Human Rights

စစ်တပ်ဖမ်းသွားသည့် ခွန်ဆာ တပ်ဖွဲ့ဝင်ဟောင်းများထဲမှ ၂ ဦး စစ်ကြောရေး၌သေဆုံး

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်က ဓားစားခံအဖြစ် ဖမ်းဆီးသွားသည့် ခွန်ဆာတပ်ဖွဲ့ ဝင်ဟောင်း ၁၉ ဦးအနက် ၂ ဦးမှာ စစ်ကြောရေးတွင် သေဆုံးခဲ့ကြောင်း ဒေသခံတဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်က ဖယ်ခုံမြို့နယ်တွင် ဒေသကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ၂၈ ရက်၌ ရွှေပြည်အေးကျေးရွာမှ ဒေသခံ ၁၉ ဦးအား မျက်လုံးအဝတ်စည်း၊ လက်နောက် ပြန်ကြိုးတုပ်ကာ စစ်ကောင်စီတပ်က ဓားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

“သူတို့ (စစ်ကောင်စီ) ဖမ်းတာ မဟုတ်ဘူး တောက်လျှောက်ငြင်းသေးတာ။ နောက်မှ လိုင်းပေါ်က ပုံတွေပြလိုက်မှ မငြင်းတော့တာ။ အခုတော့ နှစ်ယောက်သေပြီဆိုတာ သိရတာပါ” ဟု ဒေသခံတဦးက ပြောသည်။

သေဆုံးသူ နှစ်ဦးမှာ အသက် ၆၇ နှစ်အရွယ် ဦးမောင်ယိုနှင့် အသက် ၄၉ နှစ်အရွယ် ဦးစိုးတင့်တို့ ဖြစ်ကြောင်း သိရသည်။

ယခင် ကသဲကွင်းဟုခေါ်သည့် ရွှေပြည်အေးရွာသည် ဖယ်ခုံမြို့မြောက်ဘက် ၃ မိုင်ခန့် အကွာတွင်တည်ရှိပြီး ၁၉၉၆ တွင် ဦးခွန်ဆာခေါင်းဆောင်သော လွယ်မော်တပ်ဖွဲ့ခေါ် Mong Tai Army-MTA တပ်ဖွဲ့က လက်နက်ချခဲ့ပြီးနောက် တပ်ဖွဲ့ဝင်များ အား နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (န.ဝ.တ) စစ်အစိုးရက နေအိမ်များ၊ လယ်ယာမြေများ ပေးအပ်ကာ နေရာချထားပေးခဲ့သည့် ကျေးရွာတရွာ ဖြစ်သည်။

ဘိန်းဘုရင်အဖြစ် ထင်ရှားသည့် ဦးခွန်ဆာခေါင်းဆောင်သော MTA တပ်ဖွဲ့မှာ တပ်ဖွဲ့အင်အား ၁၅,၀၀၀ ခန့်အထိ အင် အားကောင်းခဲ့ပြီး မြန်မာ-ထိုင်း-လာအို ရွှေတြိဂံဒေသအတွင်း လွှမ်းမိုးနိုင်ခဲ့သော်လည်း ၁၉၉၆ ဇန်နဝါရီ ၇ ရက်တွင် န.ဝ.တ စစ်အစိုးရနှင့် သဘောတူညီမှု ရရှိပြီးနောက် လက်နက်ခဲယမ်း အမြောက်အမြားနှင့် လက်နက်စက်ရုံတို့ကို အပ်နှံကာ ငြိမ်းချမ်းရေး ယူခဲ့ခြင်း ဖြစ်သည်။

ထို့အတွက် စစ်အစိုးရက ရွှေပြည်အေးရွာတွင် နေအိမ် ၁၀၃ လုံး ဆောက်ပေးကာ MTA တပ်ဖွဲ့ဝင်အချို့အား နေရာချပေး ခဲ့ပြီး တိုးပွားလာသည့် မိသားစုဝင်များဖြင့် ပြောင်း၊ စပါးစိုက်ပျိုးရေးနှင့် နေ့စားအငှားလိုက်ခြင်းများဖြင့် လုပ်ကိုင်စားသောက် နေထိုင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

“၁၉၉၆ ထဲက ၂၅ နှစ် ရှိပြီ။ ဘယ်အစိုးရတက်တက် ကျနော်တို့ အေးအေးချမ်းချမ်းပဲ နေခဲ့တာ။ စည်းကမ်းဥပဒေဘောင်ထဲ ကပဲ နေနေတဲ့သူတွေ။ ဘာမှလည်း အပြစ်မရှိဘဲ တွေ့တာနဲ့ ဖမ်းသွားတာ။ အခုဖြစ်နေတဲ့ PDF ကိစ္စရော၊ ဟိုအရင်က ကိစ္စတွေ‌ရော အကုန်လုံးစွပ်စွဲနေတာပဲ။ အခုလို ဖမ်းတဲ့လုပ်ရပ်က လူကြားလို့တောင် မကောင်းဘူး” ဟု ဒေသခံတဦး က ပြောသည်။

ဖမ်းဆီးခံရသူများမှာ စစ်ကောင်စီတပ်များ ကျေးရွာအတွင်း သေနတ်ပစ်ခတ်ပြီး ဝင်ရောက်လာစဉ် ထွက်ပြေးတိမ်းရှောင် နိုင်ခြင်း မရှိသည့် သက်ကြီးရွယ်အိုများနှင့် မဖြစ်မနေ ရွာအတွင်း ကျန်ရှိခဲ့ကြရသည့် သူများသာဖြစ်ပြီး မည်သည့် အဖွဲ့ အစည်းနှင့်မျှ ပတ်သက်မှု မရှိကြောင်းလည်း ဒေသခံများက ရှင်းပြသည်။

ယခုကဲ့သို့ MTA တပ်ဖွဲ့ဝင်ဟောင်းများအား ဖမ်းဆီးထားသည့် ကိစ္စနှင့်ပတ်သက်ပြီး ပြန်လွှတ်ပေးရန် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးထံသို့ နိုဝင်ဘာ ၈ ရက်က အသနားခံစာ တင်ပြခဲ့သော်လည်း တစုံတရာ အကြောင်းပြန်ခြင်း မရှိ ကြောင်းလည်း သိရသည်။

ဒေသခံများ အနေဖြင့် ၎င်းတို့မိသားစုဝင်များအား မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကိုပင် စစ်ကောင်စီ ဘက်က အသိပေးခြင်း မရှိသည့်အတွက် ကိုယ်တိုင်စုံစမ်းမှသာ တောင်ကြီးမြို့အမှတ် (၁) ရဲစခန်းတွင် ချုပ်နှောင်ထားသည် ကို သိရှိရခြင်း ဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသော ကျန်ရှိသည့် MTA တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် ၁၇ ဦး ကိုလည်း နိုင်ငံတော်ပုန်ကန်မှု (သို့) အကြမ်းဖက်မှု ကဲ့သို့သော ပုဒ်မများဖြင့် စွပ်စွဲအမှုဖွင့်ထားပြီး လာမည့် ဒီဇင်ဘာ ၂၇ ရက်တွင် ဒုတိယအကြိမ် ရုံး ထုတ်မည် ဖြစ်ကြောင်း သိရသည်။

ဒေသခံတဦးက “ရှေ့နေတွေဘာတွေ မငှားနိုင်ဘူး။ ကျနော်တို့မှာ ဘာမှမရှိဘူး။ ဒီမှာ တရက်လုပ် တရက်စားတွေပဲ။ ကိုယ့်ဟာကိုယ် လိပ်ပြာသန့်သန့်နဲ့ပဲ ထုချေလို့ပဲ ပြောထားရတယ်” ဟု ဆိုသည်။

လက်ရှိ ဖမ်းဆီးခံထားရဆဲ ၁၇ ဦးမှာ ဦးစိန်ဝင်း (၅၈ နှစ်)၊ ဦးကျော်ဝင်း (၄၃ နှစ်)၊ ဦးစိုးဝင်း (၄၇ နှစ်)၊ ဦးနေမျိုး (၅၉ နှစ်)၊ ဦးအောင်မျိုး (၃၂ နှစ်)၊ ဦးလှထွန်းဦး (၃၄ နှစ်)၊ ဦးခင်မောင် (၄၄ နှစ်)၊ ဦးကြာတိ (၄၉ နှစ်)၊ ဦးဇော်ဂျီဝင်း (၅၉ နှစ်)၊ ဦးမောင်အေး (၄၄ နှစ်)၊ ဦးကြည်လင်း (၄၄ နှစ်)၊ ဦးအေးမောင် (၄၂ နှစ်)၊ မောင်အုန်းဖေ (၃၇ နှစ်)၊ မောင်အုပ်ငယ် (၂၁ နှစ်)၊ မောင်ပန်းလှ (၂၄ နှစ်)၊ မောင်စိုင်းစိုင်း (၃၆ နှစ်)၊ မောင်တင်ထွန်း (၂၃ နှစ်) တို့ ဖြစ်ကြသည်။

ထိုသို့ ၂ လနီးပါးကြာသည်အထိ ဖမ်းဆီးခံထားရသူများအား မိသားစုဝင်များက တွေ့ဆုံခွင့် မရရှိသေးသည့်အတွက် ၎င်းတို့၏ အခြေအနေအား စိုးရိမ်လျက်ရှိပြီး ဖမ်းဆီးခံထားရသူများ အနေဖြင့် ရိုက်နှက်နှိပ်စက်ခံနေရသည့် အခြေအနေ ရှိနိုင်ကြောင်းလည်း ဒေသခံများက ယူဆထားကြသည်။

You may also like these stories :

ပလက်ဝက စစ်ရှောင်များကို အာဏာသိမ်းစစ်တပ်က အိမ်ပြန်ခိုင်းနေ

ကျောက်တော်တွင် လက်နက်ငယ် ပစ်ခတ်လေ့ကျင့်မည်ဟု စစ်တပ်သတိပေး

စစ်တပ်က အသွားအလာကန့်သတ်ထား၍ ပလက်ဝတွင် ကုန်ဈေးနှုန်းများ မြင့်တက်လာ

Loading