ဒီနေ့ မြန်မာနိုင်ငံဟာ တခြားသော ကမ္ဘာ့နိုင်ငံတွေ နည်းတူ “အမုန်းစကား” ပြဿနာကို ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် ပြဿနာအရင်းခံ၊ ပြဿနာပျံ့ပွားမှုနှုန်း မြန်ဆန်မှု၊ ရိုက်ခတ်ခံရမှု အတိုင်းအတာတွေမှာ တရားဥပဒေ စိုးမိုးမှုမရှိသေးတဲ့ အကူးအပြောင်း နိုင်ငံတခုဖြစ်တာကြောင့် တခြားနိုင်ငံတွေနဲ့ ခံနိုင်ရည်ချင်းတော့ မတူညီ ပါဘူး။
မြန်မာနိုင်ငံရဲ့ “အမုန်းစကား” ပုံစံဟာ လူမှုကွန်ရက် မီဒီယာဖြစ်တဲ့ Facebook ပေါ်မှာ အများဆုံး တွေ့ရှိ နေရတယ်။ ဒါပေမယ့် ဒါကပြဿနာရဲ့ ဖြစ်ပွားရာ အရင်းအမြစ်တော့ မဟုတ်ပြန်ဘူး။ နိုင်ငံတွင်းမှာ မတူကွဲပြားမှု မျိုးစုံသလောက် လူနည်းစုအခွင့်အရေး လျစ်လျူရှုမှုတွေ၊ တန်းတူညီမျှမရှိမှုတွေ၊ ပြည်တွင်း စစ်ပွဲတွေ၊ နိုင်ငံရေးအရ လုပ်ကြံဖန်တီးမှုတွေ နှစ်ရှည်လများ တည်ရှိခဲ့၊ တည်ရှိနေသေးတာကြောင့် “အမုန်းစကား” ရဲ့ ရိုက်ခတ်မှု ဒဏ်ကို အကြီးအကျယ် ခံစားနေရတာပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ လူနည်းစုဆိုတဲ့ စကားရပ်ကို ရှင်းပြဖို့လိုပါလိမ့်မယ်။ လူနည်းစုကို ခွဲခြားနှိမ်ချ ဆက်ဆံမှုများကနေ တားဆီး ကာကွယ်ရေးကော်မရှင်ခွဲရဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Francesco Capotorti ကတော့ သူ့ရဲ့ ၁၉၇၉ ခုနှစ် အစီရင်ခံစာ (E/CN.4/Sub.2/384/Rev.1) မှာ လူနည်းစုဆိုတာကို “နိုင်ငံရှိ ကျန်လူဦးရေအောက် အရေအတွက်အားဖြင့် နိမ့်သော၊ လွှမ်းမိုးသက် ရောက်နိုင်သည့်ရာထူး သို့မဟုတ် နေရာတွင်မရှိသော၊ နိုင်ငံရှိ အခြားလူဦးရေနှင့် ကွဲပြားခြားနားသော တိုင်းရင်းသား၊ ကိုးကွယ်သည့်ဘာသာ၊ သို့မဟုတ် ဘာသာဗေဒရှိပြီး ၎င်းတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ကိုးကွယ်ရာဘာသာ သို့မဟုတ် ဘာသာစကားတွင် စည်းလုံး ညီညွှတ်သည့် အသွင်ဆောင်သော အုပ်စုတစု” လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် လူနည်းစုဆိုတာ ဒီမှာ လူအများစု နားလည်နေသလို လူဦးရေ အနည်းအများနဲ့ချည်းပဲ သက်ဆိုင်တာမဟုတ်ကြောင်း သတိပြုစေ လိုပါတယ်။
“အမုန်းစကား” တွေကို လျှော့ချပစ်ဖို့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေက “အမုန်းစကား” တန်ပြန်ရေးအစီအစဉ် ဆောင်ရွက်ချက်တွေ ပြုလုပ်နေကြသလို၊ Facebook ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာစေဖို့ တိုက်တွန်း ဆောင်ရွက်နေတာတွေ ရှိပါတယ်။ အစိုးရဘက်ကလည်း အများပြည်သူနဲ့ ဆွေးနွေးတိုင်ပင်ခြင်း မရှိဘဲ၊ သုတေသနနဲ့ White Paper (အစိုးရရဲ့ အစီရင်ခံစာ၊ ညွှန်ကြားချက်၊ အဆိုပြုလွှာ) တွေမပါဘဲ အမုန်းစကား တားဆီးကာကွယ်ရေး ဥပဒေကို ရေးဆွဲနေသလို၊ တဖက်မှာလည်း ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက်လားရာ ဖြစ်တဲ့ Surveillance State ကို ပြန်သွားဖို့ Siocial Media Monitoring Team ကို နိုင်ငံ့ ဘဏ္ဍာငွေတွေ အသုံးပြုပြီး လက်တွေ့ ဆောင်ရွက်အကောင်အထည် ဖော်နေတာတွေ ပြုလုပ်နေပါတယ်။
ဒီဆောင်းပါးမှာ လိုသလို အဓိပ္ပာယ် ဖွင့်ဆိုလို့ရတဲ့ “အမုန်းစကား” ထက်၊ နိုင်ငံတကာဥပဒေကလည်း ပြဌာန်းထားပြီး ဥပဒေနဲ့ မဖြစ်မနေ တားဆီးကန့်သတ်ရမယ့် အမုန်းစကား အမျိုးအစားကိုပဲ အဓိက ဆွေးနွေးမှာဖြစ်ပါတယ်။ အစိုးရရေးဆွဲနေတဲ့ အမုန်းစကား တားဆီးရေးဥပဒေကြမ်းကို အများပြည်သူတွေ ဘက်က အကောင်းအဆိုး ခွဲခြားနိုင်စေချင်တာပဲဖြစ်ပါတယ်။
“အမုန်းစကား” ဆိုတဲ့အတိုင်း လွတ်လပ်စွာ ပြောဆိုရေးသားထုတ်ဖော်ခြင်းနဲ့ ဆက်စပ်မှုရှိနေတာကြောင့် လွတ်လပ်စွာ ပြောဆိုရေးသားထုတ်ဖော်ခြင်းနဲ့ တန်းတူညီမျှမှုအကြောင်းကို အရင်ဆုံး ဆွေးနွေးပါရစေ။
လွတ်လပ်စွာ ထုတ်ဖော် ရေးသားပြောဆိုခြင်းဆိုတာ ဘာလဲ
လွတ်လပ်စွာ ထုတ်ဖော်ရေးသား ပြောဆိုခွင့်ကို ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) အပိုဒ် ၁၉ နဲ့ အရပ်ဖက်၊ နိုင်ငံရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ပဋိညာဉ်စာတမ်း (ICCPR) ရဲ့ အပိုဒ် ၁၉ မှာ ဖော်ပြ အကာကွယ်ပေးထားပြီး ဖြစ်ပါတယ်။
ICCPR မှာ ပိုပြီးတိကျပြည့်စုံစွာဖော်ပြထားတာကတော့-
“၁။ လူတိုင်းတွင် ကြားဖြတ်နှောင့်ယှက်ခြင်း မခံရဘဲ မိမိအယူအဆကို လွတ်လပ်စွာ ဆုပ်ကိုင်ထားပိုင်ခွင့် ရှိရမည်။
၂။ လူတိုင်းတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိရမည်။ ၎င်းအခွင့်အရေးတွင် သတင်းအချက်အလက်နှင့် မည်သည့် အတွေးအခေါ်အယူအဆကို မဆို နယ်နိမိတ် သတ်မှတ်ခြင်းမရှိဘဲ၊ နှုတ်ဖြင့်ဖြစ်စေ၊ ရေးသား၍ (သို့မဟုတ်) ပုံနှိပ်၍ ဖြစ်စေ၊ အနုပညာပုံစံဖြင့်ဖြစ်စေ၊ ၎င်းစိတ်ကြိုက် မီဒီယာမှန်သမျှမှ တဆင့် ဖြစ်စေ ရှာဖွေ၊ လက်ခံ၊ တဆင့်ဖြန့်ဖြူးပိုင်ခွင့်လည်း ပါဝင်ရမည်။” လို့ ဖော်ပြထားပါတယ်။
ICCPR က ထောက်ပံ့ပေးထားတဲ့ အချက်ကို ပြန်ဖြည်လိုက်ရင် လွတ်လပ်စွာ ထုတ်ဖော်ရေးသားပြောဆိုခြင်းမှာ အဓိက အစိတ်အပိုင်း ၅ ခုရှိပါတယ်။
၁။ လူတိုင်းတွင် အခွင့်အရေးရှိရမည်။
၂။ ရှာဖွေရန်၊ လက်ခံရန်နဲ့ တဆင့်ပြန်လည်ဖြန့်ဝေရန်၊
၃။ မည်သည့်သတင်းအချက်အလက်နဲ့ အယူအဆမျိုးကိုမဆို၊
၄။ နယ်နမိတ်သတ်မှတ်ချက်မရှိဘဲ၊
