အလုပ်သမားများကို ကန်ထရိုက်စနစ်ဖြင့် ခေါ်ယူအသုံးပြုနေသည့် မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန်မှ CJ Myanmar တိရစ္ဆာန်အစာစက်ရုံ ဝင်ပေါက်အား ပိတ်ဆို့ ဆန္ဒပြနေသည့် အလုပ်သမားသပိတ်မှာ ယနေ့တိုင် ပြေလည်မှု မရသေး ကြောင်း သိရသည်။
အဆိုပါ စက်ရုံမှာ ယခင်က တရက်လျှင် မနက်ပိုင်း ဆင်းပါက ကျပ် ၆၅ဝဝ၊ ညပိုင်းဆင်းလျှင် ကျပ် ၇ ထောင် ပေးကြောင်း၊ ယခုအခါ ဥပဒေပါ အခြေခံလုပ်ခနှုန်း ဖြစ်သည့် ၄၈ဝဝ ကျပ်နှင့် အပိုကြေး ၇ဝဝ ကျပ်ပေးမည်ဟု ဆိုကြောင်း၊ ထိုအပြင် အချိန်ပိုကြေးကို ၁ နာရီ ၁၂ဝဝ ကျပ်အပြင် စနေနေ့ကို နေ့တဝက်၊ တနင်္ဂနွေနေ့ကို ပိတ်ရက်အဖြစ် သတ်မှတ်မည်ဟု စက်ရုံဘက်မှ ဆိုလာရာ အလုပ်သမားတချို့က လက်မခံခဲ့ကြောင်း သိရသည်။
ထို့အတွက် ကန်ထရိုက်နှင့် စက်ရုံတို့မှ သဘောမတူညီခြင်းကြောင့် အလုပ်သမား ၃၆ ဦးက အလုပ်မဆင်းရာ ကန်ထရိုက်မှ တခြားသူများနှင့် အစားထိုးသဖြင့် အောက်တိုဘာ ၂၉ ရက်က စက်ရုံဝင်ပေါက်များကို ပိတ်ဆို့ သပိတ်စခန်းဖွင့်ကာ ၎င်းတို့ လုပ်ငန်းခွင် ပြန်ဝင်ခွင့်ပေးရေး၊ မူလတာဝန် ပြန်ခန့်ထားရေး နှင့် လုပ်ခနှုန်းကိုလည်း ယခင် ၆၅ဝဝ၊ ၇ဝဝဝ ကျပ်များ အတိုင်းသာ ပေးရေး တောင်းဆိုခဲ့ခြင်းဖြစ်သည်။
သပိတ်စခန်းဖွင့် ဆန္ဒပြနေကြသူများထဲတွင် ထိုစက်ရုံမှာပင် လုပ်သက်၂ နှစ်နီးပါး ရှိနေသည့် လုပ်သား များ ပါဝင်နေသလို ၆ လကျော် လုပ်သက်ရှိသူများလည်း ပါဝင်ကာ အလုပ်သမားအင်အား ၆၀ နီးပါး ရှိကြောင်း သိရသည်။
စက်ရုံဘက်မှ ပြန်မခန့်နိုင်ကြောင်း၊ နောက်ဆုံး ပြန်ခန့်မည်ဆိုပါက ယခင်နေရာများတွင် မဟုတ်ဘဲ ကုန်တင်ကုန်ချ နေရာ တွင်သာ လုပ်ကိုင်ရမည်ဟု ပြောဆိုခဲ့ကြောင်း အလုပ်သမားများ ဘက်မှ လိုက်ပါ ကူညီနေသည့် မြန်မာနိုင်ငံ စက်မှု လက် မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (MICS) စည်းရုံးရေးမှူး ကိုထက်အောင်က ပြော သည်။
“စက်ရုံတွင်းက စည်းကမ်း မလိုက်နာရင် ထုတ်ပါ။ အခုက မတရားထုတ်ခံရတာ။ သူတို့က တင်းမာနေဆဲဆို ကျနော်တို့က ဒီထက်ပိုပြီး လုပ်သင့်တာကို လုပ်ရလိမ့်မယ်။ တခြား သမဂ္ဂဝင်တွေ အင်အား ထပ်ဖြည့်ချင် ဖြည့်မယ်။ သံရုံးရှေ့ သွားပြော ချင်လည်း ပြောမယ်” ဟု ဆိုသည်။
ယခုလို စက်ရုံ ဝင်ပေါက်များကို ပိတ်ဆို့ပြီး သပိတ်စခန်း ဖွင့်ထားရခြင်းမှာ စက်ရုံအတွင်း အလုပ်ရှုပ်ခြင်း၊ လုပ်ငန်းနှောင့် နှေးခြင်းများ ဖြစ်လာပါက မိမိတို့၏ တောင်းဆိုမှုကို အမြန်ဆုံး စဉ်းစားကာ လိုက်လျောစေချင်သော ရည်ရွယ်ချက်ဖြင့် ပြု လုပ်ခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။
“ကျနော်တို့ကို တရားစွဲမလား။ စွဲပါစေ။ သူတို့က ဥပဒေအတိုင်း လုပ်ကြပါ၊ ဥပဒေနဲ့ချည်း ပြောနေတယ်။ ကျနော်တို့ ဒီလုပ်သားတွေဘက်ကျ ဘာဖြစ်လို့ ဥပဒေနဲ့ အညီ အရင်ကတည်းက ခံစားခွင့်ရအောင် မလုပ်ပေးခဲ့ တာလဲလို့ ဒီနေရာ ကနေ အလုပ်ရှင်တွေကို မေးချင်တယ်” ဟု သူက ပြောဆိုသည်။
စက်ရုံတွင် လုပ်သက် ၉ လကျော်ရှိနေပြီ ဖြစ်သည့် ကိုမြတ်မင်းသူကလည်း မိမိတို့အနေဖြင့် စက်ရုံက တိုက်ရိုက် အလုပ် ခေါ်ပြီး လျှောက်လွှာများ၊ ထောက်ခံစာများ တင်ပြခဲ့ပြီးမှ အလုပ်လုပ်ခဲ့ရခြင်း မဟုတ်သလို အလုပ်ရှင်မှ ကန်ထရိုက်၊ ကန်ထရိုက်ကတဆင့် ၎င်းတို့ကို ခေါ်ခိုင်းသည့် ပုံစံမျိုးဖြင့် လုပ်ခဲ့ခြင်းဟု ဆိုသည်။
ကိုမြတ်မင်းသူက “ကျနော်တို့ကို လာခေါ်တယ်ဗျာ။ အလုပ်ရှိတယ်ပေါ့။ ခေါ်တဲ့ ကန်ထရိုက်နဲ့ရော၊ စက်ရုံဘက်နဲ့ရော ဘာ သဘောတူ စာချုပ်မှ မချုပ်ခဲ့ဘူး။ အဲဒီလို လုပ်ရမယ်ဆိုတာလဲ ကျနော်မသိဘူး။ ကျနော်က အလုပ်လုပ်ဖို့ပဲ လာတာ” ဟု ဆိုသည်။
စက်ရုံဘက်မှလည်း အလုပ်သမား ၆ ဦးကို စက်ရုံရှေ့ ပိတ်ဆို့ထားမှုနှင့် တိုက်ချက်ဖွင့်ထားကြောင်း သိရသည်။
ကိုရီးယားနိုင်ငံ ကုမ္ပဏီဖြစ်သည့် CJ Myanmar စက်ရုံသည် အလုပ်သမားများ အသုံးပြုရာတွင် ပြင်ပအလုပ်သမား အကျိုး ဆောင် အေဂျင်စီ(ကန်ထရိုက်)ထံမှသာ ၃ လ တကြိမ် ကန်ထရိုက်စနစ်ဖြင့် ခေါ်ယူ အသုံးပြုနေသည့် အပြင် ဝင်ရောက် လုပ်ကိုင်သော အလုပ်သမားများနှင့် အလုပ်ရှင်၊ အလုပ်သမား လုပ်ငန်းခွင် သဘောတူစာချုပ် (EC)ကို ချုပ်ဆိုထားခြင်း မရှိ သည်ကို တွေ့ရှိရကြောင်း အောက်တိုဘာ ၃၁ ရက်က ညှိနှိုင်းရေး ပြုလုပ်ရာတွင် ပါဝင်ခဲ့သည့် မှော်ဘီမြို့နယ် တိုင်းဒေသ ကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်းက ပြောသည်။
ကန်ထရိုက်နှင့် စက်ရုံတို့ကြား မည်သည့် သဘောတူညီချက်ဖြင့် ယခုလို ခေါ်ယူ အသုံးပြုနေခြင်း မသိသော်လည်း ၃ လ ပြည့်သည့်အခါ ထို အလုပ်သမားများပင် ဆက်လက် အသုံးပြုနေကြောင်း၊ ၃ လတကြိမ် လုပ်ထားခြင်းက အလုပ်သမား ဥပဒေကို လက်တလုံးခြားကာ အလုပ်သမားများကို ဥပဒေပါ အခွင့်အရေးများ မပေးချင်သည့် သဘောမျိုး တွေ့ရသည်ဟု ၎င်းက ဆက်ပြောသည်။
ဦးအောင်ဆန်းဝင်းက “EC စာချုပ် မချုပ်လေ အလုပ်ရှင်က ကြိုက်လေပဲ။ နောက်ပြီး အေဂျင်စီစနစ်နဲ့ လုံခြုံရေး အဖွဲ့တွေ လုပ်တာ ရှိပါတယ်။ ဒါပေမယ့် စာချုပ်တွေနဲ့။ ဒီမှာက နီးစပ်ရာ အလုပ်သမား ခေါ်ခိုင်းတာ။ ဒီလိုလုပ်တာကို အစ်ကိုတို့ လက်မခံနိုင်ဘူး။ စက်ရုံအခြေအနေအရ အမြဲတမ်း အလုပ်မပေးနိုင်ရင်တောင်မှ ဒီလို အခြေအနေ ရှိတယ်၊ ဒီစည်းကမ်း တွေဆိုတာမျိုးနဲ့ စာချုပ်တော့ ချုပ်ကိုချုပ်ရမှာ” ဟု ဆိုသည်။
ထို့ပြင် ၎င်းက “အဲဒီလို စာချုပ်မချုပ်ထားတော့ တကယ်လို့ လုပ်ငန်းခွင်ထဲမှာ တစုံတခု ထိခိုက်ဒဏ်ရာရပြီး အရေးပေါ် တခုခု ဖြစ်ပြီဆို ဘယ်သူက တာဝန်ခံမှာလဲ။ စက်ရုံက တာဝန်ခံရမှာလား။ ကန်ထရိုက်က တာဝန်ခံမှာလား။ ကန်ထရိုက် သာဆို ထွက်ပြေးမယ်ဆို ဘယ်လိုလုပ်မလဲ။ ကန်ထရိုက်ဆိုရင်တောင် ကန်ထရိုက်နဲ့ စာချုပ် ချုပ်ကို ချုပ်ရမယ်။ ကျနော် တို့ နိုင်ငံက အလုပ်သမား ဥပဒေမှာ အလုပ်သမား ခန့်ထားရေးမှာ ကန်ထရိုက်စနစ်နဲ့ လုပ်ခွင့်ရှိတယ်လို့လဲ မပါသလို လုပ်ခွင့်မရှိဘူးလို့လဲ မပါဘူး” ဆက်လက် ပြောဆိုသည်။
အဆိုပါ အငြင်းပွားမှုနှင့် ပတ်သက်ပြီး CJ Myanmar စက်ရုံ၏လုံခြုံရေး ဝန်ထမ်းမှ တဆင့် သက်ဆိုင်ရာ တာဝန်ရှိသူနှင့် တွေ့ဆုံခွင့်ရရန် ပြောဆိုခဲ့သော်လည်း နာရီဝက်ခန့် အကြာတွင် သွားအကြောင်း ကြားပေးသည့် လုံခြုံရေးမှ တာဝန်ရှိ သူများ မရှိကြောင်း ပြန်ပြောသဖြင့် စက်ရုံ၏ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းနိုင်ခဲ့ခြင်း မရှိခဲ့ပေ။