နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ နာယက ဦးတင်ဦးနှင့် ဗဟိုအလုပ်မှုဆောင် ဦးဝင်းထိန်တို့ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအပါအဝင် အခြား ဥပဒေ ၂ ခု ပါ အချက်အလက်များကို ချိုးဖောက်မှုဖြင့် ဥပဒေအရ အရေးယူပေးရန် နိုင်ငံရေးပါတီ ၁၃ ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ စာဖြင့် တိုင်ကြားထားကြောင်း သတင်းရရှိသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်သဖြင့် ဥပဒေနှင့် အညီအရေးယူပေးရန်ဟု ဆိုကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီပါတီသစ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ခေတ်သစ် ပြည်သူ့ပါတီ၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ အပါအဝင် ပါတီ ၁၂ ခုက လက်မှတ်ရေးထိုးခဲ့ပြီးနောက် မေလ ၈ ရက်နေ့ က တိုင်ကြားထားခြင်း ဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးနေမျိုးက “ အခုက ကျနော်တို့ဆီကို ဝင်စာ ဝင်တာပဲ ရှိပါသေးတယ်။ ကျနော်တို့ အဆင့်ဆင့် တင်ပြနေတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ဘယ်လိုဆို တာကတော့ ကော်မရှင်ဥက္ကဋ္ဌ၊ အဖွဲ့ဝင်တွေ ဆုံးဖြတ်ချက် ရမှ သိပါမယ်။ အခုတော့ ကျနော်တို့ ဘာမှ မသိနိုင်သေးပါဘူး” ဟု ဧရာဝတီကို ပြောသည်။
ကော်မရှင်ထံသို့ တိုင်ကြားထားသည့် စာတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရ တာဝန်ထမ်းဆောင်သည့် တနှစ်ပြည့်မိန့်ခွန်းကို မတ်လ ၃၀ ရက်တွင် ပြောပြီး နိုင်ငံပိုင်သတင်းစာများ( ကြေးမုံနှင့် မြန်မာ့အလင်း) က မတ်လ ၃၁ ရက်တွင် ဖော်ပြခဲ့ရာ မိန့်ခွန်းအတွင်း NLD ၏ နိုင်ငံရေး ရည်မှန်းချက်များ ပါဝင်နေကြောင်း၊ ထိုအချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ (ဋ)ကို ဖောက်ဖျက်ကျူးလွန်ခြင်း ဖြစ်သည်ဟု ရေးသားထားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ (ဋ) တွင် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံရေးပါတီ တခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခြင်းခံရသည့် နေ့မှစ၍ မိမိရာထူး သက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခြင်းမပြုရ ဟု ပြဋ္ဌာန်းထားသည်။
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဆိုသည့်ရက်မှာ ဧပြီလ ၁ရက်၊ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ပါတီအားလုံး မဲဆွယ်စည်းရုံးရေး မလုပ်ရမည့်နေ့ ”Silent Day” ဖြစ်ပြီး ထိုနေ့တွင် ဒေါ်အောင်ဆန်းစုကြည် က ပါတီ၏ နိုင်ငံရေးရည်မှန်းချက်များ ဖြစ်သည့် “ပြောင်းလဲချိန်တန်ပြီ”ဟူသည့် ဆောင်ပုဒ်ကို “ပြည်သူနှင့် အတူ”ဆိုပြီး ပြောင်းလဲကြောင်း ပြောဆို သွားခဲ့သည်မှာလည်း ပါတီအတွက် ပြောဆိုခြင်းမှာ ပေါ်လွင်ကြောင်း ရေးသားထားသည်။
ထို့ပြင် NLD နာယက ဦးတင်ဦး နှင့် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးဝင်းထိန်တို့က မတ်လ ၁ ရက်၊ ညနေပိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ အင်တာဗျူးများတွင် NLD ပါတီ အလံ ရင်ထိုးတံဆိပ်များ တပ်ဆင်ကာ ဖြေဆိုခဲ့ကြောင်း၊ ထိုအင်တာဗျူးတွင် ပါတီ မူဝါဒများ၊ ဖြတ်သန်းခဲ့ရသည့် အခက်အခဲများကို ပြောဆိုခြင်းမှာ နိုင်ငံပိုင်ရုပ်မြင်သံကြားမှ စည်းရုံးလှုံ့ဆော်ခြင်း ဖြစ်သည်ဟု ကော်မရှင်က တိုင်ကြားသည့် ပါတီ ၁၃ ခုက ၎င်းတို့၏ တိုင်ကြားစာတွင် ရေးထားသည်။
နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ လိုက်နာရန် ပြဋ္ဌာန်းထားသည့် ကျင့်ဝတ်၊ အပိုဒ် ၆ (ခ) ပါ နိုင်ငံတော်ပိုင် အရင်းအမြစ်များကို လူထုမဲဆွယ်စည်းရုံးရေး ကိစ္စအတွက် အသုံးမပြုရဟူသည့် အချက်ကို ချိုးဖောက်ခြင်း ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် ဦးဝင်းထိန်တို့ နိုင်ငံပိုင်မီဒီယာ၊ သတင်းစာများတွင် ပြောဆိုခဲ့သည့် မိန့်ခွန်းများမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ (က) (၅) ပါ နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ ၊ ရယူသုံးစွဲသည့် အဖွဲ့အစည်းဖြစ်ကြောင်း တွေ့ရှိခြင်း ဟူသည့် အချက်နှင့်လည်း ငြိစွန်းနေပါသည်ဟု တိုင်ကြားစာတွင် ထည့်သွင်းရေးသားထားသည်ဟု သိရသည်။
USDP ၏ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်၊ ဒေါက်တာနန္ဒာလှမြင့်က“ ကျနော်တို့က လူပုဂ္ဂိုလ်နဲ့ အဖွဲ့ အစည်း တရပ်အပေါ်မှာ တိုက်ခိုက်လိုခြင်း မရှိပါဘူး။ ဒီမိုကရေစီယဉ်ကျေးမှု တရပ်ထွန်းကား လိုခြင်းကြောင့် တင်ပြခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ရမှာကတော့ UEC ရဲ့ တရားမျှတစွာ ဆုံးဖြတ်မှုကိုပဲ ကျနော်တို့က လက်ခံသွားရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
USDP သည်၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရကာ အာဏာရ အစိုးရတာဝန်ထမ်းဆောင်ခဲ့စဉ်ကာလ၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကာလများတွင် ထိုသို့ လုပ်ဆောင်ခဲ့ခြင်း မရှိဘဲ ဥပဒေ နှင့် အညီ ဆောင်ရွက်ခဲ့ ကြောင်း၊ ပါတီမှ နိုင်ငံတော်အကြီးအကဲ တာဝန်ယူခဲ့သူများလည်း ပါတီ ကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်း မရှိကြောင်း ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။
၎င်းက “ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ နိုင်ငံတခုအနေနဲ့ ဒီမိုကရေစီယဉ်ကျေးမှုအရ ဥပဒေနဲ့ မညီတဲ့ ကိစ္စမျိုးကို အာဏာ ရနေတဲ့ အချိန်မှာ တခြားပါတီတွေ မရတဲ့ အခွင့်အရေးမျိုးကို အစိုးရဖြစ်နေတဲ့အချိန်မှာ လုပ်မယ် ဆိုတာမျိုး၊ ဒီယဉ်ကျေးမှု ကို ကျနော်တို့ ရှေ့ဆက် မပါသွားစေချင်ဘူး” ဟု ရှင်းပြသည်။
အဆိုပါ အကြောင်းပြချက်များအရ USDP နှင့် သဘောထား တိုက်ဆိုင်သည့် အခြားနိုင်ငံရေးပါတီ ၁၂ ပါတီနှင့် စုပေါင်းကာ လက်မှတ်ရေးထိုးပြီး ကန့်ကွက်ခဲ့ပြီး ဥပဒေများနှင့် မညီသဖြင့် တိုင်ကြားရခြင်း ဖြစ်သည်ဟု သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက “ ကျနော် တို့ဆီကို ကော်မရှင်က အဲဒီစာ မပို့သေးဘူး။ ကျနော်မရသေးပါဘူး။ အဲဒီတော့ အခု ကျနော်က မဖြေဆိုနိုင်သေးပါဘူး။ သိရတဲ့ အချိန်မှာ ပြောပြပေးပါမယ်” ဟု ပြောသည်။
USDP အပါအဝင် နိုင်ငံရေးပါတီ ၁၂ ပါတီက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းနှင့် ဦးတင်ဦး၊ ဦးဝင်းထိန်တို့၏ နိုင်ငံပိုင် မီဒီယာများအပေါ် ဖြေဆိုမှုများအား ကန့်ကွက်ကြောင်း ဧပြီလကလည်း ထုတ်ပြန် ကြေငြာထားသည်။
ပြန်ကြားရေးဝန်ကြီးဌာန ဒေါက်တာ ဖေမြင့်ကမူ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များမှာ ပါတီမူဝါဒ ဆိုင်ရာများကို နိုင်ငံပိုင်မီဒီယာများတွင် ပြောဆိုခဲ့သည်မှာ အစိုးရ၏ တနှစ်တာ လုပ်ဆောင်ချက်များ ထဲမှ အစီအစဉ် တခုသာ ဖြစ်ကြောင်း နေပြည်တော်တွင် ပြုလုပ်သည့် ရက် ၁၀၀ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။