၅။ မည်သည့်မီဒီယာကမှတဆင့် နှုတ်ဖြင့်ဖြစ်စေ၊ ရေးသား၍ (သို့မဟုတ်) ပုံနှိပ်၍ဖြစ်စေ၊ အနုပညာပုံစံဖြင့်ဖြစ်စေ … စတာတွေပဲဖြစ်ပါတယ်။ ဒီအစိတ်အပိုင်း (၅) ခုထဲက တခုခုချိုးဖောက်ခံရရင်ပဲ လွတ်လပ်စွာ ထုတ်ဖော်ရေးသား ပြောဆိုခွင့်ကို ချိုးဖောက်တယ်လို့ ပြောလို့ရပါတယ်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်ကို ကန့်သတ်လို့ ရပါတယ်။ ဒါပေမယ့် အတားအဆီးမရှိ လိုအပ်ချက်ကို ကျော်လွန်ပြီး ကန့်သတ်လို့မရပါဘူး။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခြင်းကို ပြန်လည် ထိန်းကျောင်းတဲ့နေရာမှာ အစိုးရတွေအနေနဲ့ လိုချင်သလောက် ချဲ့ကားဖြတ်တောက်ပစ်လို့ မရအောင် ICCPR ရဲ့ ပုဒ်မ၁၉ (၃) က ဒီလိုပြောထားပါတယ်။
“၁။ကန့်သတ်မှုတွေကို ဥပဒေမှာ ရေးဆွဲပြဌာန်းချမှတ်ရမယ်။
၂။ တခြားသူရဲ့ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို လေးစားရန် (သို့မဟုတ်) နိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်ရေး၊ လူထုကျန်းမာရေး (သို့မဟုတ်) လူ့ကျင့်ဝတ် စံနှုန်းများကို အကာအကွယ်ပြု အာမခံချက်ပေးနိုင်ရန် အတွက်သာ ကန့်သတ်ရမယ်။”
နိုင်ငံတကာ တရားရုံးတွေကတော့ ကန့်သတ်ချက်တွေပြုလုပ်ကျင့်သုံးတဲ့အခါ လွတ်လပ်စွာထုတ်ဖော် ရေးသားပြောဆိုခွင့်ကိုမကန့်သတ်ဘဲ၊ လူ့အခွင့်အရေးကိုအထိအခိုက်နည်းစေမယ့် အခြားလုပ်ဆောင် နိုင်စရာ ရွေးချယ်စရာတစ်ခုခုရှိရင် အသုံးပြုရမယ်လို့ အတိအလင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။
လူအများတွေးထင်ယူဆနေကြတဲ့ “အမုန်းစကား” နဲ့ နိုင်ငံတကာ ဥပဒေပါပြဌာန်းချက်များ ကွဲလွဲမှု
“အမုန်းစကား” ကို နိုင်ငံတကာဥပဒေမှာ အဓိပ္ပာယ်ဖွင့်ဆိုထားတာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီစကားက စိတ်ခံစားချက်ဆန်ပြီး ယေဘုယျဆန်တဲ့အတွက် ဖြစ်ပါတယ်။ မြန်မာပြည်မှာ “အမုန်းစကား” လို့ ခေါင်းစဉ်တပ်ထားတဲ့ ဝိဝါဒ ကွဲပြားစရာတွေရှိပါတယ်။ ဥပမာ – နိုင်ငံရေးဝေဖန်မှု၊ အပြစ်တင်မှု၊ ကဲ့ရဲ့သရော်မှု၊ လူ့အဖွဲ့အစည်းက နိမ့်ကျတယ်လို့ သတ်မှတ်ထားတဲ့အရာတွေနဲ့ ဥပမာပေး ခိုင်းနှိုင်း ပြောဆိုမှုနဲ့ ဆဲဆိုခြင်းတွေပဲ ဖြစ်ပါတယ်။
ဒါတွေဟာ လုံးဝ “အမုန်းစကား” မဟုတ်ပါဘူး။ ဘာကြောင့် လဲဆိုတော့ နိုင်ငံတကာဥပဒေအရ ဥပဒေပြဌာန်းထိန်းချုပ်ရမယ့် အကြောင်းအရာတွေထဲမှာ အထက်ပါ အုပ်စု မပါဝင်ပါဘူး။ ဒါဆို နိုင်ငံတကာဥပဒေက ပြဆိုထားတဲ့ ဥပဒေနဲ့ မဖြစ်မနေတားဆီး ကန့်သတ်ရမယ့်အမုန်းစကား တွေက ဘာတွေဖြစ်မလဲ ဆက်လက်လေ့လာကြပါစို့။
ICCPR အပိုဒ် ၂၀ (၂) မှာ – “ခွဲခြားဆက်ဆံခြင်း၊ ရန်လိုမုန်းတီးခြင်းနဲ့ အကြမ်းဖက်မှုတွေ ဖြစ်လာစေမယ့် လှုံ့ဆော်မှုတွေ ပါဝင်တဲ့ နိုင်ငံသားရေးရာ၊ လူမျိုးရေး သို့မဟုတ် ဘာသာရေးနဲ့ ဆိုင်ရာ မုန်းတီးမှု ဖြစ်အောင် လုပ်တဲ့ မည်သည့် စည်းရုံး လှုံ့ဆော်မှုမျိုးကိုမဆို ဥပဒေနဲ့ တားမြစ်ရမယ်” လို့ ရေးသားဖော်ပြ ထားပါတယ်။ နိုင်ငံတကာဥပဒေအရ “အမုန်းစကား” လို့ မခေါ်ဘဲ “ခွဲခြားဆက်ဆံခြင်း၊ ရန်လိုမုန်းတီး ခြင်း နဲ့ အကြမ်းဖက်မှုတွေဖြစ်လာအောင် လှုံ့ဆော်တဲ့ နိုင်ငံသားရေးရာ၊ လူမျိုးရေး သို့မဟုတ် ဘာသာရေးနဲ့ဆိုင်ရာ မုန်းတီးမှုအခြေခံ ရည်ရွယ်ချက်ရှိတဲ့ စည်းရုံးလှုံ့ဆော်မှု” လို့ သုံးပါတယ်။ အင်္ဂလိပ်လို Advocacy of national, racial or religious hatred that constitutes incitement to discrimination, hostility or violence လို့ သတ်မှတ်ထားပါတယ်။ ဒီဆောင်းပါးမှာတော့ လွယ်အောင် ဥပဒေနဲ့ မဖြစ်မနေ တားဆီးကန့်သတ်ရမယ့် အမုန်းစကားလို့ ဆက်လက် အသုံးပြုသွားပါ့မယ်။
ခွဲခြားဆက်ဆံခြင်း ကို လူမျိုးရေးခွဲခြားမှု ပုံစံများအားလုံးပပျောက်ရေး ကုလသမဂ္ဂကြေညာစာတမ်း (ICERD) ရဲ့ ပုဒ်မ (၁) မှာ – “လူမျိုး၊ အသားအရောင်၊ မျိုးရိုးဗီဇ ၊ နိုင်ငံသား ဒါမှမဟုတ် တိုင်းရင်းသား ဇစ်မြစ်တို့အပေါ် အခြေခံပြီး ပြုလုပ်တဲ့ မည်သည့်ခွဲခြားခြင်း၊ ထုတ်ဖယ်ကျဉ်ထားခြင်း၊ ကန့်သတ်ခြင်း သို့မဟုတ် ပိုမို အလေးပေး နှစ်သက်ခြင်းကို မဆို” လို့ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။
ရန်လိုမုန်းတီးခြင်းနဲ့ အမုန်း ဆိုတဲ့စကားကိုတော့ Camden Principles ရဲ့ ခေါင်းစဉ် (၄) စည်းမျဉ်း ၁၂.၁ မှာ – “ဦးတည် အုပ်စုတစုစုအပေါ် ရည်ရွယ်တိုက်ခိုက်တဲ့ အပြင်းအထန် ရှုတ်ချမှု၊ ရန်ငြိုးရန်စနဲ့ အလွန်အမင်း စက်ဆုပ်ရွံရှာခြင်း စတာတွေရဲ့ ပြင်းထန်ပြီး အဓိပ္ပာယ်မရှိတဲ့ စိတ်ခံစားချက်တွေ” လို့ အဓိပ္ပာယ်ဖွင့်ဆိုဖို့ အကြံပြုထားပါတယ်။
စည်းရုံးလှုံ့ဆော်ခြင်း (Advocacy) ကို အဲဒီ Camden Principles ရဲ့ ခေါင်းစဉ်(၄) စည်းမျဉ်း ၁၂.၁ မှာပဲ – “ဦးတည်အုပ်စုတစုစုအပေါ်ထားရှိတဲ့ အမုန်းတရားကို လူသိရှင်ကြား တိုးမြှင့် ဖော်ဆောင်ဖို့ရန် ရည်ရွယ်ချက် ပါရှိတဲ့ စည်းရုံးလှုံ့ဆော်မှု” လို့ ဆိုထားပါတယ်။
ဥပဒေနဲ့မဖြစ်မနေ တားဆီးကန့်သတ်ရမယ့် အမုန်းစကားဟာ နိုင်ငံတကာဥပဒေရဲ့ တနေရာတည်းမှာ ပြဌာန်းထားတာ မဟုတ်ဘဲ မတူညီတဲ့ ပဋိညာဉ်စာချုပ်တွေမှာ ဖော်ပြထားတာဖြစ်သလို၊ သူကနေ အကာ အကွယ် ပေးခြင်းခံရမယ့် လက္ခဏာသွင်ပြင်နဲ့ အုပ်စု (Protected Characteristic/ Protected Characteristic group) တွေကိုလည်း အဲဒီပဋိညာဉ်စာချုပ်တွေမှာ သတ်မှတ်ဖော်ပြထားပြီး ဖြစ်ပါတယ်။
