Human Rights

တပ်ပိုင်မြေမှ ဆိုင်ခန်းနှင့် အလုပ်ရုံများ အင်အားသုံး ဖျက်သိမ်းဖယ်ရှား

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ် ပါရမီလမ်းနှင့် သံသုမာလမ်းထောင့်ရှိ တပ်မတော်ပိုင်မြေဆိုသည့် နေရာမှ ဆိုင်ခန်း များနှင့် စက်ရုံ အလုပ်ရုံများကို မေလ ၃၁ ရက်နေ့တွင် နောက်ဆုံးထား ဖယ်ရှားပေးရန် ညွှန်ကြားခဲ့သော်လည်း မဖျက်သိမ်း သည့်အတွက် ယနေ့(ဇွန် ၁ရက်) တွင် အင်အားသုံး ဖျက်သိမ်းဖယ်ရှားခဲ့သည်။

ရန်ကုန်တပ်မြေ စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး၊ ရဲတပ်ဖွဲ့တို့ပူးပေါင်းကာ အင်အား ၆၀၀ ကျော်ဖြင့် အဆောက်အဦးများကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆိုင်ခန်း၊ အလုပ်ရုံများကို ၂၀၁၆ ခုနှစ်မှစ၍ ယနေ့အထိ အိမ်ဥပစာနှင်ထုတ်ခြင်း ဥပဒေအရ သတိပေးစာ ၇ ကြိမ်ပေးခဲ့ပြီဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ၎င်းတို့က အယူခံတင်သွင်းခဲ့ရာ မေလ ၂၇ ရက်နေ့တွင် အဆိုပါအယူခံကို သက်ဆိုင်ရာ ဆောက်လုပ်ရေး ဦးစီးဌာနမှ နောက်ဆုံးပယ်ချခဲ့ပြီး ဖြစ်ကြောင်း၊ ယခုအခါ မဖယ်ရှားသည့်အတွက် အင်အားသုံး ဖယ်ရှားလိုက်ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး သက်နိုင်က ပြောသည်။

“ကျနော်တို့က သူတို့အတွက် ထိုက်သင့်တဲ့အချိန်ကို ပေးပြီးသားပါ။ သူတို့ကမလုပ်ကြတာ။ ဒီကိစ္စကို တိုင်းအစိုးရအဖွဲ့ရဲ့ သဘောတူဆုံးဖြတ်ပြီးမှ ဆောင်ရွက်တာပါ။ နိုင်ငံတော်သမ္မတကိုယ်တိုင်က ဝန်ကြီးဌာနပိုင် မြေပေါ်တွေမှာ ကျူးကျော်နေ တာတွေကို ဖယ်ရှားဖို့ စီမံချက်ကို တောင်းခံထားတယ်။ ကျနော်တို့ကလည်း အဲ့ဒီစီမံချက်ကို အခု အကောင်အထည်ဖော် တာပါ” ဟု သူကဆိုသည်။

ဖျက်သိမ်းရန် ယခုနှစ် မတ်လ ၂၈ ရက်နေ့ကတည်းက ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မိမိကို အခွင့်အာဏာ အပ်နှင်း ပေးထားပြီး မြေငှားရမ်းခများကိုလည်း ၂၀၁၆ ခုနှစ်ကတည်းက ရပ်ဆိုင်ထားပြီးဖြစ်ကြောင်း ဒုဗိုလ်မှူးကြီး သက်နိုင်က ဆက်ပြောသည်။

ယခုဖယ်ရှားမှုကြောင့် မိမိတို့ရင်းနှီးမြုပ်နှံထားသည့် ကျပ်သိန်း ၁ သောင်းကျော်တန်ဖိုးများ ပျက်စီးရသည့်အပြင် မိမိတို့ကို မှီခိုနေသည့် အလုပ်သမား ၆၀ ကျော်အတွက်လည်း အလုပ်လက်မဲ့ ဖြစ်ရတော့မည့် အခြေအနေဖြစ်ခဲ့ကြောင်း အဆိုပါ မြေပေါ်ရှိ ရေခဲစက်နှင့် ပလတ်စတစ် စက်ရုံ တည်ထောင်ထားသည့် ဒေါ်နန်းစိန်ညွန့်က ပြောသည်။

မိမိတို့ကို တပ်ပိုင်မြေဖြစ်ကြောင်း ၎င်းတို့မှ အထောက်အထားများ ပြသနိုင်ခြင်းမရှိသလို နှစ် ၂၀ ကျော်ကြာ အခြေချ နေထိုင်နေခဲ့သည့် မိမိတို့ကဲ့သို့ သူများအားလုံး ယခုလိုအကြမ်းဖက် ဖယ်ရှားခဲ့မှုသည် အစိုးရဌာဆိုင်ရာများအနေဖြင့် ပြည်သူများအပေါ် အလေးမထားသည့် ပုံစံမျိုးဖြစ်နေကြောင်း သူက ဆိုသည်။

