ကျနော်တို့ အလှည့် ဘယ်တော့ ရောက်မှာလဲ

သဇင်လှိုင်
မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ကိုနေလင်းစိုး / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းသူများ သန်းနှင့် ချီသော ဦးရေ ရှိနေသည့်တိုင် ပတ်ဝန်းကျင်၊ လှုမှု အသိုင်းအဝိုင်း အတွင်း ပုံမှန်သွားလာနိုင်ရန်၊ သွားလာရေး လွယ်ကူရန် ဆောင်ရွက်ပေးနိုင်သည့် အခြေအနေမှာ လုံးဝ မရှိ သည့် အခြေအနေမျိုး ဖြစ်နေသည်။

ယခုအချိန်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးအတွက် အမြင် ပွင့်လာပြီး အလေးထားမှုများ ရှိလာသော်လည်း လက် တွေ့ အကောင်အထည်ဖော်နိုင်သည့် အခြေအနေမှာမူ နည်းပါးဆဲပင် ဖြစ်သည်။

သို့ဖြစ်ရာ ယင်းသို့ လက်တွေ့ အကောင်အထည်ဖော်နိုင်သည့် အခြေအနေ ရောက်ရှိရန် လိုအပ်နေသည်များနှင့် ပတ် သက်ပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ကိုနေလင်းစိုးကို ဧရာဝတီ သတင်း ထောက် သဇင်လှိုင်က တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။ ။ မြန်မာနိုင်ငံမှာ မသန်စွမ်းတွေရဲ့ အခွင့်အရေး အခြေအနေက လက်ရှိမှာ ဘယ်လိုရှိတယ်လို့ မြင်လဲရှင့်။

ဖြေ။ ။ မြန်မာပြည်မှာ မသန်စွမ်းတွေရဲ့ အခြေအနေက ပြီးခဲ့တဲ့ ဆယ်စုနှစ်နဲ့ အခု ဆယ်စုနှစ် နှိုင်းယှဉ်ရင်တော့ နည်းနည်း လေး ပြောင်းလဲ တိုးတက်လာတယ်။ အထူးသဖြင့် မြို့ပေါ်မှာပဲ အပြောင်းအလဲတွေကို တွေ့ရတယ်။ နယ်စွန်နယ်ဖျားနဲ့ ဝေး လံခေါင်ဖျားတဲ့ ဒေသတွေကတော့ ဒုံရင်းက ဒုံရင်း အတိုင်းပဲ ဖြစ်နေတယ်။ မသန်စွမ်း အဖွဲ့အစည်းတွေ လှုပ်ရှားတဲ့ ဒေသ တွေမှာ အားကောင်းပြီးတော့ မလှုပ်ရှားတဲ့ ဒေသတွေမှာ မသန်စွမ်း အခွင့်အရေးတွေက ဆိတ်သုဉ်းနေတယ်လို့ ပြောလို့ ရ တာပေါ့။

ဒီဘက်မှာ မသန်စွမ်းနဲ့ ပတ်သက်လို့ ဥပဒေတွေ ထွက်လာတယ်။ ဒါပေမယ့် အောက်ခြေမြေပြင် အကောင်အထည်ဖော်တဲ့ နေရာမှာတော့ လိုအပ်ချက်တွေ အများကြီး ရှိနေသေးတယ်။ ဥပဒေ အားဖြင့် တကယ့် လက်တွေ့မှာ မသန်စွမ်းတွေ အကျိုး ခံစားခွင့် ရတယ်ဆိုတာ မတွေ့ရသလောက်ပဲ။

မေး။ ။ တိုးတက်လာတယ် ဆိုတော့ အခု လက်ရှိ လူ့အဖွဲ့အစည်း အတွင်းမှာ မသန်စွမ်းတွေ သွားလာနေထိုင်မှု အတွက် အစိုးရ ဖော်ဆောင်ပေးတဲ့ အခြေအနေ အပေါ် ဘယ်လိုထင်ပါသလဲ။

ဖြေ။ ။ မြန်မာပြည်က အခုဆို မြို့ပြတွေ ဖွံ့ဖြိုး တိုးတက်လာတယ်ပေါ့။ မြို့ဟောင်းတွေ ပြင်တယ်။ မြို့သစ်တွေ တိုးချဲ့ ဖော် ထုတ်လာတဲ့ အခါမှာ စဉ်းစားဖို့ မေ့နေတာက မသန်စွမ်းတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ သွားလာလှုပ်ရှားမှု အခက် အခဲရှိတဲ့သူ ပြည်သူပြည်သားတွေ အတွက် အစီအမံတွေ ပါဖို့ မေ့ကျန်ခဲ့တယ်။

