာပေါ့” ဟု ပြောသည်။
တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်ဦး ကလည်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အင်တာနက် ဖြတ်တောက် ထားခြင်းကိစ္စက လွန်စွာ ဆိုးဝါးကြောင်း၊ အင်တာနက် သုံးစွဲခွင့်ရခြင်း၊ မရခြင်းကလည်း လက်ရှိ အုပ်ချုပ်ရေး ယန္တရားကို လုပ်ဆောင်နိုင်သည့် အစိုးရအပေါ်တွင်ရှိပြီး လူထုမဲဆန္ဒဖြင့် တက်လာသည့် အစိုးရ အနေဖြင့် အဆိုပါကိစ္စကို ထည့်သွင်း စဉ်းစားပေးသင့်သည်ဟု ဆိုသည်။
ဦးဖေသန်းက “သူပုန်တွေရဲ့ လုပ်ဆောင်ချက်ကို အကြောင်းပြပြီးတော့ ပြည်သူတွေ ခက်ခဲအောင် မလုပ်သင့်ဘူး။ ဒါ ကြောင့် တဖက်ကို ဒဏ်ခတ်တာက ထိရောက်မှု မရှိဘူးလို့ မြင်တယ်။ အစိုးရတရပ် လုပ်ပြီဆိုရင် ဒီစိန်ခေါ်မှုတွေကိုတော့ တခြားနည်းနဲ့ ဖြေရှင်းသင့်တယ်။ ဒီလို အတင်းအကြပ် ပိတ်ပင်တဲ့နည်းနဲ့ မဖြေရှင်းသင့်ဘူးလို့ ကျနော် မြင်ပါတယ်” ဟု ပြောသည်။
၂၀၁၉ ခုနှစ် ဩဂုတ်လတွင် ရသေ့တောင်၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင်နှင့် ပလက်ဝမြို့နယ်စသည့် ၅ မြို့နယ်၌ အင်တာနက် ပြန်ဖွင့်ပေးခဲ့ပြီး၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် တိုက်ပွဲများ ပြင်းထန်လာတာကြောင့် အင်တာနက်ကို ထပ်မံ ယာယီ ဖြတ်တောက်ခဲ့ပြန်သည်။
အင်တာနက် ပိတ်လိုက်ခြင်းက သတင်း လွတ်လပ်ခွင့်ကို အမှောင်ချလိုက်သလို ဖြစ်တာကြောင့် ကောလဟလ သတင်း များ ပိုမို ပျံ့နှံ့လွယ်နိုင်သည်ဟု ဦးဖေသန်းက ထောက်ပြသည်။
၎င်းက “သတင်း အမှောင်ချတာက မတရားပြုကျင့်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေက အစ ဒါတွေကို ထိန်ချန်ထားသလို မသိအောင် လုပ်ထားသလို ဖြစ်နေတာပေါ့”ဟု ပြောသည်။
ထို့ကြောင့် ပြည်သူများကို သတင်းအမှန် သိရှိလိုပါက၊ မြေပြင်တွင် ဖြစ်ပွားနေသည့် ကိစ္စရပ်များကို ပြည်သူများ၊ နိုင်ငံ တကာ အဖွဲ့အစည်းများအား သိရှိလိုပါက အင်တာနက် ပြန်ဖွင့်ပေးဖို့လိုပါသည်ဟု ဦးဖေသန်းက ပြောလိုက်သည်။
ဆက်စပ်ဖတ်ရှုရန်
ရိက္ခာပြတ်နေသည့် ဒါးလက်သို့ ဆန်ပို့ပါက အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုချက် ယူရမည်ဟုဆို
အင်တာနက်ပိတ်ခြင်းက နိုင်ငံသား အခွင့်အရေးမညီမျှမှု ဖြစ်ဟု ရခိုင်လွှတ်တော်ဥက္ကဋ္ဌ ဝေဖန်
ရခိုင်စစ်ပွဲကြောင့် စစ်ဘေးရှောင် ၁သိန်း ၆သောင်းကျော်ရှိလာဟု REC ထုတ်ပြန်