လက်လှမ်းမီသလောက် ဖော်ပြရရင်တော့ လူမျိုး၊ အသားအရောင်၊ လိင်၊ ကျားမခံယူမှု၊ လိင်စိတ် တိမ်းညွှတ်မှု၊ ဘာသာစကား၊ ကိုးကွယ်ရာဘာသာ၊ နိုင်ငံရေး သို့မဟုတ် တခြားအမြင်အယူအဆ၊ နိုင်ငံသား သို့မဟုတ် လူမှုရေး ဇစ်မြစ်၊ ပိုင်ဆိုင်မှု၊ မသန်စွမ်းမှု၊ မွေးဖွားရာ အဆင့်အတန်းနဲ့ တခြား အဆင့်အတန်း (Other status) တွေဆိုပြီး ဖြစ်ပါတယ်။ တခြားအဆင့်အတန်းတွေကို သတ်မှတ်ရာမှာ တနိုင်ငံနဲ့ တနိုင်ငံ ကွဲပြားနိုင်ပါတယ်။ ဥပမာ ဒီနိုင်ငံမှာဆိုရင် – ကျန်းမာရေး အဆင့်အတန်း (HIV ပိုး ကူးစက်ခံနေရသူ၊ ဝသူ ပိန်သူ စသဖြင့်)၊ ဒုက္ခသည် အဆင့်အတန်း၊ အိမ်ထောင်ရေး အဆင့်အတန်း (အိမ်ထောင်ရှိ၊ မရှိ အခြေအနေ) စတာတွေကို အခြား အဆင့်အတန်းဆိုတဲ့ စကားရပ်ထဲမှာ ထည့်သွင်း အကာကွယ်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခု ဖော်ပြခဲ့တဲ့ အဆင့်အတန်းတွေထက် ပိုပြီးကျယ်ပြန့်တာကြောင့် ဒါကို သတ်မှတ်ဖို့ဆိုရင်တော့ အစိုးရတရပ်ဟာ တခြား ဘယ်အဆင့်အတန်းတွေက “အမုန်းစကား” ရဲ့ သက်ရောက်မှုကို ခံနေရသလဲဆိုတဲ့ သုတေသနတခု သေချာ ပြုလုပ်သင့်ပါတယ်။
ဖော်ပြပါ အကာကွယ်ပေးခံရမယ့် သွင်ပြင်လက္ခဏာတွေ၊ အုပ်စုတွေကို ဦးတည်ခြင်းမရှိတဲ့ အဆိုးမြင် ဖော်ပြချက်ဟာ ဥပဒေနဲ့ မဖြစ်မနေ တားဆီးကန့်သတ်ရမယ့် အမုန်းစကား မမြောက်ပါဘူး။ မြောက်၊ မမြောက် သတ်မှတ်တဲ့ နေရာမှာလည်း အထက်ဖော်ပြပါ အကြောင်းအချက်တွေအပြင် Rabat Plan of Action ရဲ့ စာပိုဒ် ၂၉ မှာ ထောက်ပံ့ပေးထားတဲ့ အောက်ပါဆန်းစစ်ချက်တွေကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။
၁။ အခြေအနေ – ထုတ်ဖော် ပြောဆိုချက်တခုဟာ ခွဲခြားဆက်ဆံမှုတွေ၊ ရန်လိုမှုတွေ၊ အကြမ်းဖက်မှု တွေကို လှုံ့ဆော်နိုင်ချေရှိ၊ မရှိ ဆန်းစစ်ရာမှာ အခြေအနေကို ထည့်သွင်း စဉ်းစားရမှာဖြစ်ပါတယ်။ ဥပမာ- ဒီ ထုတ်ဖော်ပြောဆိုချက်က တခြားအခြေအနေမှာ သာမန်ပဲဖြစ်ပြီး၊ လက်ရှိ အခြေအနေမှာတော့ အကဲဆတ်နိုင်သလား ဆိုတဲ့ စဉ်းစားမှုမျိုး လိုအပ်ပါတယ်။
၂။ ထုတ်ဖော်ပြောဆိုသူ – ထုတ်ဖော်ပြောဆိုချက်ကို ပြောဆိုသူရဲ့ လူ့အဖွဲ့အစည်း အတွင်းရရှိထားတဲ့ ရာထူး နေရာနဲ့ အနေအထားဟာ ထည့်သွင်းစဉ်းစားရမယ့် အချက်ဖြစ်ပါတယ်။ သူက သာမန်လူတဦးလား၊ အဖွဲ့အစည်း ကိုယ်စားပြုသူလား၊ သူ့စကားကို လက်ခံရယူမယ့် ပရိသတ် ဒါမှမဟုတ် Follower များတဲ့ ထင်ပေါ် ကျော်ကြားသူလား စတာတွေကို ချင့်ချိန်ရပါမယ်။
၃။ ရည်ရွယ်ချက် – ထုတ်ဖော်ပြောဆိုချက်ဟာ အကာကွယ်ပေးခြင်းခံရတဲ့ သွင်ပြင်လက္ခဏာနဲ့ အုပ်စုတွေကို ထိခိုက် နစ်နာစေမယ်မှန်း သိရက်နဲ့ ရည်ရွယ်ချက်ရှိရှိ စည်းရုံးလှုံ့ဆော်တာ ဟုတ်၊ မဟုတ် သက်သေ ပြုရပါမယ်။ ဒီနေရာမှာ ထုတ်ဖော် ပြောဆိုချက်ကို ဖန်တီးသူမဟုတ်ဘဲ၊ ဖြန့်ဝေသူဟာ ဖန်တီးသူနဲ့ တူညီတဲ့ ပြစ်ဒဏ် မခံရသင့်ပါဘူး။
၄။ အကြောင်းအရာနဲ့ ပုံစံ – ထုတ်ဖော်ချက်မှာပါဝင်တဲ့ အကြောင်းအရာနဲ့ ပုံစံဟာ ဖြစ်ပေါ်လာမယ့် ထိခိုက်မှု ရေချိန်၊ တဖက်က တန်ပြန်လာနိုင်တဲ့ စိတ်ခံစားမှုဆိုင်ရာတုံ့ပြန်မှု ဒီဂရီတွေကို ဘယ်လောက်အဆင့်အထိ လှုံ့ဆော်နေသလဲ ဆိုတာ ဆန်းစစ်ဖို့လိုပါတယ်။
၅။ ထုတ်ဖော်ခြင်းကို လုပ်ဆောင်တဲ့ အပြုအမူရဲ့ ကျယ်ပြန့်မှု – ထုတ်ဖော်ချက်ရဲ့ ရောက်ရှိနိုင်မှုပမာဏ၊ ပရိတ်သတ်အရွယ်အစားတွေကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ဒါ့အပြင် ထုတ်ဖော်ချက်ကို အ များပြည်သူ လူသိရှင်ကြားလုပ်တာလား၊ ဘယ်လိုဖြန့်ချီတာလဲ – ဥပမာ လက်ကမ်းစာရွက်တစ်ရွက်မှာ ထုတ်ဖော်ပြောဆိုတာလား၊ အဓိကပင်မရေစီးကြောင်းမီဒီယာမှာ ထုတ်လွှင့်တာလား၊ အင်တာနက်မှာ ထုတ်ဖော်လှုံ့ဆော်တာလား၊ ထုတ်ဖော်တဲ့အကြိမ်အရေအတွက်နဲ့ ကျယ်ပြန့်မှု၊ ပရိတ်သတ်ကရော လှုံ့ဆော်မှုတွေကို လက်တွေ့ပြုမူဆောင်ရွက်ဖို့ နည်းလမ်းရှိခဲ့သလား၊ အဲဒီထုတ်ဖော်ချက်ကို သတ် မှတ်ဧရိယာထဲမှာတင်ဖြန့်ဝေတာလား၊ အများပြည်သူလက်လှမ်းမီတဲ့အထိ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေ တာလား ဆိုတဲ့ အချက်တွေကို စဉ်းစားရပါမယ်။
၆။ ဖြစ်နိုင်ချေနဲ့ များမကြာမီဖြစ်ပွားခြင်း – လှုံ့ဆော်ခြင်းဆိုတာ သူ့အဓိပ္ပာယ်အရကိုက မပြီးမြောက် သေးတဲ့ ရာဇဝတ်မှုတခုပါပဲ။ ရည်ရွယ်ချက်ရှိရှိနဲ့ လှုံ့ဆော်ထားသည့်တိုင်အောင် အကြောင်းအမျိုးမျိုးကြောင့် လှုံ့ဆော်ထားတဲ့ အတိုင်း တခြားသူတွေက လိုက်ကျူးလွန်ချင်မှ ကျူးလွန်နိုင်လိမ့်မယ်။ ဥပမာ- ပစ်မှတ်ကို ရှာမတွေ့တာ၊ ရဲကတားဆီးလိုက်တာ စတဲ့ အကြောင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လှုံ့ဆော်မှုအတိုင်း ဖြစ်နိုင်ချေရှိကြောင်း ပြနိုင်ခဲ့ရင် ဒီလိုအမုန်းတရား အခြေခံရာဇဝတ်မှုကို မကျူးလွန် ရသေးတာနဲ့ဘဲ ဖြစ်နိုင်ချေဟာ လျော့ကျမသွားပါဘူး။ နောက်ထပ်ထည့်သွင်း စဉ်းစားရမယ့်အချက်က လှုံ့ဆော်တဲ့ ထုတ်ပြန်ချက်ကိုပြုလုပ်ပြီး များမကြာမီအချိန် အတွင်းမှာပဲ လှုံ့ဆော်ထားတဲ့အတိုင်း အကောင်အထည် ဖော်နိုင်တဲ့ ဖြစ်နိုင်ချေရှိရပါမယ်။ ရုတ်တရတ်ချက်ခြင်း ဖြစ်ပေါ်တာ မဟုတ်ဘဲ၊ နောင် အချိန်ကြာမှ ဖြစ်ပွားတဲ့အခါ ဒီလှုံ့ဆော်မှုကြောင့်လို့ ပြောလို့မရနိုင်တော့ပါဘူး။
ဒီဆန်းစစ်ချက် (၆) ချက်ဟာ ICCPR ပုဒ်မ ၂၀ (၂) ရဲ့ ပြဌာန်းချက်ဖြစ်တဲ့ ဥပဒေနဲ့ မဖြစ်မနေ တားဆီး ကန့်သတ်ရမယ့် အမုန်းစကားအောက်မှာ ဘောင်ဝင်သလား၊ ICCPR ရဲ့ ပုဒ်မ ၁၉ ဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခြင်းအောက်မှာ ဘောင်ဝင်သလားဆိုတာကို ဆန်းစစ်တာ ဖြစ်ပါတယ်။
အစိုးရတွေဟာ ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ကန့်သတ်နိုင်တဲ့ ပါဝါရှိနေတာကြောင့် အဲဒီအခွင့်အရေးတွေ လိုအပ်တာထက် ပိုမိုမပွန်းမပဲ့ရလေအောင် နိုင်ငံတကာဥပဒေတွေက ကာကွယ်ပေးထားတာ ဖြစ်ပါတယ်။ ICCPR ပုဒ်မ ၂၀ (၂) အရ ဆန်းစစ်ချက်တွေနဲ့ မကိုက်ညီတဲ့အခါ၊ ICCPR ပုဒ်မ (၁၉) ဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသား ပြောဆိုခွင့်အောက် ရောက်ရှိသွားပြီး ပုဒ်မ ၁၉ အပိုဒ်ခွဲ (၃) ပါ ဆန်းစစ်ချက် (၃) ရပ်နဲ့ ပြန်လည် ဆန်းစစ်နိုင်ပါသေးတယ်။ ဒါပေမယ့် ကန့်သတ်တားဆီးရမယ့် ပုံစံတော့ မတူညီနိုင်ပါဘူး။
အစိုးရတွေရဲ့ အခြားဆောင်ရွက်ရန် တာဝန်တွေက ဘာတွေလဲ
Rabat Plan of Action မှာ ဥပဒေ ရေးဆွဲထိန်းချုပ်တာအပြင် နိုင်ငံတွေအနေနဲ့ အကောင်ထည်ဖော် ဆောင်ရွက်သင့်တာတွေကို အကြံပြုထားပါတယ်။ အကြံပြုချက်တိုင်းဟာ အကောင်ထည်ဖော်ဖို့ အလွန် အရေးကြီးပြီး၊ အဲဒီအထဲကမှ အမြန်ဆုံး အကောင်ထည်သင့်တဲ့ အချက်တချို့ကို ဖော်ပြချင်ပါတယ်။
• နိုင်ငံသား၊ လူမျိုး၊ ဘာသာနဲ့ ယုံကြည်မှုအပေါ် အခြေခံတဲ့ အနုတ်သဘောဆောင် ခေါက်ရိုးကျိုး ပုံစံပြုမှုတွေကို တွန်းလှန်ရာမှာ အစိုးရရဲ့ ချိတ်ဆက် ဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့်ရန်။
• ကျားမမတူကွဲပြားမှု ဆိုင်ရာ သိမြင်နားလည်မှု အပါအဝင်၊ မတူညီတဲ့ ယဉ်ကျေးမှုတွေကြား နား လည်မှုတွေကို တိုးမြှင့်ရန်။ ငြိမ်းချမ်းရေး ယဉ်ကျေးမှုကို တည်ဆောက်ရန်နဲ့ အပြစ်ပေးခံရခြင်း ကနေ ကင်းလွတ်နေမှုကို အဆုံးသတ်ရန်။
• ဆရာ ဆရာမတွေကို လူ့အခွင့်အရေးတန်ဖိုးနဲ့ စည်းမျဉ်းတွေ သင်ကြားပေးပြီး ကျောင်းသင်ခန်းစာ တွေမှာ မတူညီတဲ့ ယဉ်ကျေးမှုတွေကြား နားလည်မှုတွေ တိုးမြှင့်ဖို့ ထည့်သွင်း ရေးဆွဲရန်။
• မီဒီယာဗဟုဝါဒနဲ့ မတူကွဲပြားမှုကို မြှင့်တင်ပေးမယ့်မူဝါဒ ဒါမှမဟုတ် စည်းမျဉ်း မူဘောင်တွေ ထားရှိရန် စတာတွေပဲ ဖြစ်ပါတယ်။
Rabat Plan of Action က ပေးတဲ့ နိုင်ငံတော်ရဲ့ တာဝန်တွေကို အကောင်ထည်ဖော် ဆောင်ရွက်ဖို့ အရပ်ဖက် အဖွဲ့အစည်းတွေ၊ ပြည်သူတွေက အစိုးရကို တွန်းအားပေးရပါမယ်။ Facebook ဟာ တခု တည်းသော အပြစ်တင်စရာ၊ ဖိအားပေးစရာ အဖွဲ့အစည်းမဟုတ်ပါဘူး။ Facebook က မြန်မာပြည် အတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးစရာ ပလက်ဖောင်း တခုဖြစ်တယ်။ လူတွေက ပြင်ပ လောကမှာထက် Facebook လူမှုကွန်ရက်ပေါ်မှာ ပိုမိုထုတ်ဖော် ပြောဆိုရဲလာကြတယ်။ ဒါကြောင့် Facebook ဟာ အနုတ်ချည်းပဲ မဟုတ်၊ အပေါင်းလက္ခဏာလည်း ဆောင်တဲ့ နေရာတခု ဖြစ်ပါတယ်။
မီဒီယာတွေကလည်း ပရိသတ် အမျိုးမျိုးကို ထိတွေ့ရာမှာ Facebook ကြောင့် ပိုမိုအားကောင်းလာခဲ့တယ် ဆိုတာ ငြင်းမရပါဘူး။ မကြာခင်ကမှ ထွက်ရှိထားတဲ့ စစ်တမ်းတရပ်အရ လောလောဆယ်မှာ အွန်လိုင်းကနေ ထုတ်ဖော် ပြောဆိုခွင့် အနေအထား ကျဆင်းနေတယ်လို့ မီဒီယာသမား တွေက ဖြေထားကြပြီး ဒါဟာ အစိုးရရဲ့ အကြောင်းအရာ ထိန်းချုပ် ကန့်သတ်မှုတွေကို ဖြေလျော့ပေးဖို့ ပိုမိုလုပ်ဆောင်ကြရဦးမယ်ဆိုတဲ့ အချက်ကို ပြနေပါတယ်။ ယနေ့ခေတ် အစိုးရဟာ Facebook အုပ်ချုပ်ရေးလို့ ပြောစမှတ်တွင်ရလောက်အောင်ပဲ အများပြည်သူရဲ့ အခက်အခဲနဲ့ လူ့အခွင့်အရေး ချိုးဖောက် ခံရမှု အတော်များများဟာ Facebook ကြောင့် လူသိများပြီး အစိုးရ အာဏာပိုင်တွေအနေနဲ့ ဖြေရှင်း ဆောင်ရွက်ပေးလိုက်ရတဲ့ သာဓကတွေလည်း အများကြီးရှိပါတယ်။
အများပြည်သူရဲ့ ကြားနာစေခွင့် (The right to be heard) က Facebook ကြောင့်ရလာတဲ့ သာဓကပါပဲ။ Facebook ရဲ့ သုံးစွဲသူတွေ ကို ထိခိုက်နာကျင်စေမယ့် အကြောင်းအရာတွေကို ကိုင်တွယ်ရာမှာ သူ့ရဲ့စနစ်ကို ပိုမိုအားကောင်း လာအောင် လုပ်ဖို့ ဖိအားပေး ဆောင်ရွက်တာ လုပ်နေသလို၊ တဖက်ကနေလည်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်တွေ မထိပါးအောင် Facebook ကို စည်းရုံးလှုံ့ဆော်တာတွေ လုပ်ဆောင်ရပါမယ်။
မြန်မာပြည်ရဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့် Trend ဟာ ကမ္ဘာကြီးရဲ့ တခြားနိုင်ငံတွေနဲ့ မတူပါဘူး။ တခြား ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို အစိုးရတွေက အာမခံချက်ပေးထားပြီး ပြည်သူတွေက အစွန်းရောက် အကြမ်းဖက်မှုတွေကြောင့် လူမျိုးရေး၊ ဘာသာရေး အခြေခံဝါဒီဆန်လာကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်တွေကတော့ ဒီနေ့ဒီအချိန်ထိ အစိုးရနဲ့ ဥပဒေများက ဖိနှိပ်ထားဆဲ ဖြစ်တယ်ဆိုတာကို ပြည်တွင်းရော၊ ပြည်ပ လူ့အဖွဲ့အစည်းတွေကပါ နားလည် သဘောပေါက်ဖို့ လိုပါတယ်။
Facebook ပေါ်က အနုတ်သဘော လက္ခဏာဆောင်တဲ့ အကြောင်းအရာတွေကို လျှော့ချဖို့ သင့်မြတ် ချစ်ကြည်ရေး၊ သည်းခံနိုင်စွမ်းရည် မြှင့်တင်ရေးတွေ လုပ်နေတာက နိုင်ငံသား ယဉ်ကျေးမှုအတွက် ကောင်းပေမယ့်၊ တဖက်မှာ လူနည်းစုရဲ့အသံတွေကို သည်းခံခြင်းတရား အောက်မှာ ပိတ်ပင်သလို ဖြစ်လေ့ဖြစ်ထ ရှိတတ်တာကိုလည်း သတိပြုကြစေချင်ပါတယ်။
(ယဉ်ရတနာသိန်းသည် Free Expression Myanmar (FEM) အဖွဲ့၏ Programme Manager ဖြစ်သည်။)