Human Rights

မြန်မာ စစ်ကောင်စီကို ဖိအားပေးရန် လုံခြုံရေးကောင်စီကို အမေရိကန် တိုက်တွန်း

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်း ပြန်လျှောက်ရေးနှင့် စစ်ကောင်စီ၏ အကြမ်းဖက်မှု ရပ်ဆိုင်းရေးအတွက် ဖိအားပေးရန် အမေရိကန် အဆင့်မြင့်အရာရှိတဦးက လုံခြုံရေးကောင်စီကို ကြာသပတေးနေ့တွင် တိုက်တွန်းလိုက်ပြီး ကိုဗစ်နိုင်တင်း ကူးစက်မှုမြင့်မားလာခြင်းနှင့် ငတ်မွတ်ခေါင်းပါးမှု တိုးလာခြင်းနှင့်ပတ်သက်ပြီး “ မိမိတို့နှောင့်နှေးနေသမျှ မြန်မာပြည်သူများ သေဆုံးနေမည်” ဖြစ်ကြောင်း သတိပေးလိုက်သည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် လက်ထောက်သံအမတ် ဂျက်ဖရီ ဒီလော်ရင်းတစ်က မြန်မာနိုင်ငံသည် လွန်ခဲ့သော ၆ လက အာဏာသိမ်းချိန်မှ စတင်ပြီး စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် အုပ်ချုပ်ရေး ချို့ယွင်းမှုများကြောင့် ကိုဗစ်နိုင်တင်း ကူးစက်မှုမြင့်မားနေသောကြောင့် ယိမ်းယိုင်နေပြီး ကြီးထွားနေသော ကျန်းမာရေးကပ်ဘေးကို ရင်ဆိုင်နေရကြောင်း ပြောကြားလိုက်သည်။ စစ်တပ်က နောက်ဆက်တွဲ အကြမ်းဖက်မှုများနှင့် ဖြိုခွဲမှုများကြောင့် လူသိန်းချီနေရပ်စွန့်ခွာထွက်ပြေးရပြီး နောက်ထပ် လူ ၂.၈ သန်းသည် အစားအစာ မလုံမလောက်ဖြစ်နေကြောင်း သူပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးသူ တွမ် အင်ဒရူးက လုံခြုံရေးကောင်စီက စစ်ကောင်စီကို အရေးယူရန်နှင့် ကိုဗစ်နိုင်တင်း ကူးစက်သေဆုံးမှုများကြောင့် အရေးပေါ် ကိုဗစ်နိုင်တင်း အပစ်အခတ်ရပ်စဲရန် လုံခြုံရေးကောင်စီနှင့် အဖွဲ့ဝင် ၁၉၃ နိုင်ငံကို တောင်းဆိုပြီး နှစ်ရက်အကြာတွင် အမေရိကန် သံအမတ်က အထက်ပါအတိုင်းတောင်းဆိုခြင်းဖြစ်သည်။

“ မြန်မာနိုင်ငံမှာ မလိုအပ်ဘဲ လူတွေ အများကြီး သေနေပြီး ကုလသမဂ္ဂက အရေးမယူရင် နောက်ထပ်အများကြီး သေဦးမယ်။ ကုလသမဂ္ဂအနေနဲ့ ကိုဗစ်နိုင်တင်း အကျပ်အတည်းအတွင်း ဆရာဝန်တွေနဲ့ သူနာပြုဆရာမတွေက အသယ်ကယ်စောင့်ရှောက်မှု ပေးနိုင်အောင်၊ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ကာကွယ်ဆေးနဲ့ သက်ဆိုင်ရာ ဆေးဝါးစောင့်ရှောက်မှု ပေးနိုင်အောင် စစ်ကောင်စီရဲ့ တိုက်ခိုက်မှု၊ ညှင်းပမ်းနှိပ်စက်မှုနဲ့ ဖမ်းဆီးမှုတွေ ချက်ခြင်းရပ်ဖို့ အရေးယူရမှာဖြစ်တယ်” ဟု အင်ဒရူးပြောသည်။

စစ်ကောင်စီသည် ဧပြီလက အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ထိပ်သီးစည်းဝေးပွဲတွင် ပေးခဲ့သော ကတိများကို လိုက်နာရန် စီစဉ်ထားခြင်း မရှိကြောင်း ပြောကြားထားသည်ဟုလည်း ဒီလော်ရင့်တစ်က လုံခြုံရေးကောင်စီ အလွတ်သဘောဆွေးနွေးပွဲတွင် ပြောသည်။ မြန်မာသည် အဖွဲ့ဝင် ၁၀ ဦးပါသော ASEAN အသင်းတွင် အဖွဲ့ဝင်ဖြစ်သည်။

“ဒါကြောင့် ကျနော်တို့က ဘာကိုစောင့်နေရမှာလည်း။ ဒီကောင်စီက နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ဖို့ ကျနော်တို့ရဲ့ စုပေါင်းတာဝန်ကို ပျက်ကွက်နေတယ်။ မြန်မာပြည်သူတွေအပေါ် တာဝန်ပျက်ကွက်နေတယ်။ ကျနော်တို့ ဒီထက်မက လုပ်ရမယ်။ ကျနော်တို့ အခုချက်ခြင်း ဒီထက်မက လုပ်ရမယ်” ဟု သူပြောသည်။

ASEAN ထိပ်သီးစည်းဝေးပွဲတွင် ခေါင်းဆောင်များက အကြမ်းဖက်မှုရပ်စဲရေး၊ အပြုသဘောတွေ့ဆုံဆွေးနွေးရေး၊ ASEAN အထူးသံတမန်ကို စေ့စပ်ညှိနှိုင်းသူအဖြစ် ခန့်အပ်ရေး၊ လူသားချင်းစာနာမှု အကူအညီနှင့် အထူးသံတမန် မြန်မာနိုင်ငံသို့သွားရောက်ရေးတို့ကို သဘောတူခဲ့သည်။

သို့သော် ထိုထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ပြီး နောက်တနေ့တွင် မြန်မာစစ်ကောင်စီခေါင်းဆောင် ဗ်ိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံ တည်ငြ်ိမ်သောအခါမှသာ ထိုအချက်များကို စဉ်းစားမည်ဖြစ်ကြောင်းပြောကြားပြီး မေလရောက်သောအခါ သူ့အနေဖြင့် ထို အချက် ၅ ချက်ကို အကောင်အထည်ဖေါ်နိုင်မည်ဟု မမြင်ကြောင်း တရုတ် ရုပ်သံတခုသို့ ပြောသည်။

“ASEAN ရဲ့အချက် ၅ ချက်ဟာ ကြီးမားတဲ့ခြေလှမ်းတွေလို့ ကျနော်တို့ ယူဆပေမယ့် လက်ရှိ ကျန်းမာရေးအကျပ်အတည်းက ပြင်းထန်တဲ့ အရေးယူမှု ချက်ခြင်းလိုအပ်နေတယ်”ဟု မြန်မာနိုင်ငံမြောက်ပိုင်းမှ ကချင်တိုင်းရင်းသားများအခွင့်အရေး ဆောင်ရွက်သူ ကချင်နိုင်ငံရေး ကြားဖြတ်ညှိနှိုင်းမှု ကော်မတီမှ ဂမ်ဆန်ဆန်းက လုံခြုံရေးကောင်စီသို့ ဗီဒီယိုဖြင့် ရှင်းလင်းတင်ပြရာတွင် ပြောသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတားရက်အနေဖြင့် ASEAN နှင့် တရုတ်အပါအဝင် အဓိက နိုင်ငံများနှင့် အစည်းအဝေးတခု ချက်ခြင်းခေါ်ယူပြီး လူမှုအသိုက်အဝန်းများအတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးရန်နှင့် လူသားချင်းစာနာမှု အကူအညီများပေးရန် သူတောင်းဆိုသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှု ပိတ်ပင်ရန်နှင့် မြန်မာနှင့် တရုတ်၊ အိန္ဒိယနှင့် ထိုင်း နယ်စပ်များတွက် မပျံသန်းရဇုန် သတ်မှတ်ရန်၊ စစ်အုပ်စု ထိပ်တန်းခေါင်းဆောင်များနှင့် နိုင်ငံပိုင် လုပ်ငန်းများကို အရေးယူရန်နှင့် အရပ်သားများကို ကျူးလွန်သော ရာဇဝတ်မှုများအတွက် မြန်မာနိုင်ငံကို နိုင်ငံတကာ ရာဇဝတ်တရားရုံးသို့ လွှဲပြောင်းပေးရန်လည်း သူတောင်းဆိုသည်။

စစ်တပ်ကို ဆန့်ကျင်သူများသည် ၎င်းတို့၏ ခုခံမှုတောင့်တင်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်များနှင့် မဟာမိတ်ဖွဲ့စည်းရန် တောင်းဆိုနေသည်။ အဓိကအားဖြင့် ခရစ်ယာန် ကချင်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အနည်းဆုံး ၂၀ တို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် မကြာခဏဆိုသလို လက်နက်ကိုင် တိုက်ပွဲဆင်နွဲနေကြသည်။

နာကျင်မှုများ၊ ဝေဒနာများ၊ ဖျားနာမှုများ၊ ရောဂါများ၊ အခက်အခဲများ ကြောက်မက်စရာများရှိသော်လည်း လှိုဏ်ခေါင်းတဖက်တွင် အလင်းရောင်ကိုမြင်နေရကြောင်း သူဆက်လက်ပြောကြားသည်။

“ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုက နိုင်ငံကို အမျိုးသားညီညွတ်ရေး လမ်းကြောင်းပေါ်ကို အလျှင်အမြန် တင်ပေးလိုက်တယ်။ လူမျိုးစုနဲ့ ဘာသာရေး အသိုက်အဝန်းတွေအကြား သွေးစည်းချစ်ကြည်မှုက အမြင့်မားဆုံးအဆင့်ကို ရောက်သွားတယ်။ ကချင်ပြည်နယ်မှာဆိုရင် စစ်အာဏာသိမ်းမှုမတိုင်ခင်က တွေ့နေရတဲ့ လူမျိုးရေးတင်းမာမှုတွေကို မတွေ့ရတော့ဘူး” ဟု သူပြောသည်။

ဖြုတ်ချခံလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီးရေးရာ ဝန်ကြီး ဆူဇန်နာလှလှစိုးကလည်း အစားအစာသည် ပိုမိုရှားပါးလာကြောင်း အစည်းအဝေးတွင်ပြောသည်။ “စီးပွားရေးက ပြိုကွဲနေပြီး ကိုဗစ်နိုင်တင်း လှိုင်းလုံးသစ်က တနိုင်ငံလုံးမှာတောမီးလို ပျံ့နှံ့နေပြီး ကျန်းမာရေးစနစ်က ပြိုကွဲသွားပြီးပြီ” ဟု ထိုဗီဒီယိုအစည်းအဝေးတွင်ပြောသည်။

အချက်အလက်ကောက်ယူမှုစနစ် ကင်းမဲ့နေသောကြောင့် စစ်ကောင်စီက နေ့စဉ်ကြေညာသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ် ၆၀၀၀ နှင့်သေဆုံးမှု ၄၀၀ သည် အဖျားအနားမျှသာဖြစ်ကြောင်း သူပြောသည်။

“စစ်ကောင်စီက ကျန်းမာရေး လုပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေတာ အထောက်အထားတွေ ပိုမိုခိုင်မာလာနေပြီ” ဟု သူပြောပြီး ကျန်းမာရေးတွင် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်နေသူများနှင့် ဆေးဝန်ထမ်းများကို တိုက်ခိုက်မှု ၂၅၀ ကျော်ရှိကြောင်း သူရှင်းပြသည်။

မြန်မာနိုင်ငံအကျပ်အတည်းကို ကိုင်တွယ်ရန် ဆုံးဖြတ်ချက်အတွက် ညှိနှိုင်းမှု မစတင်နိုင်သေးသောကြောင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာ လူးဝစ် ချာဘိုနုက လုံခြုံရေးကောင်စီကို ဝေဖန်သည်။

“အထွေထွေညီလာခံက မြန်မာနိုင်ငံကို လက်နက်ရောင်းချမှု ပိတ်ပင်ဖို့ ပြောကြားထားပြီးပြီ။ လုံခြုံရေးကောင်စီ အနေနဲ့ နောက်ဆက်တွဲ အမြန်ဆုံးလုပ်ကိုင်ပြီး မြန်မာနိုင်ငံကို ကမ္ဘာ့လက်နက်ရောင်းချမှု ပိတ်ပင်ဖို့၊ စစ်ခေါင်းဆောင်တွေနဲ့ သူတို့နဲ့ပတ်သက်တဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထားအရေးယူဖို့၊ စစ်ကောင်စီကို ဓါတ်ငွေ့ရောင်းချငွေ ပိတ်ပင်ဖို့ လုပ်သင့်ပြီ” ဟုလည်း သူပြောသည်။

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နှင့်မတူဘဲ အထွေထွေညီလာခံဆုံးဖြတ်ချက်များကို လိုက်နာရန် ဥပဒေအရ တာဝန်မရှိပေ။ အထွေထွေညီလာခံတွင် ထောက်ခံမဲ ၁၁၉ မဲ၊ ကန့်ကွက်မဲတမဲနှင့် ပျက်ကွက်မဲ ၃၆ မဲ ရှိနေခြင်းသည် သဘောထားကွဲလွဲမှုများကို ဖေါ်ပြနေပြီး လုံခြုံရေးကောင်းစီ ဆုံးဖြတ်ချက်အတွက် သဘောတူရန် ခက်ခဲနေကြောင်း ပြသနေသည်။ မဲမပေးဘဲ နေသော နိုင်ငံများတွင် တရုတ်နှင့် ရုရှားပါဝင်ပြီး ၎င်းတို့သည် တချက်လွှတ်အာဏာကျင့်သုံးနိုင်သည့် နိုင်ငံ ၅ နိုင်ငံတွင်ပါဝင်နေသည်။

ကိုးကား။ ။ AP

You may also like these stories:

မရေရာမှုများကြားက CDM မြန်မာသံတမန်တွေ

ကျနော် ဒလန် မဟုတ်ပါ

စီးပွားရေးအကြံပေး ရှောင်တာနယ် အင်းစိန်ထောင်တွင် ကိုဗစ်ကာကွယ်ဆေးထိုး

၆ လအတွင်း စစ်ကောင်စီ၏ မီဒီယာနှိပ်ကွပ်မှု

Did you find apk for android? You can find new Free Android Games and apps.
Loading