မြို့တော် စည်ပင်ကလည်း ပလက်ဖောင်းတွေကို ဆင်ခြေလျှောလမ်းတွေ နည်းနည်းပါးပါး လုပ်ပေးခဲ့တာ ရှိတယ်။ နိုင်ငံတ ကာ စံချိန်စံညွှန်းမီတဲ့ အခြေခံ စံနှုန်းတွေကို လိုက်နာပြီးတော့ စနစ်တကျ လုပ်တာ မဟုတ်တော့။ သုံးလို့ အဆင်မပြေဘူး ၊ နောက်ကို ပက်လက်လန် ကျတယ်။

နောက် ပလက်ဖောင်းအလယ်မှာ ဓာတ်တိုင်တွေ ရှိတယ်။ လျှပ်စစ်ဝန်ကြီးဌာနနဲ့ စည်ပင်နဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိဘူး လား ဆိုတဲ့ မေးခွန်းတွေ ထုတ်စရာ ရှိတယ်။ ပုဂ္ဂလိက ကုမ္ပဏီကနေပြီးတော့ ကြော်ငြာဆိုင်းဘုတ်တွေ ပလက်ဖောင်း အလယ်မှာ စိုက်ထားတယ်။ ဒါတွေကို သေချာမလုပ်ဘူးလား ဆိုတဲ့ မေးခွန်းတွေတော့ အများကြီး ရှိတာပေါ့။ လုပ်ကား လုပ်ထားပေးတယ်၊ သို့သော် တကယ်တမ်း လက်တွေ့ သုံးစွဲသူတွေအတွက် အဆင်မပြေဘူး။

အဲဒါ ဘာကြောင့်လဲဆိုတော့ မသန်စွမ်း အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးတော့ အကြံပြုချက် ရယူ လုပ်ဆောင်တာ မရှိတဲ့ အတွက်ကြောင့်လို့ မှတ်ချက် ပြုချင်ပါတယ်။ အများစုကတော့ အဆင်မပြေတာပေါ့။ ဘယ်လိုနေရာမျိုးတွေလည်း ဆိုတော့ ဆင်ခြေလျှောလမ်းတွေ လုပ်တာကိုမှ လက်နှစ်သစ်လောက်က ချန်ထားသေးတယ်။ အဲဒီတော့ လုပ်တာ လုပ်တယ် မထူး ဘူး။

တချို့နေရာတွေကျတော့ အရမ်း မတ်စောက်နေတယ် ဝှီးလ်ချဲနဲ့ တက်ရင် နောက်ကို လန်ကျနေတယ်။ တချို့နေရာတွေ ဥပမာ မင်္ဂလာဒုံဘက်မှာ ဆိုရင် ပလက်ဖောင်း အလယ်မှာ စတီးတိုင်တွေ ၃၊ ၄၊ ၅ တိုင် စိုက်ထားတယ်။ ဆိုင်ကယ်တွေ ဝင် မှာ စိုးလို့တဲ့။ ဆင်ခြေလျှောလမ်းတွေ ဝှီးလ်ချဲတွေတော့ လုပ်ထားတယ်။ အဲဒါတွေက ခုနပြောသလို လက်တွေ့ လိုအပ် ချက်နဲ့ မကိုက်ဘူးလို့ ပြောချင်တာပေါ့။

မေး။ ။ ဒီလိုသွားလာမှု ခက်ခဲတာတွေ၊ မသန်စွမ်းတွေကို လျစ်လျူရှုထားတာတွေကို ဘယ်လို ပုံစံနဲ့ ဖြေရှင်းနေကြရလဲ။

ဖြေ။ ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့တော့ အဲဒါတွေကို ကျော်ဖြတ်လို့ မရဘူး။ တဖက်ကလည်း မကြာသေးမီက မြို့တော်ဝန်ကြီး ရဲ့ ပူးပေါင်းဆောင်ရွက်မှုပေါ့။ မြို့နယ်က စည်ပင် ဥက္ကဋ္ဌတွေပါ ဖိတ်ပြီးတော့ ၂ ရက် ဆွေးနွေးမှု လုပ်ခဲ့တယ်။ “ကျွန်ုပ်တို့ မြင်ချင်သော အနာဂတ် ရန်ကုန်မြို့တော်” ဆိုတဲ့ ဆွေးနွေးပွဲ လုပ်တာပေါ့။ မြို့သစ်တွေ ဖော်တဲ့ အခါမှာ ဘယ်လို အစီအမံ တွေ ပါစေချင်လဲ မြို့ဟောင်းတွေ ပြင်တဲ့ အခါမှာ ဘာတွေတော့ ကျနော်တို့တွေ ပြုပြင်ပြောင်းလဲစေချင်လဲ ဆိုတာ ၂ ရက် တာ ဆွေးနွေးခဲ့တာပေါ့။ ခုနပြောတဲ့ အခက်အခဲတွေကို တစိတ်တဒေသ ပြေလည်မလား ဆိုတာ မျှော်လင့်ပြီးတော့ မူဝါဒ ချမှတ်တဲ့သူတွေနဲ့ ဆွေးနွေးတာ ဖြစ်ပါတယ်။