ဒေါ်နန်းစိန်ညွှန့်က “ကျမတို့လည်း ပြည်သူပဲ။ ပြည်သူ့ မျက်နှာကို မကြည့်ပဲ လုပ်တာ။ သူတို့က ၂၀၁၀ မှာတုန်းကလည်း နို့တစ်စာပို့ ဖယ်ခိုင်းတယ်၊ ၂၀၁၆ ခုနှစ်တုန်းကလည်း တခါလုပ်တယ်။ အဲ့ဒီထဲက သူတို့သာ တကယ်ပိုင်ဆိုင်တဲ့ မြေတွေ ဆိုရင် ကျမတို့ အဲ့ဒီအချိန်ထဲက ပြောင်းလိုက်ရမှာပေါ့။ အခုမှ သူတို့က သူတို့ ပိုင်တဲ့မြေလို့ချည်း ပြောနေတာ။ ဒီက ရွှေ့ ဖို့ဆို ကျမတို့မှာ ဘယ်ကို သွားရမှာလဲ။ ဘယ်မှလည်း ရွှေ့သွားစရာနေရာမရှိဘူး” ဟု သူကဆိုသည်။

ယခုဖျက်သိမ်းလိုက်သည့် စက်ရုံ အလုပ်ရုံနှင့် ဆိုင်ခန်းများတွင် စုစုပေါင်း စာရင်းအရ ၂၄ ခုရှိကြောင်း၊ ၃ ခုမှာ ယခင် ကတည်းက ပိတ်သိမ်းထားပြီးဖြစ်သည်အတွက် ၂၁ ခုကို လူအင်အားဖြင့် ဖျက်သိမ်းကြောင်း ရန်ကုန်တိုင်း တပ်မြို့ စည်ပင်သာယာရေး ကော်မတီမှ အတွင်းရေးမှူးဖြစ်သူ ဦးမိုးမင်းဝင်းက ပြောသည်။

ဖျက်သိမ်းလိုက်ရာတွင်လည်း မိမိတို့အနေဖြင့် အဆောက်အဦ၊ အမိုးအကာများကိုသာ ဖျက်သိမ်းပြီး အတွင်းပစ္စည်းများကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်နေကြောင်း၊ အဆိုပါ အတွင်းပစ္စည်းများကို ပြောင်းရွှေ့မည့်နေရာအထိ မိမိတို့ အဖွဲ့ပိုင်ကားများဖြင့် လိုက်လံ ပို့ဆောင်ပေးမှာဖြစ်သည်ဟု သူက ဆက်ပြောသည်။

ဦးမိုးမင်းဝင်းက “ကျနော်တို့က သူတို့ကို အချိန်ပေးခဲ့ပေမယ့် သူတို့မှမပြောင်းတာ။ အခု ကျနော်တို့က သူတို့ဘယ်ပြောင်း ချင်လဲ။ လိုက်ပို့ပေးမှာ။ သူတို့ကို လိုအပ်ရင် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့အထိ ကျနော်တို့က လူနာတင်ကား၊ ဆေး တပ်ဖွဲ့က ဆရာဝန်တွေပါ တပါတည်း လုပ်ပေးနေတာ။ သူတို့ကိုယ်တိုင်ကလည်း ဒီမြေဟာ သူတို့ပိုင်ဆိုင်တဲ့မြေဆိုတာ ပြနိုင်တာမဟုတ်ဘူး” ဟု သူကဆိုသည်။

သို့သော် လွန်ခဲ့သော ၂ နှစ်ကတည်းက လျှပ်စစ်မီး ဖြတ်တောက်ခြင်း ခံထားရပြီး၊ လုပ်ငန်းအတွက် များစွာ အခက်အခဲ တွေ့ရကြောင်း၊ ပစ္စည်းများ ရွှေ့ပြောင်းနိုင်ရန် အချိန်မပေးခြင်းက မိမိတို့အပေါ်မှာ မတရားလုပ်သည်ဟု ခံစားရကြောင်း ယင်း မြေ၌ နေထိုင်၍ စက်ကြီးပန်းထိုးလုပ်ငန်း လုပ်ကိုင်နေသည့် အသက် ၅၅ နှစ်အရွယ် ဒေါ်သန်းသန်းဆင့်က ပြောသည်။

“ကျမ ဒီအသက်အရွယ်ကြမှ ဘယ်လိုလုပ် ပြန်ထူထောင်နိုင်မလဲ။ ငယ်ရွယ်တဲ့အချိန်သာ ဖြစ်ခဲ့ကြည့် ကျမ ဒီလို စီးပွား ပျက်၊ ဘဝပျက်ရတဲ့ အနေအထားဆို ဘယ်အဆင့်ထိ ရောက်သွားနိုင်မလဲ စဉ်းစားကြည့်။ ကျမတို့ကို လျော်ကြေးလို့ မပြောချင်ဘူး။ ဒါပေမယ့် နစ်နာတာတွေကို တခုခုတော့ ပြန်ကုစားပေးသင့်တယ်။ အခုက ဘာမှလည်း မလုပ်ပေးဘူး။ ကျမတို့မှာ အခု ဘယ်နားသွားနေရတော့မှာလဲ” ဟု သူကဆိုသည်။

You may also like these stories:

Did you find apk for android? You can find new Free Android Games and apps.
Loading