ဆန္ဒပြ သူနာပြုကျောင်းသားကျောင်းသူများနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကြား အလွတ်သဘော ဆွေးနွေးမှုများအပြီး လိုင်စင်ကိစ္စများနှင့် ပတ်သက်၍ နှစ်ဘက်သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။
သူနာပြုတက္ကသိုလ်ဘွဲ့ရများနှင့် သူနာပြုသင်တန်းဆင်းများကိုု အစိုးရဆေးရုံများတွင် သုံးနှစ်တာဝန်ထမ်းဆောင်ပြီးမှသာ သူနာပြုနှင့်သားဖွားလိုင်စင်များ ထုတ်ပေးမည်ဆိုသော ဝန်ကြီးဌာန၏ မူဝါဒကို ရန်ကုန်သူနာပြုတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ ရာပေါင်းများစွာက မတ်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ဆန္ဒပြခဲ့ကြသည်။
အစိုးရတာဝန် ၃ နှစ် ထမ်းဆောင်ရန် ပျက်ကွက်သည့် လိုင်စင်မဲ့သူနာပြုများနှင့် သားဖွားဆရာမများကို ပုဂ္ဂလိကဆေးရုံများတွင် ခန့်အပ်လုပ်ကိုင်ခွင့် မပေးရန် ကြေညာချက်တစောင်ကို ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်ကို သူနာပြုတက္ကသိုလ်ကျောင်းသားများသမဂ္ဂ NUSU က ရှုတ်ချခဲ့ကာ ဝန်ကြီးဌာနအနေဖြင့် လိုင်စင်ကိစ္စကို မတ်လ ၁၅ ရက်နေ့ မတိုင်ခင် ညှိနှိုင်းပေးရန် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ မတ်လ ၁၀ ရက်နေ့က တောင်းဆိုခဲ့သည်။ ဝန်ကြီးဌာနဘက်က ညှိနှိုင်းဆွေးနွေးခြင်း မရှိခဲ့သဖြင့် မတ်လ ၁၅ ရက်နေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ဆန္ဒပြပွဲအပြီး နောက်တရက်တွင် ကျန်းမာရေးဝန်ကြီးဌာနက နေပြည်တော်တွင် သတင်းစာ ရှင်းလင်းပွဲပြုလုုပ်ကာ အစိုးရတာဝန် ၃ နှစ် ထမ်းဆောင်ရန် မူဝါဒသည် အစိုးရဆေးရုံဆေးခန်းများတွင် သူနာပြုနှင့် သားဖွားဆရာမများ အလွန်နည်းပါးနေခြင်း ပြဿနာကို ကိုင်တွယ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သောကြာနေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ကျောင်းသားများ၏ တောင်းဆိုချက်များကို တိုက်ရိုက်ညှိုနှိုင်းနိုင်ရန် ပြည်ပခရီးစဉ်တခုမှ စီစဉ်ထားသည်ထက ်စောပြီး ပြန်လာခဲ့ကြောင်းလည်း သိရှိရသည်။ ညှိနှိုင်းမှုများအပြီး လိုင်စင်ကိစ္စနှင့် ပတ်သက်၍ နှစ်ဘက်သဘောတူညီမှု ရခဲ့ကြောင်း သီးခြားကြေညာချက်များ ထုတ်ပြန်ခဲ့သည်။
ကျောင်းသားများ၏ တောင်းဆိုချက်များနှင့် ပတ်သက်ပြီး ညှိနှိုင်းနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက အဖွဲ့တခု ဖွဲ့စည်းခဲ့ပြီး ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးအောင်က ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည်။
“တကယ့်တကယ်တော့ နိုင်ငံ့ဝန်ထမ်းအဖြစ်ကို ၃ နှစ်က ထမ်းဆောင်ရမယ်။ ဥပမာဆိုပါတော့ (လုပ်ငန်းခွင်) ဝင်လိုက်ပြီ ဆိုတာနဲ့ သူတို့လိုချင်တဲ့ လိုင်စင်စာအုပ်ကို ပေးပါဆိုတော့ ကျနော်တို့က ပေးပြီ။ လိုင်စင်စာအုပ်ကို သူတို့ကိုပေးလိုက်ပြီ။ အကယ်၍ သူတို့က ၃ နှစ်လုပ်မယ်လို့ ပြောပြီးတော့မှ ၂ နှစ်ပဲ လုပ်တယ်ဆိုရင်တော့ သူတို့တွေသည် တနှစ်ကို လိုင်စင်စာအုပ်ပြန်အပ်ပြီး တနှစ်ပြည့်မှ ပြန်လျှောက်လွှာတင် စာမေးပွဲပြန်ဖြေ၊ အဲ့ဒါပြီးမှ ပေးမယ်” ဟု ဒေါက်တာဌေးအောင်က ဧရာဝတီကို ပြောသည်။
သို့သော်လည်း ဘွဲ့ရပြီး နိုင်ငံ့တာဝန် ၃ နှစ်ကို လုံးဝထမ်းဆောင်ခြင်း မပြုဘဲ လျော်ကြေးပေးကာ နှုတ်ထွက်လိုသူများအတွက် စနစ်အသစ်တခု ဖန်တီးကာ ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဒေါက်တာဌေးအောင်က ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ တနိုင်ငံလုံးရှိ အစိုးရဆေးရုံပေါင်း တထောင်ကျော်အတွက် အနည်းဆုံး သူနာပြုဦးရေ ၃၇၀၀၀ ခန့် လိုအပ်သော်လည်း ၂၀၀၀၀ ခန့်သာ ခန့်ထားနိုင်သည့်အတွက် လိုအပ်သော သူနာပြုဦးရေ၏ ၄၃ ရာခိုင်နှုန်းမှာ လစ်လပ်နေသည်ဟုလည်း သိရှိရသည်။
ကျန်းမာရေးဝန်ကြီးဌာနက သူနာပြုများအပါအဝင် ဆေးရုံဝန်ထမ်းများအတွက် လုပ်ငန်းခွင်အခြေအနေ တိုးတက်ရေးနှင့် နေရာထိုင်ခင်း စီစဉ်ပေးနိုင်ရန်လည်း ကြိုးစားနေကြောင်း ဒေါက်တာဌေးအောင်က ပြောသည်။
သူနာပြုဘွဲ့ရလေးဦးလျှင် တဦးသည် အစိုးရတာဝန် မထမ်းဆောင်လိုသဖြင့် လျော်ကြေးငွေ ၄ သိန်းပေးဆောင်ကာ နှုတ်ထွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။ အစိုးရဆေးရုံများတွင် ဘွဲ့ရသူနာပြုတဦး ဘွဲ့ရပြီးပြီးချင်း အလုပ်ဝင်ပါက အခြေခံလစာ ၁၆၅၀၀၀ ခန့်သာ ရကြောင်း သူနာပြုတက္ကသိုလ်ကျောင်းသားများသမဂ္ဂ NUSU က ပြောသည်။
သူနာပြုများ အစိုးရဆေးရုံများတွင် အလုပ်မလုပ်လိုသည့် အကြောင်းအရင်းများစွာ ရှိပြီး လစာနည်းခြင်းသည် အဓိကအကြောင်းများတွင် တခုအပါအဝင် ဖြစ်သည်ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သော နောက်ဆုံးနှစ်အတန်း ကိုယ်စားလှယ် မအေးမိစံက ပြောသည်။
“နိုင်ငံတော်၏ လိုအပ်ချက်ကြောင့် သူနာပြုအင်အား တိုးမြှင့်နေသည်ကို သိရှိပါသော်လည်း သူနာပြုများ အလုပ်ထွက်ရခြင်း အကြောင်းအရင်းများကို သေချာစွာ စစ်တမ်းကောက်ယူပြီးမှသာ လက်တွေ့ကျသော ပြဿနာ ဖြေရှင်းနည်းများကို အသုံးပြုရန်လည်း တောင်းဆိုသည်” ဟု NUSU က ကျန်းမာရေးဝန်ကြီးနှင့် အလွတ်သဘော ဆွေးနွေးညှိနှိုင်းမှု အပြီး ကြေညာချက်တွင် ဖော်ပြထားသည်။
ကျန်းမာရေးဝန်ကြီးဌာနက ဖွဲ့စည်းထားသော ညှိနှိုင်းရေးအဖွဲ့တွင် ဒေါက်တာဌေးအောင်က အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ပြီး ကျန်းမာရေး လူ့အရင်းအမြစ်ဦးစီးဌာနမှ ညွုန်ကြားရေးမှူး ဒေါ်ဌေးဌေးလှိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ငွေ၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ ဥက္ကဌ ဒေါ်ဖြူဖြူနှင့် မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားအသင်း ဥက္ကဌ ပါမောက္ခဒေါ်ရင်မြ တို့ ပါဝင်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဆန္ဒပြ သူနာပြုကျောင်းသားကျောင်းသူများကို အရေးယူရန် မရှိကြောင်းနှင့် အလားတူပြဿနာများ ရှိလာပါကလည်း မိသားစုသဖွယ် ညှိနှိုင်းဆွေးနွေးမည် ဖြစ်ပါကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ရေးသားထားသည်။