နောက် ပြီးခဲ့တဲ့နှစ်ကလည်း ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တွေ့ဆုံပြီးတော့ ဒီကိစ္စတွေကို တင်ပြ တယ်။ ပြီးတော့ ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှုနဲ့ ၂ ရက်တာ ဆွေးနွေးပွဲ တခုလည်း လုပ်ခဲ့ပါသေးတယ်။ အဲဒီကနေလည်း မြို့တော် အသစ်တွေ ဖော်ဆောင်တဲ့အခါမှာ ထည့်သွင်း ဆောင်ရွက်ဖို့ကို ဝန်ကြီးချုပ် အနေနဲ့ စိတ်ဝင်စားမှု ရှိတယ်။

အစည်းအဝေးမှာလည်း ဒါတွေက အရေးကြီးတယ်ဆိုတာကို ထပ်ကာ ထပ်ကာ ပြောတာပေါ့။ ဒါပေမယ့် မြေပြင်မှာ ဘယ် လောက်အထိ အကောင်အထည်ဖော်သလဲ။ စိတ်ရှိမှ စေတနာရှိမှ လုပ်ပေးတာ မဟုတ်ဘဲနဲ့ မူဝါဒနဲ့ လုပ်ကို လုပ်ရမယ် ဆိုတဲ့ ပြဋ္ဌာန်းချက်မျိုးတွေ မတွေ့ရသေးဘူး။ အဲဒီတော့ ကျနော်တို့ အများကြီး မျှော်လင့်လို့တော့ မရသေးဘူး။

မေး။ ။ ခုနက ပြောသလောက်ဆို အစိုးရပိုင်းက မူဝါဒချမှတ်နိုင်တဲ့ သူတွေနဲ့တော့ တွေ့နေတယ်၊ ဆွေးနွေးနေတာမျိုးတွေ ရှိတယ်ပေါ့။ အဲဒီလိုတွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ပြီးတဲ့နောက်ပိုင်းမှာရော ထည့်သွင်း စဉ်းစားပေးမှု အပိုင်းကိုရော မြင်ရ လား။

ဖြေ။ ။ တိုင်းအစိုးရအဖွဲ့နဲ့ တွေ့တဲ့ အခါမှာတော့ အားရတဲ့ အချက် တချက် ရှိတယ်ပေါ့။ ဒါကတော့ ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ပေါ့။ အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင်တွေက တော် တော် စိတ်ဝင်စားမှု ရှိတယ်။ YBS စနစ်ကို ပြုပြင်ပြောင်းလဲတဲ့ အခါမှာ ပိုကောင်း သထက်ကောင်းအောင် လုပ်မယ်ဆိုတဲ့ ကတိကဝတ်တွေ ပြုတာပေါ့။ နောက်ပိုင်းလည်း သူတို့ ပုဂ္ဂလိက ကုမ္ပဏီတွေကို တိုက်တွန်းပါတယ်။ ကြော်ငြာတွေက အစ သတိချပ်ပြီးတော့ ထည့်သွင်းကြော်ငြာလာတာကို တွေ့ရတယ်။

အဲဒီတော့ ကျနော်တို့ အစည်းအဝေးတွေ တင်ပြချက်မှာ သူတို့ သဘောတူမှု (consent) ရှိတယ်။ တတ်နိုင်သလောက် လည်း တိုက်တွန်းပေးတယ်။ သူတို့ ယာဉ်လိုင်းတွေကို သင်တန်းပေးတဲ့ အခါမှာ Bus operator ၂၀၀ လောက်ကို သင် တန်းတွေ သွားပေးခဲ့ဖူးရတာတွေ ရှိတယ်။ တဖက်ကတော့ ရေရှည် အစီအမံတွေ ပါဖို့ကိုတော့ ကျနော်တို့က အများကြီး ဆက်ပြီးတော့ တိုက်တွန်းနေရဦးမှာ ဖြစ်ပါတယ်။

