Politics

ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု မရှိဟု ဒုသမ္မတ ဦးမြင့်ဆွေ ပြော

Want create site? Find Free WordPress Themes and plugins.

လွန်ခဲ့သောနှစ်က ရိုဟင်ဂျာစစ်သွေးကြွများကို နှိမ်နင်းမှုများ အတွင်း လူသားမျိုးနွယ် အပေါ်ကျူးလွန်သော ရာဇဝတ်မှုနှင့် မျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်များကို ပယ်ချလိုက်ပြီး ကုလသမဂ္ဂ၏ အစီရင်ခံစာသည် ထိုအကြောင်းအရာနှင့် ပတ်သက်၍ ချဲ့ကားဖော်ပြခဲ့သည် ဟု မြန်မာနိုင်ငံက ကြေညာသည်။

ရိုဟင်ဂျာ စစ်သွေးကြွများသည် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦးကို လွန်ခဲ့သောနှစ် နိုဝင်ဘာလက သတ်ဖြတ်ခဲ့ပြီး တပ်မတော်က ပြန်လည် နှိမ်နင်းသောအခါ ရိုဟင်ဂျာအမျိုးသမီးများကို မုဒိန်းကျင့်ခြင်း၊ ရွာသားများကို တွေ့လျှင် ပစ်သတ်ခြင်းနှင့် နေအိမ်များကို မီးရှို့ခြင်းတို့ကြောင့် လူ ၇၅၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးကြရသည်။

လုံခြုံရေး တပ်ဖွဲ့များသည် လူသားမျိုးနွယ် အပေါ် ကျုးလွန်သော ရာဇဝတ်မှု ကျူးလွန်ခဲ့ခြင်းနှင့် တူပြီး မျိုးတုန်း သတ်ဖြတ်နိုင်သည် ဟု ဖေဖော်ဝါရီလက ထုတ်ပြန်သော ကုလသမဂ္ဂ အစီရင်ခံစာ တစောင်က ဖော်ပြခဲ့သည်။ ထိုအချက်ကြောင့် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ ပေါ်ပေါက်လာပြီး ထိုအဖွဲ့ကို မြန်မာနိုင်ငံက ဝင်ခွင့်မပေးပေ။

တပ်မတော် ထောက်လှမ်းရေး အကြီးအကဲဟောင်းနှင့် လက်ရှိ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် အဖွဲ့ဝင် ၁၃ ဦးပါ မြန်မာနိုင်ငံ၏ စုံစမ်းစစ်ဆေးရေး အဖွဲ့ကိုလည်း ယုံကြည်လက်ခံနိုင်သော အစီရင်ခံစာ ထုတ်လုပ်နိုင်လောက်အောင် လွတ်လပ်မှု မရှိဟု ဆိုကာ လူ့အခွင့်အရေး စောင့်ကြည့်သူများက ပယ်ချခဲ့သည်။

ကုလသမဂ္ဂ၏ အစီရင်ခံစာသည် စွပ်စွဲချက်များကို ချဲ့ကား ပြောဆိုထားပြီး နိုင်ငံတကာ အသိုင်းအဝန်းကို နားလည်မှု လွဲစေသည် ဟု ထို ၈ လကြာ စုံစမ်းစစ်ဆေးမှု ပြီးဆုံးကြောင်း ကြေညာသည့် သတင်းစာရှင်းလင်းပွဲတွင် ဦးမြင့်ဆွေက ပြောသည်။

“ကုလသမဂ္ဂအစီရင်ခံစာက ပြောသလို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်နိုင်စရာ မရှိဘူး။ လူမျိုးတုန်း သတ်ဖြတ်မှု အထောက်အထားမှ မရှိဘူး” ဟု ဦးမြင့်ဆွေက ပြောသည်။“နိုင်ငံခြားက တချို့လူတွေက လုပ်ကြံသတင်းတွေ ဖန်တီးပြီး မျိုးတုန်းသတ်ဖြတ်မှုလို့ စွပ်စွဲနေကြတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ ဘာ အထောက်အထားမှ မတွေ့ဘူး” ဟုလည်း သူက ပြောသည်။

ကုလသမဂ္ဂ အစီရင်ခံစာသည် စစ်သွေးကြွများ ကျူးလွန်ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများကို ထည့်သွင်း စဉ်းစားခြင်း မရှိဘဲ လုံခြုံရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများကိုသာ အာရုံစိုက်နေသည် ဟုလည်း ထိုအဖွဲ့က ပြောသည်။

အဆိုပါ မှတ်ချက်နှင့် ပတ်သက်ပြီး ကုလသမဂ္ဂက လတ်တလောတုံ့ပြန်ပြောကြားခြင်း မရှိသေးပေ။

မြန်မာစုံစမ်းစစ်ဆေးရေး ကော်မရှင်သည် လုံခြုံရေးတပ်ဖွဲ့များ၏ သတ်ဖြတ်မှု၊ မုဒိန်းကျင့်မှု၊ မီးရှို့မှုနှင့် ညှဉ်းပန်းနှိပ်စက်မှု တိုင်ကြားမှု ၂၁ ခုကို ရွာသားများထံမှ ရရှိခဲ့သော်လည်း ၎င်းတို့၏ မှန်ကန်မှုကို အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။ ထိုအမှုများကို သက်ဆိုင်ရာ အာဏာပိုင်များထံ လွှဲပေးလိုက်သည် ဟုလည်း စုံစမ်းစစ်ဆေးရေး အဖွဲ့က ပြောသည်။

“သူတို့ လူ့အခွင့်အရေး ချိုးဖောက်ခံရတယ် ဆိုတဲ့ အထောက်အထားရှိရင် တရားရုံး တိုင်ကြားနိုင်အောင် ကျနော်တို့က တံခါးဖွင့်ပေးတယ်။ ဒါပေမယ့် ခုချိန်အထိတော့ ဘယ်သူမှ အမှု မဖွင့်သေးဘူး” ဟု စုံစမ်းစစ်ဆေးရေး အဖွဲ့ အတွင်းရေးမှူး ဦးဇော်မြင့်ဖေ က ပြောသည်။

အကြမ်းဖက် တိုက်ခိုက်မှုများ အတွက် ကော်မရှင်က စစ်သွေးကြွများကို အပြစ်တင်ပြီး ၎င်းတို့သည် မြန်မာနိုင်ငံ တည်ငြိမ်မှု ပျက်ပြားပြီး အခက်အခဲ ဖြစ်စေမည့် ပြည်ပအဖွဲ့အစည်းများနှင့် ပတ်သက်နေသည် ဟုလည်း စွပ်စွဲထားသည်။

စစ်အုပ်ချုပ်ရေး ဆယ်စုနှစ်များစွာ အလွန်တွင် ဒီမိုကရေးစီသို့ အကူးအပြောင်းတွင် တသန်းခန့်ရှိသော ရိုဟင်ဂျာ မွတ်စလင်များကို ဆက်ဆံသည့် ပုံစံသည် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတွင် အငြင်းပွားဖွယ် လူ့အခွင့်အရေး ပြဿနာ ဖြစ်နေသည်။

ထိုဒေသတွင် နေထိုင်သည်မှာ ရာစုနှစ် ရှည်ကြာပြီ ဟု ရိုဟင်ဂျာများက ပြောသော်လည်း ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ် အသိအမှတ် မပြုဘဲ ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသူများ အဖြစ်သာ သတ်မှတ်သည်။

(Reuters သတင်းတရပ်တွင် ဖော်ပြထားသည့် Myanmar rejects allegations of human rights abuses against Rohingya ကိုဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading