ကမ္ဘာ့ နန်းသက်အရှည်ဆုံး ထိုင်းဘုရင်ကြီး ဘူမိဘော အဒူလျာဒက်ဂျ် (Bhumibol Adulyadej) သည် အောက်တိုဘာလ ၁၃ ရက်နေ့တွင် Siriraj ဆေးရုံ၌ ကံကုန်တော်မူသွားခဲ့ကြောင်း နန်းတော်က ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။ ကံတော်ကုန်သော အချိန်၌ ထိုင်းဘုရင်သည် သက်တော် ၈၈ နှစ် ရှိပြီ ဖြစ်သည်။
ဘုရင်ကြီး ဘူမိဘော အဒူလျာဒက်ဂျ်သည် ၁၉၄၆ ခုနှစ်တွင် ထီးနန်းဆက်ခံခဲ့ပြီး နှစ်ပေါင်း ၇၀ အုပ်ချုပ်ခဲ့သည်။ ထိုင်းနိုင်ငံ၏ နိုင်ငံရေး ပဋိပက္ခများနှင့် တိုင်းပြည် အလျင်အမြန် ဖွ့ံဖြိုး တိုးတက်ရေး အတွက် ဆယ်စုနှစ်များစွာ အတွင်း အဓိက ဆောင်ရွက်ပေးခဲ့သည့် ဘုရင်ကြီး ကံကုန် ကွယ်လွန်ခြင်းသည် ထိုင်းနိုင်ငံအတွက် အလွန်ဝမ်းနည်းဖွယ် ဖြစ်သည်။
ဘုရင်ကြီး ကံတော်ကုန်ခြင်းနှင့် ပတ်သက်ပြီး တစုံတရာ အကြောင်းပြချက် မပေးခဲ့သော်လည်း လွန်ခဲ့သော နှစ်များကတည်းက များစွာသော ရောဂါ အမျိုးအစားများကြောင့် မကျန်းမာ၍ ဆေးရုံတက်ခဲ့ရသည်။
ဘုရင်ကြီးမှာ Siriraj ဆေးရုံ၌ ဒေသစံတော်ချိန် ၁၅ နာရီ ၅၂ မိနစ် အချိန်တွင် ငြိမ်းငြိမ်းချမ်းချမ်း ကံတော်ကုန်လွန်သွားပြီ ဖြစ်ကြောင်း နန်းတော်က ကြေညာသည်။
ထီးနန်းကို ဘုရင်ကြီး၏ သားဖြစ်သူ အသက် ၆၃ နှစ် အရွယ်ရှိ မင်းသား မဟာ ဝဇီရလောင်ကွန်း (Maha Vajiralongkor) က ဆက်ခံမည်ဟု မျှော်လင့်ရသည်။
စက်တင်ဘာလ ၁၃ ရက်နေ့တွင် လွှတ်တော်က အရေးကြီး အစည်းအဝေး ကျင်းပခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် တဦးက ပြောသည်။
ဘုရင်ကြီး၏ ကျန်းမာရေးနှင့် ထီးန်းဆက်ခံရေး အတွက် စိုးရိမ်ပူပန်မှုများ ဖြစ်နေသည့် ကာလအတွင်း ထိုင်းနိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ် ဖြစ်ခဲ့ပြီး အာဏာသိမ်းမှု ၂ ကြိမ် ဖြစ်ခဲ့သည်။
ဘုရင်ကြီး ဆေးကုသမှု ခံယူနေသော ဆေးရုံရှေ့၌ လူပေါင်း တထောင်ကျော် စုဝေးခဲ့ကြပြီး ဘုရင်ကြီး ကံတော်ကုန်သည့် သတင်း ထွက်ပေါ်သော အခါအများစုမှာ ဝမ်းနည်း ငိုကြွေးခဲ့ကြသည်။
ထိုင်းဘုရင်ကြီး ဘူမိဘော အဒူလျာဒက်ဂျ်အား တိုင်းပြည်၏ စည်းလုံးညီညွတ်မှု ပြယုဂ်အဖြစ် ထိုင်းတို့က ရှုမြင် ယုံကြည်ကြသည်။
လက်ရှိတွင် စစ်အစိုးရ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ (Prayuth Chan-Ocha) က ၂၀၁၄ ခုနှစ်တွင် ရွေးကောက်ခံ အစိုးရ ပြုတ်ကျပြီး ကတည်းက တိုင်းပြည် အာဏာကို ချုပ်ကိုင်ထားသည်။
ဘုရင်ကြီး ကံကုန်တော်မူခြင်းအတွက် ထိုင်းနိုင်ငံတွင် လပေါင်းများစွာ ဝမ်းနည်းပူဆွေးဖွယ် ရှိပြီး ထိုကာလ ကျော်လွန်သွားသည့် တိုင်အောင် အိမ်ရှေ့မင်းသား နန်းတက်ပွဲ ကျင်းပလိမ့်မည် မဟုတ်ပေ။ ဘုရင်ကြီး၏ အစ်မတော် ၂၀၀၈ ခုနှစ်က ဆုံးပါးခဲ့စဉ်ကလည်း ရက်ပေါင်း ၁၀၀ ပူဆွေးမှု ကာလ အဖြစ် ကြေညာခဲ့ပြီး၊ ၁၀ ရက်ကျော်မှသာ မီးသင်္ဂြိုဟ်ခဲ့သည်။