ဘတ်စ်ကား စနစ်ထက် ရထားစနစ်ကို ကျနော်တို့က ပိုမျှော်လင့်တယ်။ အခု မြို့ပတ်ရထားတွေ ပြုပြင်ပြောင်းလဲမယ်။ ဘူတာရုံတွေမှာ ပလက်ဖောင်းတွေနဲ့ ရထား တံခါးဖွင့်တာနဲ့ တန်းပြီးတော့ တက်လို့ရအောင်ပေါ့ ။ နိုင်ငံတော်တော် များ များမှာ ကျင့်သုံးနေပြီ။ အဲဒီလိုမျိုးတွေ အထိ ကျနော်တို့ မျှော်လင့်တယ်ပေါ့။ လောလောဆယ်တော့ စည်းရုံးလှုံ့ဆော်မှုတွေ (advocacy) လုပ်နေရဆဲပဲ ဖြစ်ပါတယ်။

မေး။ ။ စက်တင်ဘာ လကုန်ပိုင်းက မသန်စွမ်းတွေ အတွက် ပြေးဆွဲပေးတဲ့ ယာဉ်လိုင်းကဆိုရင် အစ်ကိုတို့ ဆွေးနွေးမှုရဲ့ ရလဒ်တခုလို့ ပြောလို့ရလား။

ဖြေ။ ။ တစိတ်တဒေသ သက်ရောက်မှု ရှိတယ်လို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ မနှစ်လောက်က စပြီးတော့ ဒါတွေကို ကျယ်ကျယ်လောင်လောင် ပြောလာတယ်။ ကျနော်တို့ တိုင်းဒေသကြီး အဖွဲ့နဲ့ ဆွေးနွေးမှုတွေ လုပ် တယ်။ စည်ပင်ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့လည်း ဆွေးနွေးမှုတွေ လုပ်တယ်။ YRTA နဲ့လည်း တွေ့ဆုံ ဆွေးနွေးမှု တွေ လုပ်တယ်။ အဲဒီရဲ့သက်ရောက်မှုကလည်း တစိတ်တဒေသတော့ ပတ်သက်နေမှာပါ။

သူ့ဘာသာ သီးခြားကြီးတော့ ထ လုပ်တာထက် ကျနော်တို့က ဒါလေး Message ပေးထားတော့ သူတို့လုပ်ဖို့ တွန်းအား ဖြစ်သွားတာပေါ့။ မြို့တော်ရဲ့ bus ကို ဖော်ဆောင်တဲ့ အခါမှာ ဂုဏ်သိက္ခာအရလည်း ကောင်းတယ် ဒီလိုလူတွေ အတွက် လည်း ထည့်စဉ်းစားတယ် ဆို တော့ Value added ဖြစ်သွားတာပေါ့။ သမာရိုးကျ စဉ်းစားတာ မဟုတ်တော့ဘဲနဲ့ ထူးကဲ သွားတာမျိုး ဖြစ်သွားတာပေါ့။

မေး။ ။ အရင် မထသ ခေတ်မှာလည်း မသန်စွမ်းတွေ အတွက် ဆိုပြီး ကားလိုင်းပြေးဆွဲပေးတာ ရှိခဲ့တယ်။ ဒါပေမယ့် ရေရှည် အလုပ်မဖြစ်ဘူး အဲဒီလို မဖြစ်အောင် ဘယ်လို လုပ်သင့်တယ်လို့ အကြံပေးချင်လဲ။

ဖြေ။ ။ အဲဒါလည်း အစကတော့ ချောင်ချောင်ချိချိပေါ့။ နောက်ကျတော့ ကြားခုံတွေ ထိုးတာတို့ ခုံတွေ ပြွတ်သိပ်ပြီးတော့ Local made လုပ်လိုက်တဲ့ အခါမှာ ကျနော်တို့ စီးလို့မရတော့ဘူး။ ရွှေဧည့်သည် ခေတ်ကလည်း မှန်ပါတယ်။ စာတန်းတွေ ဆိုင်းဘုတ်တွေ တပ်ပြီးတော့ လုပ်တာပေါ့နော်။ အခုလည်း ကျနော်တို့က စိတ်ပူပါတယ်။

အခု နောက်ပိုင်း ကုမ္ပဏီတွေ ကတော့ ကျင့်ဝတ်ပိုင်းကို အလေးထားလာမယ်လို့ မျှော်လင့်တယ်။ အရင်တုန်းက မထသ ဆိုတာက ယှဉ်ပြိုင်ရတာလေ။ ဒါပေမယ့် ဒီဘက်ခေတ်မှာတော့ သိက္ခာနဲ့ သက်တောင့်သက်သာ ဖြစ်တဲ့ သယ်ယူ ပို့ဆောင် ရေး စနစ်ကို သွားတော့ တဖက်ကလည်း ထိန်းကျောင်းကြပ်မတ်မယ့် YRTA လို အဖွဲ့အစည်းတွေ ရှိတယ်။ စည်းတွေ ဘောင်တွေ ရှိတယ်။ ဒါကတော့ တည်မြဲမယ်လို့ မျှော်လင့်တယ်။ တခု စိုးရိမ်တာကတော့ ထိုင်ခုံတွေ ထပ်ထည့်တာတို့ မြို့ သူမြို့သားတွေက စည်းမရှိ ကမ်းမရှိ လုပ်တဲ့အခါမှာ ရည်ရွယ်ချက်က ပျက်စီးသွားတာမျိုးတော့ စိတ်ပူပါတယ်။

မေး။ ။ အဲဒီတော့ ရှေ့လျှောက်မှာ မသန်စွမ်းတွေ အတွက် ထည့်သွင်းစဉ်းစားလာတဲ့ အခြေအနေမျိုးရောက်ဖို့ ဘာတွေ လုပ်ကြရမလဲ။

ဖြေ။ ။ အခု နေပြည်တော်မြို့တော်ကို တည်လိုက်တာမှာ ကျနော်တို့ တော်တော် နှမြောတယ်။ ဝန်ကြီးရုံး တရုံးတရုံးကို သန်းပေါင်းများစွာ အကုန်အကျခံပြီး ဆောက်ခဲ့တာ။ အသစ်တည်ဆောက်တဲ့ အခါမှာ ကျနော်တို့ မသန်စွမ်းတွေ အပါ အဝင် သက်ကြီးရွယ်အိုတွေရော လူတိုင်း ပါသွားစေချင်တာ။ ဒါပေမယ့် အဲဒါ မပါလာတဲ့ အခါကျတော့ တော်တော် ဝမ်းနည်းစရာ ကောင်းတယ်။

ဒါကို ပါဖို့ ပြောကြအခါမှာလည်း တချို့တွေမှာ အတွေးအမြင်တွေ ရှိတာပေါ့။ နိမိတ်မရှိ နမာမရှိပေါ့။ ဒါထည့်ရင် မကောင်း ဘူးလို့ ဒါမျိုးတွေကို တချို့တွေက မသိစိတ်က တွေးကြမှာပေါ့။ ဒါမျိုးတွေက ကျနော်တို့တွေကို အတားအဆီးတွေ ဖြစ်စေ တယ်။ ဝန်ကြီးရုံးမှာ အသက်ကြီးတဲ့ ဝန်ထမ်းတွေ ဖြစ်လာမယ် ဆိုရင် တော်တော်လေး အခက်အခဲ ဖြစ်မယ်ပေါ့။ အားလုံး အတွက် အဆင်ပြေတဲ့ ဒီဇိုင်းတွေက ရုံးတွေရဲ့ ထိပ်တန်း ဦးစားပေးထဲမှာ ရှိမနေသေးဘူးပေါ့။ မြို့တော်စည်ပင်ရဲ့ အများ ပြည်သူနဲ့ ပတ်သက်တဲ့ အဆောက်အအုံတွေ တည်ဆောက်တဲ့အခါမှာ မူဝါဒ ခွင့်ပြုမိန့်တွေ ချပေးတဲ့ အခါမှာ ဒီမူဝါဒတွေ ပါ စေချင်တယ်။

ဥပမာ အများပြည်သူသုံး ရုပ်ရှင်ရုံ ၁ ရုံဆောက်ဖို့ တင်လိုက်တယ်ပေါ့။ ဒါမှမဟုတ် အများပြည်သူသုံးတဲ့ ဈေးဝယ်စင်တာ တင်လာတဲ့ အခါမှာ စည်ပင်က စစ်ဆေးတဲ့ အချက်တွေထဲမှာ ရေစနစ်တွေ ကောင်းရမယ် မိလ္လာစနစ်တွေ ကောင်းရမယ်။ သူတို့စစ်တဲ့ အချက်တွေ ရှိတာပေါ့။ ပတ်ဝန်းကျင် ထိခိုက်မှု မရှိရဘူး။ မသန်စွမ်းများ အဆင်ပြေစွာ သွားလာနိုင်မှု (Disability friendly) ဖြစ်မှု ၊ မဖြစ်မှုကို ထည့်စစ်ပေါ့။ အဲဒီအချက် မပါရင် ဆောက်မိန့် ချမပေးနဲ့။ အဲဒါဆို သက်ဆိုင်ရာ လုပ်ငန်းရှင်ကလည်း လုံးဝကို ပြန်ပြင်မှာ ပါအောင် ထည့်ဆောက်မှာပေါ့။

ဥပမာ တံခါးတွေ ကျဉ်းနေတယ် ဆိုရင် နည်းနည်းချဲ့ပေးပါလို့ ပြောလို့ရတယ်။ Toilet ၄ လုံး လောက် ဆောက်တယ်။ ၁ လုံးက ဝှီးလ်ချဲဝင်လို့ ရအောင် နည်းနည်းလေး ချဲ့ပေးပါ ဆိုတာမျိုးပေါ့။ နားမကြားတွေ အတွက် လမ်းညွှန် Sign mark တွေကို ပိုပြီးထင်သာမြင်သာ ရှိအောင် လုပ်ဖို့ စသဖြင့် ကုန်ကျစရိတ်နည်းနည်းနဲ့ လုပ်လို့ရတာတွေ ရှိတယ်။ အဲဒါတွေကို ပေါ်လစီထဲ ထည့်ပြီးတော့ လုပ်စေချင်တယ်။

အဲဒီလိုမရှိတဲ့ အခါကျတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ တချို့က ကျနော်တို့ တခါ Complain ကြုံဖူးတယ်။ သူတို့လာပြီး ရင်းနှီးမြှုပ်နှံတဲ့ အခါမှာ ဒီလို အဆောက်အအုံတွေ ဆောက်တဲ့ အခါမှာ အဲဒါတွေပါဖို့ ကျနော်တို့က တိုက်တွန်းတာပေါ့။ ဒါပေမယ့် သူတို့က ဘာပြောလဲဆိုတော့ မင်းတို့နိုင်ငံမှာ ပေါ်လစီ ရှိလားတဲ့။ ကျနော်တို့ နိုင်ငံမှာ မရှိဘူး။ သူတို့က ဥပဒေနဲ့ ပေါ်လစီရှိရင် ဘာမဆို လုပ်တယ်ပေါ့။ မရှိတဲ့ အခါကျတော့ သူတို့က အနေသာကြီးပေါ့လေ။

သူတို့ နိုင်ငံတွေမှာဆို အရမ်းကို မသန်စွမ်း အဖွဲ့အစည်းကိစ္စ လေးစားတယ်။ ကျနော်တို့ဆီမှာ လာဆောက်တော့ အဆင် မပြေဘူး။ ပြောရင် ကျနော်တို့ဆီမှာ ဥပဒေ ပေါ်လစီ မရှိလို့ ဆိုတဲ့ အချက်နဲ့ ကိုင်ပေါက်တာပေါ့။ ဒါကြောင့်မို့လို့ ဥပဒေနဲ့ ပေါ်လစီရှိခြင်းက Guideline ဖြစ်ရုံ သာမကဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေ အတွက် ဥပဒေ လေးစား လိုက်နာပြီးတော့ ကျနော်တို့ အတွက် အဆင်ပြေအောင် လုပ်ပေးနိုင်မယ့် အလားအလာတွေ အများကြီး ရှိတာ။

တဖက်ကလည်း ပြည်တွင်းက လုပ်ငန်းရှင်တွေ ကလည်း ဒါကို ဂုဏ်သိက္ခာအနေနဲ့ လုပ်ကြမှာပေါ့။ လူ့ကျင့်ဝတ် အနေနဲ့ လုပ်ကြမယ့်သူတွေ အများကြီး ရှိပါတယ်။ အဲဒီအတွက်ကို မူဝါဒ ကြီးကြီးမားမား လိုတယ်လို့ ပြောချင်ပါတယ်။ အထူး သဖြင့် စည်ပင်က ချပေးရမယ် ဆောက်လုပ်ရေး ဝန်ကြီးဌာနကနေ ချပေးရမယ်ပေါ့။

မေး။ ။ ဒီလို ပေါ်လစီတွေ ချဖို့ကိုရော တာဝန်ရှိသူတွေနဲ့ တိုက်တိုက်တွန်းတွန်း ပြောတာမျိုး ရှိလား။

ဖြေ။ ။ မသန်စွမ်းသူများ အခွင့်အရေး ဥပဒေ ပြဋ္ဌာန်းတုန်းကလည်း ကျနော်တို့ တိုက်တိုက်တွန်းတွန်းကို ပြောတာ။ ဒါတွေ ကို မလုပ်ရင် အရေးယူဖို့ အဆင့်ထိ ပြစ်ဒဏ်တွေ ထည့်ဖို့ အထိပါ ပြောတာပေါ့။ ထိုစဉ်အချိန်က လွှတ်တော် ကိုယ်စား လှယ်တွေက ကျနော်တို့ရဲ့ တင်ပြချက်တွေကို အခန်းတခန်း အနေနဲ့ ထည့်ပြဋ္ဌာန်းတယ်။ ဒါပေမယ့် အဲဒါတွေ မဆောင် ရွက်ရင်ဆိုတဲ့ ပြစ်ဒဏ်ကို မထည့်ခဲ့ဘူး။

ဘာဖြစ်လို့လဲဆိုတော့ ဒါက လူမှုရေးလို့ ဖြစ်နေတော့ ပြစ်ဒဏ်တွေ သွားလုပ်ရင် အဆင်မပြေဘူး ဆိုတော့ ကျနော်တို့ အနေနဲ့ ကျေနပ် အားရမှု မရှိဘူး။ ပြစ်ဒဏ်တွေ မပါသော ဥပဒေ ဖြစ်တဲ့အခါကျတော့ ဘယ်သူမှ မလုပ်ရင်လည်း ရတယ် ဆိုတဲ့ ကိစ္စတွေ ဖြစ်နေတာပေါ့။ ဥပဒေနဲ့ ပတ်သက်ပြီးတော့ တိုက်တိုက်တွန်းတွန်း လုပ်ခဲ့တယ်။ မျှော်လင့်ချက် ရလဒ် ကတော့ ထွက်မလာဘူးပေါ့။ နောက် တခုကတော့ မသန်စွမ်း ဥပဒေကတော့ ရှိပြီး ပြစ်ဒဏ် မပါဘူး။

အဲဒီတော့ အများအတွက် သယ်ယူပို့ဆောင်ရေး လုပ်ရင်ပေါ့။ အဲဒီအတွက် သီးသန့် ပြဋ္ဌာန်းထားတဲ့ ဥပဒေပေါ့။ အဲဒီလိုမျိုး တခုဖြစ်လာတဲ့အထိ ကျနော်တို့ ဆောင်ရွက်ဖို့ စဉ်းစားနေတာ ရှိပါတယ်။ ဒါက လွှတ်တော်နဲ့ ပူးပေါင်း ဆောင်ရွက်သွားရ မယ့် နောက်ဆက်တွဲ ကိစ္စတွေပါ။

မေး။ ။ မသန်စွမ်းတွေ အတွက် ထည့်သွင်း စဉ်းစားပေးမှု အပိုင်းမှာ အားနည်းချက် ရှိနေတာက ဘာကြောင့်လို့ ထင်မြင် ယူဆမိလဲ။

ဖြေ။ ။ အစိုးရ ဌာနဆိုင်ရာတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ဖွံ့ဖြိုးရေး လုပ်နေတဲ့ အဖွဲ့အစည်းတွေက အကြောင်း ပြချက်ကတော့ အမျိုးမျိုးပေးကြတာပေါ့။ အများစု တွေ့ရတာကတော့ ပိုက်ဆံ မရှိလို့၊ နိုင်ငံ ဆင်းရဲလို့၊ ဦးစားပေးတွေ များ လွန်းလို့ မင်းတို့က ခဏနေပါဦးပေါ့။ အဲဒီလိုတွေ ဖြစ်နေတော့ ကျနော်တို့ဘက်က တခွန်းတည်းပဲ ပြောတာပါ၊ ကျနော်တို့ အလှည့် ဘယ်တော့ ရောက်မှာလဲ ဆိုတဲ့ ကိစ္စပေါ့။

ဘာဖြစ်လို့လဲဆိုတော့ မသန်စွန်းမဟုတ်တဲ့သူတွေရဲ့ လိုအင် ဆန္ဒတွေ ပြည့်စုံတော့မှပဲ မသန်စွမ်းတွေ အတွက် လုပ်ပေး မယ်ဆိုရင် သန်စွမ်းသူတို့တွေရဲ့ လိုအင်ဆန္ဒက ဘယ်တော့ပြည့်မှာလဲ ဆိုတာ မေးခွန်းထုတ်နေတာပေါ့။ သူတို့အတွက် ကိစ္စဝိစ္စတွေ အကုန်ဆောင်ရွက်ပြီးလို့ ပြည့်စုံတော့မှပဲ ကျန်တဲ့သူတွေအတွက် စဉ်းစားမယ်ဆိုရင်တော့ နိုင်ငံ ဦးဆောင် နေတဲ့ သူတွေက မေတ္တာတရား ခေါင်းပါး တယ်လို့ ကျနော်ကတော့ ခဏခဏ ပြောတာပေါ့။

နိုင်ငံတော်ရဲ့ ဘတ်ဂျက်၊ သယံဇာတ၊ အခွန်တွေ ဒီဝင်ငွေတွေကို မျှဝေသုံးစွဲတဲ့ အခါမှာ တိုင်းသူပြည်သားတွေ အတွက် မျှအောင် စဉ်းစားသင့်တယ်။ အဲဒီလိုမှ မဟုတ်ဘဲနဲ့ မင်းတို့ မသန်စွမ်းတွေက ခဏနေဦး ငါတို့ အတွက် အရင် သုံးလိုက် ဦးမယ် ဆိုရင်တော့ ကျနော်တို့ နိုင်ငံက မေတ္တာတရား ခေါင်းပါးတဲ့ နိုင်ငံ ဖြစ်သွားမှာပေါ့။ အဲဒါကြောင့်မို့ တပြိုင်နက်တည်း ထည့် လုပ်စေချင်တာပေါ့။

ဘာပဲလုပ်လုပ် နည်းနည်းလေးပဲ ပါသွားပါသွား အစိတ်အပိုင်းလေး တခုအနေနဲ့ ဖြစ်လာရင် ကျနော်တို့က နောက်ကျန် ခဲ့တယ်ဆိုတာ မရှိတော့ဘူးလေ။ ဒါကြောင့် အစိုးရဌာန ဆိုင်ရာတွေ Policy maker တွေ အဓိကကတော့ အတွေးအခေါ် ပါပဲ။ လုပ်ပေးဖို့ လိုအပ်တယ် လုပ်ပေးဖို့ အရေးကြီးတယ် ထည့်ပြီးတော့ လုပ်ကိုလုပ်ရမယ်ဆိုတဲ့ mind set ရှိရင် ထည့် လုပ်မှာပါ။ အဲဒီလိုမှ မဟုတ်ရင် သူတို့က အကြောင်းပြချက် မျိုးစုံ ပေးနေမှာပဲ။ ဘယ်တော့မှ အလှည့်ကို ရောက်မှာ မဟုတ် ဘူး။

မေး။ ။ ဖြည့်စွက်ပြောချင်တာ ရှိသေးလားရှင့်။

ဖြေ။ ။ မသန်စွမ်းတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင် သားသည်မိခင်တွေ လူတိုင်းအတွက် ထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးခြင်းက တနည်းအားဖြင့် ဂုဏ်သိက္ခာနဲ့လည်း ဆိုင်တယ်။ လူအဖွဲ့အစည်းတခုရဲ့ ဂုဏ်သိက္ခာပေါ့။ ကျနော်တို့ လူ့အဖွဲ့အစည်း တခုဟာ ခွဲခြား ဆက်ဆံမှုတွေ များသလား နည်းသလား ဆိုတာ မသန်စွမ်းတွေရဲ့ နေ့စဉ်ဘဝနဲ့ တိုင်းတာ လို့ ရတယ်။

လူ့အဖွဲ့အစည်းတခုက မသန်စွမ်းတဲ့သူတွေကို ခွဲခြားဆက်ဆံနေတုန်းပဲ။ သူတို့ကို အရေးမကြီးဘူးလို့ သူတို့ကို နောက်မှာပဲ အမြဲ ချန်ထားတယ်။ အဲဒီလိုပဲ စိတ်ထားရှိနေတဲ့ လူ့အဖွဲ့အစည်းတခုဟာ ရေရှည်အတွက်လည်း မကောင်းနိုင်ဘူးပေါ့။ ဒါကြောင့် ဖွံ့ဖြိုးလာတဲ့ နိုင်ငံတွေရဲ့ တိုင်းတာမှုက လူသားဆန်မှုနဲ့ပဲ တိုင်းတာလာကြတယ်။ အရင်တုန်းကလို မိုးမျှော် တံ တားကြီး ဘယ်နှစင်းရှိလဲ၊ ခေတ်မီတိုက်ကြီး ဘယ်နှလုံးရှိလဲ အဲဒါတွေနဲ့ မတိုင်းတော့ဘူး။ လူသားတွေရဲ့ လူသားဆန်မှု စိတ်နဲ့ တိုင်းတာလာကြတာပေါ့။

ဒါကြောင့် ကျနော်တို့ဟာ လူ့အဖွဲ့အစည်းမှာ အကောင်းဆုံးသော အညွှန်းပြကိန်းတွေ ဖြစ်နေတာပေါ့။ မြို့တော် တိုးတက် လာပြီလား လူနေမှု အဆင့်အတန်းတွေ ထွန်းကားလာပြီလား။ အများပြည်သူ သယ်ယူပို့ဆောင်ရေး အစီအစဉ်တွေမှာ ကျင့်ဝတ် အရတို့ လူသားဆန်မှုတို့ ပိုပြီးတော့ အားကောင်းလာပြီလား ဆိုတာ နိစ္စဓူဝ သွားလာနေတဲ့ မသန်စွမ်းတွေ အပေါ်မှာ မြို့နေပြည်သူလူထုက ဘယ်လိုကြည့်သလဲ၊ ဘယ်လို ဆက်ဆံလဲ၊ ဘယ်လို သဘောထားလဲဆိုတာ အပေါ် မူတည်ပြီးတော့ လူ့ အဖွဲ့အစည်းတွေကို အကဲဖြတ်လို့ ရတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading