ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ သိမ်းယူထားသည့် လယ်မြေများအား ဂရန်လျှောက်ထားမှုကို ဒေသခံ မူလလယ်ပိုင်ရှင်များက ကန့်ကွက်ထားကြောင်း သိရသည်။
အင်းလေးဒေသ၌ ဟိုတယ်ဇုန် စီမံကိန်း အကောင်အထည် ဖော်ဆောင်မည်ဟုဆိုကာ ရှမ်းပြည်နယ်အစိုးရက ၂၀၁၂ ခုနှစ် တွင် သိမ်းယူခဲ့ကြောင်း၊ သို့သော် ဟိုတယ်ဇုန် အကောင်အထည်မဖော်ဘဲ စီးပွားရေး လုပ်ငန်းရှင်များထံ ရောင်းစားခဲ့ကြောင်း လယ်ပိုင်ရှင်များက ဧရာဝတီ ကို ပြောသည်။
ယခုအခါ ဝယ်ယူထားသူတချို့က မြေယာပိုင်ဆိုင်မှု ဂရန် လျှောက်ထားလာသည့် အတွက် မူလ လယ်ပိုင်ရှင်များ ဖြစ်သော ၎င်းတို့က သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ထံ ကန့်ကွက်စာ ပေးပို့ထားကြောင်း အသိမ်းဆည်း ခံထားရသော လယ်ပိုင်ရှင် တဦးဖြစ်သူ အင်ကြင်းကုန်း ကျေးရွာမှ ဦးအောင်ကျော်မျိုးက ပြောပြသည်။
ဦးအောင်ကျော်မျိုးက “သိမ်းထားတဲ့ မြေတွေအတွက် လျော်ကြေးငွေကို ကျနော်တို့က လုံးဝ မယူထားပါဘူး၊ အဲဒီ မြေတွေ အတွက် ဂရန် လျှောက်ထားတာကို ကျနော်တို့က ကန့်ကွက်စာ တင်ထားတယ်၊ ကျနော်က ဧက ၂၀ အသိမ်းခံထားရ တယ်၊ ကျနော်တို့ မြေတွေ အတွက်လည်းပဲ လျော်ကြေး ဘယ်လောက် ပေးပေး လုံးဝ မယူပါဘူး”ဟု ပြောသည်။
ကန့်ကွက်ရာတွင် ပါဝင်သူ တဦးဖြစ်သည့် အင်ကြင်းကုန်း ကျေးရွာမှ လယ်မြေ ၁၀ ဧက သိမ်းဆည်း ခံထားရသော ဒေါ်နှောင်းနီ ကလည်း “အခုက လမ်းတွေလည်း ဖောက်လိုက်ပြီ ဆိုတော့ ကိုယ့်မြေအတိုင်း ပြန်ရဖို့ကလည်း မလွယ်ဘူး လေ၊ တန်ရာတန်ကြေး လျော်ကြေးတော့ လိုချင်တယ်” ဟု ပြောဆိုသည်။
အင်းလေး ဟိုတယ်ဇုန် တည်ဆောက်ရန် သိမ်းယူထားသည့် လယ်မြေဧက စုစုပေါင်း ၆၂၀ ဝန်းကျင်ရှိကြောင်း၊ ထို လယ် မြေ များအား ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့က အဓမ္မသိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ယခု အစိုးရ လက်ထက်တွင် ပိုင်ရှင်များထံ ပြန်လည်လွှဲပေးမည်ဟု မျှော်လင့်ကြောင်း လယ်သိမ်းခံထားရသည့် ဒေသခံများ က ပြောဆိုကြသည်။
အင်းလေး ဟိုတယ်ဇုန်အတွက် လယ်မြေများ သိမ်းယူထားမှုသည် ဥပဒေနှင့်ကိုက်ညီမှု မရှိကြောင်း၊ ဟိုတယ်ဇုန် တည် ဆောက်မည်ဟု ပြောဆိုသိမ်းယူခဲ့သော်လည်း လက်တွေ့ အကောင်အထည် ဖော်ဆောင်မှု မရှိကြောင်း၊ လက်ရှိ ရှမ်းပြည်နယ် အစိုးရ အဖွဲ့မှ အင်းသား တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဒေါက်တာ ထွန်းလှိုင် က ဧရာဝတီ ကို ပြောသည်။
၎င်းက “မတရားသဖြင့် သိမ်းထားတယ်လို့ပဲ မြင်ပါတယ်၊ ဟိုတယ် ဆောက်မယ်ဆိုပြီးတော့ သိမ်းယူခဲ့ပေမယ့် တကယ် ဟို တယ် မဆောက်ဘဲ လုပ်ငန်းရှင်တွေကို ရောင်းစားခဲ့တယ်၊ ကျနော် သိရသလောက်တော့ တဧကကို ကျပ် သိန်း ၆၀၀ ကနေ ၉၀၀ လောက်အထိ ဈေးနဲ့ရောင်းစားခဲ့တယ်လို့ သိရတယ်၊ ဒီမြေတွေကို မူလပိုင်ရှင်တွေဆီ ပြန်ရောက်ဖို့ အတွက် လည်း ကျနော် အတတ်နိုင်ဆုံး ကူညီသွားမယ်”ဟု ပြောပြသည်။
မြေသိမ်း၊ ယာသိမ်း ဥပဒေအရ နိုင်ငံတော် စီမံကိန်းများ အတွက် သိမ်းယူနိုင်သော်လည်း၊ လက်ရှိ သိမ်းယူထားသည့် လယ် မြေများသည် ဥပဒေနှင့်လုံးဝ မညီကြောင်း၊ ထို့အတူ နိုင်ငံတော် စီမံကိန်းအတွက် သိမ်းယူခြင်း မဟုတ်သည့်အပြင် လုပ်ငန်း ရှင်များထံ ပြန်လည် ရောင်းစားခြင်းသည် လုံးဝ မဖြစ်သင့်ကြောင်းလည်း ဝန်ကြီး က ပြောဆိုသည်။
ထို့အတူ အသိမ်းခံထားရသည့် မြေများတွင် သာသနာ့မြေများ ပါဝင်နေ၍ ဘုန်းတော်ကြီးများကလည်း လယ်သမားများနှင့် အတူ ကန့်ကွက်ခဲ့ကြကြောင်း၊ သို့သော် ခြိမ်းခြောက်၍ သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့အတူ ထိုမြေများတွင် ဟိုတယ်ဇုန် တည်ဆောက်မည် ဆိုပါကလည်း သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက် ပျက်စီးနိုင်သည့်အတွက် လုံးဝ အကောင်အထည် မ ဖော်ဆောင် သင့်ကြောင်း ဝန်ကြီး ဒေါက်တာ ထွန်းလှိုင် က ပြောသည်။
သိမ်းဆည်းမြေများအား ဂရန်လျှောက်ထားသူသည် ရန်ကုန်မြို့မှ ဦးခင်ထွေးနှင့် ဦးကိုကိုကြီး ဆိုသူတို့ဖြစ်ကြောင်း၊ ယင်း ဂရန် လျှောက်ထားခြင်းအား လယ်သမား ၇၄ ဦးက ဂရန်လျှောက်ထားသော ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်းကပင် ကန့်ကွက်စာ တင်ထားကြောင်း သိရသည်။
ကန့်ကွက်သူများထဲမှ လယ်ပိုင်ရှင် ၅ ဦးကို မြို့နယ် အာဏာပိုင် အဖွဲ့က မေလ ၁၁ ရက်က ခေါ်ယူစစ်ဆေးမှု ပြုလုပ်ခဲ့ ကြောင်း စစ်ဆေး ခံရသူများတွင် ပါဝင်သည့် ဦးအောင်ကျော်မျိုး က ပြောသည်။
၎င်းက “မြို့နယ် ဒုအုပ်ချုပ်ရေးမှူးက ကျနော်တို့ကို စစ်ဆေးတာပါ၊ ကျနော်တို့လယ်တွေရဲ့ပိုင်ဆိုင်မှု အထောက်အထားတွေ ရှိလား၊ ဘယ်လို ပိုင်ဆိုင်တာလဲ ဆိုတာတွေကို မေးပါတယ်၊ ကျနော်တို့ လယ်မြေတွေက ဘိုးဘွားပိုင်တွေပါ၊ ဒီဒေသတွေ မှာ က ဂရန်လည်း မရှိကြပါဘူး” ဟု ဆိုသည်။
သိမ်းဆည်းထားသည့် လယ်မြေများနှင့် ပတ်သက်၍ ဒေသခံ လယ်သမားများသည် ယခင်အစိုးရ လက်ထက်တွင်လည်း အ ကြိမ်ကြိမ် ကန့်ကွက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း၊ သို့သော် ပြေလည်မှု မရခဲ့၍ လက်ရှိ အစိုးရ လက်ထက်တွင် ဆက် လက် ကန့်ကွက်သွားမည် ဖြစ်ကြောင်း ဒေသခံများ က ပြောသည်။
သိမ်းဆည်းမြေ ဧက ၆၀၀ ကျော်တွင် လယ်ယာမြေ၊ ဥယာဉ်ခြံမြေ၊ သီးနှံခြံများ၊ ဝါးခင်း၊ သစ်တောမြေများ ပါဝင်ကြောင်း၊ သီးနှံလျော်ကြေး ယူသူတချို့ ရှိသော်လည်း ထိုမြေများအတွက် လျော်ကြေးငွေ လုံးဝ မရယူခဲ့ကြကြောင်း၊ သိမ်းယူစဉ်က ပိုင်ရှင်လယ်သမား များအား အသိပေးမှု လုံးဝ မရှိခဲ့ကြောင်း၊ စီမံကိန်း လုပ်ဆောင်မည်ဟု ပြောဆိုပြီး မြေကြီးများအား တူးဖော်မှသာ အပြန်အလှန် ပြဿနာတက်၍ ယနေ့အထိ ရပ်တန့်ထားခြင်းဖြစ်ကြောင်း သိရသည်။
လယ်ယာမြေ အသိမ်းခံထားရသော ကျေးရွာများမှာ အင်ကြင်းကုန်း၊ ကန်ပဲ့၊ ချောင်းပါး၊ ဘုရားဖြူ၊ ညောင်ဝမ်း နှင့် ဝက်သားကင် ရွာများ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။